ကျန်းမာရေးအတွက်အထူးသင့်လျော်သည့်ဟင်းချက်နည်းများစုစည်းတင်ဆက်မှု

ကျန်းမာရေးကိုအားပေးပြီး ရောဂါတွေကိုလဲ ကာကွယ်နိုင်တာကြောင့် အထူးအသားပေးပြီး စားသင့်တဲ့ အစာတွေကတော့ ဟင်းသီးဟင်းရွက် မျိုးစုံ၊ ပဲမျိုးစုံ၊ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံများ၊ ငါးနဲ့ ဖိုင်ဘာတို့ ဖြစ်ပါတယ်။ မြန်မာဟင်းလျာတွေထဲမှာ ဒါတွေပါနေကျပါ။ ဒါပေမဲ့ လုံလောက်မှုရှိမရှိတော့ မပြောနိုင်ပါဘူး။ အထူးသဖြင့် မိုက်ခရိုနျူထရီးရန့် နဲ့ အင်တီအောက်ဆီဒင့်တွေ ဖူဖူလုံလုံရှိရဲ့လားဆိုတာက မသေချာပါဘူး။ ဒါကလဲ သိပ်အရေးကြီးနေတော့ ဒါတွေ ပါကိုပါရအောင် ဟင်းချက်ပြုတ်ရာမှာ စီမံသင့်ပါတယ်။


အသားဟင်းများမှာ ဟင်းသီးဟင်းရွက် ရောပေးပါ။ ဟင်းလဲပွားပြီး ကျန်းမာရေး အားပေးလဲဖြစ်ပါတယ်။ သုံးရိုးသုံးစဉ်ဖြစ်တဲ့ ကုလားပဲ၊ ဘူးသီး၊ ခရမ်းသီး၊ အာလူးအပြင် ဂေါ်ရခါသီး၊ ပဲလိပ်ပြာ၊ ထောပတ်ပဲ၊ ပဲနီလေး၊ အခြားပဲများ၊ ပိန်းဥ၊ ခါချက်ဥ၊ မုန်လာဥတို့ကို စမ်းသုံးကြည့်ပါ။

တောင်ပိုင်းအိန္ဒိယမှာ ဂဏန်းဟင်းမှာ ဒန့်ဒလွန်ရွက်အုပ်တတ်တယ်။ မဆလာသုံးတဲ့ ငါးဟင်းအားလုံးမှာလဲ ဒီလို ရောနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်ဟာ အစိမ်းရင့်ရောင်ဖြစ်တာမို့ ဗီတာမင်အေ၊ စီနဲ့ အင်တီအောက်ဆီဒင့် တွေအများ အစားပါပါတယ်။ အာနိသင်ကြီးမားတဲ့ ကျန်းမာရေးအားပေးအစာဖြစ်တယ်။ အခြားဟင်းလျာတွေမှာလဲ စမ်းပြီး သုံးသင့်ပါတယ်။ ဒန့်ဒလွန်ရွက်ကို ပဲနီလေး၊ ကုလားပဲ၊ ပဲထောပတ် စတဲ့ ပြုတ်ပြီးသားပဲတွေနဲ့ ရောပြီး ကြော်နိုင်ပါ သေးတယ်။ ပဲအရည်သောက်ဟင်းတွေမှာလဲ ဆူးပုပ်ရွက်ခတ်သလို ခတ်နိုင်ပါတယ်။ အပွင့်နဲ့ရွက်နုတွေကို ပြုတ်ပြီး မိုးကျလက်ဖက်သုပ်မျိုး သုပ်စားနိုင်ပါတယ်။

ဆူးပုပ်ရွက်ကိုလဲ ဒန့်ဒလွန်ရွက်သုံးနည်းကား သုံးနိုင်ပါတယ်။ ဆူးပုပ်ရွက်အညွန့်ကလေးကို ငါးဟင်းအားလုံးမှာ ငရုတ်သီးစိမ်း နံနံပင် အုပ်သလိုအုပ်နိုင်ပါတယ်။ အညှီပြေပြီး ကျန်းမာရေးကောင်းကျိုးလဲပြုမယ်။ အခြားဟင်းတွေမှာလဲ သုံးကြည့်ကြပါ။ အလွန်တန်ခိုးရှိတဲ့ အရွက်မို့ စဉ်းစားရလျှင်ရသလို ကြံဖန်သုံးရမှာပါ။ တချို့ကရွှေဖရုံသီးဟင်းမှာ ထည့်တာတွေ့ဘူးတယ်။ အခြားနေရာတွေမှာလဲ ထွင်ပြီးသုံးနိုင်သေးတယ် ထင်ပါတယ်။ စားနေကျ ကြက်ဥ ဘဲဥနဲ့ကြော်၊ ကြော်စား၊ ချက်စား ပဲကြီးနဲ့ အခြားပဲဟင်းတွေမှာမှာ မီးအုံမီးမြိုှက် ရေနွေးဖျောပြီး အတို့အမြှုပ်အဖြစ်သုံးတဲ့အပြင် သုပ်စားလို့လဲ ရပါတယ်။ ဆူးပုပ်ရွက်ကို ရေနွေးဖျော၊ ကြက်သွန်နီ ဂေါ်ဖီနဲ့ ရောပြီး ပုဇွန်ခြောက် ဆီချက် သံပရာသီးနဲ့ မြင်းခွာရွက်သုပ်သလို သုပ်ပါ။ ပဲမှုန့်ထည့်ချင်ရင် ထည့်နိုင်ပါတယ်။ မဟုတ်ရင်လဲ လက်ဖက်သုပ်မှာ (သင်္ဘောရွက် ထည့်သလို) ထည့်စားပါ၊ စမ်းကြည့်ကြပါ။ ခံတွင်းတွေ့မှာပါ။

အမွှေးအကြိုင်အတွက်သုံးတာတွေ အားလုံးလိုလိုဟာ ကောင်းကြတာပဲ။ ဒီတော့ ဒါတွေကို အလေးထားသုံးကြရလိမ့်မယ်။ ထည့်နေကျတွေမှာ ပိုပိုမိုမိုသုံးပြီး မထည့်တတ်သေးပေမယ့် ကောင်းမယ်ထင်တဲ့နေရာတွေမှာ သုံးပေးပါ။ အနံ့အသက်အတွက်ထည့်တဲ့ အမွှေးအကြိုင်တွေပဲဆိုပြီး မစားဘဲဖယ်မပစ်ပါနဲ့ စားဖြစ်အောင်စားပေးပါ။ တကယ်လို့ အရသာ မကြိုက်ဘူးဆိုရင် မျိုသာချလိုက်ပါ။ ခပ်စိမ်းစိမ်းစားရတာတွေက ပိုထိရောက်ပါတယ်။ မချက်ရသေးတာဆိုတော့ ဒါတွေမှာ ပါတဲ့ ဗီတာမင်စီ အပြည့်အဝရမယ်။ ငရုတ်သီးစိမ်းကလဲ ကောင်းပါတယ်။ စပ်တာကြောင့် အများအစား မသုံးနိုင်တောင် ဟိုနည်းနည်း ဒီနည်းနည်းထည့်နိုင်ရင်လဲ မဆိုးပါဘူး။

ဇီးဖြူသီး၊ ချဉ်ပေါင်သီးမှည့်ထောင်း စတာတွေဟာလဲ ကျန်းမာရေးဘက်က ကြည့်ပြောရရင် တကယ့် အဖိုးတန်တွေပဲ။ ဇီးဖြူသီးမှာပါတဲ့ ဗီတာမင်စီကိုပဲ ကြည့်ပါအုံးတော့။ ဇီးဖြူသီးထောင်းရင် အစိမ်းကိုပဲ သုံးပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း မြေပဲဆံနဲ့ထောင်းရင် ဒီအထောင်းမှာပါတဲ့ အင်တီအောက်ဆီဒင့်တွေကတော့ တပုံတပင်ပဲလို့ ဆိုရတော့မယ်။ ဒါကြောင့် နည်းနည်းလေးစားရင်တောင် တာသွားပါတယ်။ ဒီလိုပဲ ချဉ်ပေါင်သီးမှည့် (အနီ) ကိုလဲ သုံးနိုင်ပါတယ်။ တူညီတဲ့ကောင်းကျိုးမျိုး ရနိုင်ပါတယ်။ မရမ်းသီးထောင်းကိုလဲ ဒီလိုပဲ သဘောထားရမယ်။ ကြိုက်လျှင်မျှဉ်ငါးပိ၊ ပုဇွန်ခြောက်တို့ ထည့်နိုင်ပေမယ့် မြေပဲဆံလောက် အဟာရ အာနိသင် မရှိဘူး။ အငန်လဲ ပိုသွားမှာ စိုးရတယ်။

ခါဂျက်ဥ (ဥဝါ) ဆိုတာက ကောင်းကျိုးမျိုးစုံ၊ အထူးသဖြင့် အစွမ်းထက်လှတဲ့ အင်တီအောက်ဆီဒင့် ဘီတာကယ်ရော်တင်း ပါတာကြောင့် ကျန်းမာရေးအဟာရ ပညာရှင်တွေက အစားအစာတွေထဲမှာ ထိပ်တန်းတင်ထားတဲ့ ဟီးရိုးတစ်ပါး ဖြစ်တယ်။ ဒါကို အသားအချိုချက်မှာရောလို့ အင်မတန်ကောင်းပါတယ်။ အစိမ်းကြော်မှာထည့်၊ ဆယ့်နှစ်မျိုးဟင်းချိုလိုမျိုးမှာထည့်၊ သီးစုံဟင်းမှာထည့်တဲ့အပြင် ခြစ်ပြီး သင်္ဘောသီး သုပ်သလို သုပ်စား၊ ရှာလကာရည်နဲ့ အချဉ်တယ်စား လုပ်နိုင်ပါသေးတယ်။ အာလူးလိုအသားဟင်းတွေမှာ ရောနိုင်ပါတယ်။ အရည်ညှစ်စက်ရှိသူများ အရည်(ဂျုစ်) လုပ်ပြီးသောက်လျှင် အထူးကောင်းကျိုးပေးနိုင်ပါတယ်။ ကြိုက်ရင်လတ်လတ်ဆတ်ဆတ် ဂျင်းနုနည်းနည်းလောက်ထည့်ကြည့်ပါ။ အနံ့အရသာတစ်မျိုးထူးပါတယ်။ ဒီလိုပဲ တရုတ်နံနံကိုလဲ ထည့်နိုင်ပါတယ်။ ချက်ရင်လဲ ဘီတာကယ်ရော်တင်းကတော့ အာနိသင်မပြယ်ဘူး။

ပဲမျိုးစုံကတော့ မြန်မာတွေနေ့တိုင်းလိုလို ရေရေလည်လည် သုံးပေးရမယ့်အစာဖြစ်တယ်။ သူတမယ်ထဲ ခါတိုင်းလို ချက်တဲ့အပြင် အသားတွင်မကသေးဘူး ဟင်းသီးဟင်းရွက်တွေနဲ့လဲ ရောနိုင်ပါသေးတယ်။ ကုလားပဲ၊ ပဲနီလေး၊ ပဲဝါလေး၊ ပဲထောပတ်၊ ပဲလိပ်ပြာ စတာတို့ကို ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ ဟင်းနုနွယ်ရွက်နဲ့ ရောကြော်ပါ။ သက်သတ်လွတ်ဟင်းလဲဖြစ်ပြီး အရသာလဲ ကောင်းပါတယ်။ အာဟာရအာနိသင် ပေါင်းစုံပါတာမို့ ကျန်းမာရေးအတွက် အားထားရတဲ့ဟင်းဖြစ်မယ်။ နောက်ဥပမာတခုက ပဲထောပတ်ကို အိုးကပ်ချက်သလိုချက်ပြီး ပုဇွန်ဖြစ်ဖြစ် ဘော့ချိတ်ပဲဖြစ်ဖြစ် ဆတူလောက်ရောချက်ကြည့်ပါ။ စားလို့လဲကောင်း အဟာရတန်ဖိုး အပြည့်ပါတဲ့ ဟင်းတမယ်ဖြစ်မယ်။ အသားဟင်းတွေလောက်လဲ စရိတ်အကုန်အကျမများပဲနဲ့ အသားဓာတ် အပြည့်အဝပါဝင်ပါတယ်။

နောက် ဟီးရိုးတစ်ပါးဖြစ်တဲ့ ပဲပြားကို မြန်မာနည်း၊ တရုတ်နည်း၊ ကုလားနည်း ချက်နည်းမျိုးစုံနဲ့ စမ်းချက်ပြီး တစ်ပတ်မှာ အနည်းဆုံး ၂၊ ၃ ခါလောက် စားပေးပါ။ အထက်ကဖော်ပြခဲ့တဲ့ ပဲများကို သုံးသလို အသားနဲ့ရော၊ ဟင်းသီးဟင်းရွက်နဲ့ပါ ရောလို့ရပါတယ်။

ခရမ်းချဉ်သီးကတော့ အင်မတန်မှ စားထိုက်လွန်းလို့ ရှာဖွေကြံဆပြီး သူ့ကိုနေ့တိုင်းလိုလို စားသုံးပေးပါ။

အပင်ပေါက်တွေဖြစ်တဲ့ ပဲတီပင်၊ မြေပဲပေါက် ဒါတွေဟာလဲ သိပ်စားဖို့ကောင်းတာတွေပါ။ အဓိက ကောင်းကျိုး ပြုတာကတော့ ဗီတာမင်အီးဖြစ်တယ်။ ဖိုင်ဘာနဲ့ အခြားအင်တီအောက်ဆီဒင့်များလဲ ရနိုင်ပါသေးတယ်။
အတို့အမြှုပ်များ၊ ဒါတွေကတော့ မြန်မာတွေရဲ့ အစားအစားထဲမှာ ဟက်ဟက်ပက်ပက် အားပေးခံရတဲ့ အစာတစ်မျိုးဖြစ်တယ်။ အမျိုးအမည်စုံလွန်းလို့ အလွန်တန်ဖိုးရှိပါတယ်။ အစိမ်းစားရတာတွေပါလို့ ဗီတာမင်တို့ သတ္တုဓာတ် စတာတွေ လျော့မကုန်ဘူး။ ဒါပေမဲ့ သန့်ရှင်းရေးကိုတော့ အထူးအလေးပေးရလိမ့်မယ်၊ အစိမ်းစားရတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဝမ်းရောဂါပိုးပါနိုင်တယ်။ ဒီတော့ သေသေချာချာ ဆေးရလိမ့်မယ်။ ဒါတောင် စင်ချင်မှစင်မှာ။ စင်အောင်ဆေးပါ။ ဒါတောင် လုံလောက်ချင်မှ လုံလောက်မှာ။

ဖိုင်ဘာဟာ အခုခေတ်ရောဂါကာကွယ်ရေးမှာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ တင်ပြပြီးခဲ့ပါပြီ။ အခုခေတ် လူတွေသေစေတဲ့ရောဂါတွေ ပေါများလာတာကို ဖိုင်ဘာ လျှော့စားလာတာက အကြောင်းရင်းတခုဖြစ်တယ်။ အထက်မှာဖော်ပြခဲ့သလို ဟင်းသီးဟင်းရွက်တွေ များများစားပေးမယ်ဆိုရင် ဖိုင်ဘာ ဖူလုံမှာပါ။ ဖိုင်ဘာ နှစ်မျိုး ရှိတဲ့အနက် ပျော်ဝင်ဖိုင်ဘာ စားပေးဖို့ကိုလဲ မမေ့သင့်ဘူး။ ဒီဖိုင်ဘာမျိုးက အစေ့များတဲ့အသီးတွေနဲ့ ချွဲစေးတာတွေမှာပါတယ်။ ဒါကြောင့် ခရမ်းသီးမျိုးစုံ၊ ရုံးပတီသီး၊ ချဉ်ပေါင်သီး စတာတွေကို တခါတလေ စားပေးထိုက်တယ်။ အတို့အမြှုပ်ထဲမှာ ပါအောင် ထည့်လို့ရပါတယ်။ သစ်သီးထဲကလဲ အစေ့များတဲ့ မာလကာသီး၊ စတော်ဘယ်ရီသီး ပင်မှည့်သီးတွေမှာ ပေါပေါများများပါတာမို့ ပျော်ဝင်ဖိုင်ဘာများတယ်။
အရေးကြီးတာတွေ ရှိပါသေးတယ်။ ဒါတွေကတော့ ကောင်းတဲ့ဆီ (ပဲဆီ) ကိုသာ သုံးဖို့၊ ဆီကြော်တွေ မစားဖို့၊ ထောပတ် မာဂျရင်းတွေ မသုံးဖို့၊ အငန်လျှော့ဖို့၊ မဝစေအောင် ကိုယ်အလေးချိန်ကို ထိန်းထားဖို့ဆိုတာတွေပဲ။ ဟင်းစီစဉ်ရာမှာ ဟင်းချက်ရာမှာ ဒီအကြောင်းအရာတွေကို သတိဖြစ်စေပြီး အမြဲတမ်း ဆင်ဆင်ခြင်ခြင်လုပ်ဖို့လိုပါတယ်။

နောက်သတိထားပြီး လျှော့စားရမှာကတော့ ဆား (အငန်ဓာတ်) ပဲ။ မြန်မာ့ပင်တိုင်စာဖြစ်တဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုဇွန်ခြောက် ဆိုတာတွေက ဆားကဲတဲ့ ပစ္စည်းတွေပါ။ ဒီတော့ ငါးပိရည်၊ ငံပြာရည်ကို လျှော့ရလိမ့်မယ်။ အစားထိုးရ လိမ့်မယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးထောင်း (ပန်ထွေဖျော်) ပဲ။ ပုံးရည်ကြီး နှမ်းဖတ်ချဉ် တို့ကိုလဲ သုံးနိုင်ပါတယ်။ (မှတ်ချက် - နှမ်းဖတ်ချဉ်မှာ အသည်းကင်ဆာအားပေး အဆိပ်အတောက်တမျိုးပါတယ်လို့ဆိုတယ်)

တက်နိုင်သလောက် အပြင်မှာ မစားပါနဲ့၊ အပြင်စာမှာ စိတ်မချရတာတွေက ဆီ (အများသုံးတာက မသင့်လျော်တဲ့ဆီ ဖြစ်တယ်)၊ အငန် (ပိုတတ်တယ်၊ မဟုတ်ရင်လဲ ဟင်းချိုမှုန့်တွေသုံးတာမို့ ဆိုဒီယံကတော့ များမှာပဲ)၊ တာရှည်ခံပစ္စည်း (ပါတတ်တယ်)၊ ပစ္စည်းလတ်ဆတ်မှုနဲ့ အရေးကြီးဆုံးဖြစ်တဲ့ သန့်ရှင်းရေးကိစ္စတို့ဖြစ်တယ်။ ဒီလိုပဲ တူးစာတွေကိုလဲ အားမပေးပါနဲ့။ အထက်က အပြင်စာအတွက် ပြောထားတဲ့ အကြောင်းပြချက်တွေဟာ ဒီမှာလဲ အကျုံးဝင်တာပဲ။ ဟင်းချက်တဲ့အခါမှာ သတိထားစရာ အတိုအထွာတွေကို တင်ပြပါအုံးမယ်။ ဆီများများမသုံးပါနဲ့။ ဆီပြန်ဟင်းကို ခဏခဏမချက်ပါနဲ့။ ချက်ရင်လဲ ဆီ မများပါစေနဲ့။ အများသော မြန်မာထမင်းဆိုင်တွေက ဟင်းကတော့ ဆီမတရား များလွန်းပါတယ်။ သားငါးတွေက ဆီထဲမှာနစ်နေတာ။ ဒါမျိုးတွေဘယ်တော့မှ မစားပါနဲ့။ မတတ်သာတဲ့ အခြေအနေမှာ ဆိုရင် ဆီကိုစစ်ပြီး အသားတုံးကိုပဲ စားပါ။ ရေချိုချက်၊ ဆီကျန်ရေကျန်ဟင်းမျိုးကိုသာ ချက်ပါ။ ဆီနည်းနည်းပဲလိုတဲ့ ဆီလုံးလုံးမပါတဲ့ ချက်နည်းမျိုးကို အားပေးပါ။ ဖုတ်၊ ကင်၊ နှပ်၊ ပေါင်းတွေဟာ ဒီအမျိုးအစားထဲ ပါလိမ့်မယ်။

ဆီကြော်ရတာတွေကို ရှောင်ပါ။ ဆီကြော်တွေကို မစားပါနဲ့။ ဆီကြော်ဖို့လိုရင်လဲ ဆီက ပူခြစ်နေပြီး အငွေ့တွေ အကြာချည်း တက်နေတဲ့အထိ မထားပါနဲ့၊ အန္တရာယ်များပါတယ်။ အငွေ့တက်စ၊ မတက်ခင်လောက်အထိပဲထားပါ။
ဆီနည်းနည်းပဲသုံးရပြီး ဆီကို အပူပေးစရာမလိုတဲ့ ချက်နည်းတွေလဲ ရှိပါတယ်။ ဥပမာ ချဉ်ရည်ဟင်းဆိုပါတော့ ဒီဟင်းဟာ မြန်မာတွေအကြိုက်များ အသုံးများတဲ့ဟင်းပါ။ ဒီလိုဟင်းမျိုး ထိုင်းမှာလဲရှိတယ်။ ယိုးဒယားချက်နည်းကို သုံးရင် ဆီသုံးစရာ မလိုဘူး။ ဒီလိုပဲ ဖိလစ်ပိုင်မှာလဲ ချက်ကြပါတယ်။ မြန်မာမှာသာ ဆီပေါလွန်းလို့ ဆီကို တအားသုံး နေကြဟန်တူပါတယ်။ သူတို့နည်းက ရေကို ဆူအောင် တည်ထားပြီး လှီးပြီး စင်ထားတဲ့ ကြက်သွန်နီ၊ ဖြူ၊ ငါးပိ၊ ငံပြာရည်ထည့်ပြီး ဆက်ကျိုတယ်။ ကြက်သွန်တွေ ကျက်နူးလာတဲ့အထိ တော်တော်ကြာကြာထားရတယ်။ ပြီးမှ သုံးမယ့် ဟင်းသီး ဟင်းရွက်တွေကို ထည့်တယ်။ ဒါတွေ မနူးတနူးမှာ မန်ကျည်းရည်ထည့်ပြီး နောက်ဆုံးမှ ဟင်းခတ် ငါးပုဇွန်ကိုထည့်တာ။ ဆီမပါရင် မဖြစ်ဘူးဆိုတဲ့ မြန်မာတွေအတွက်တော့ ငါးပိ၊ ငံပြာရည် ထည့်ချိန်မှာ ဆီနည်းနည်းထည့်နိုင်ပါတယ်။ ဆက်ပြီးကျိုရတာက အချိန်တော်တော်ရှိတော့ ဆီစိမ်း စော် မနံပါဘူး။ ဆီသတ်တာမဟုတ်တော့ ဆီက အပူပေး မခံရတာကြောင့် အန္တရာယ် နည်းသွားတယ်။ Nonstick pan လို့ခေါ်တဲ့ အိုးမကပ်အောင် အမည်းသုတ်ထားတဲ့ အိုးတွေ သုံးရင် ဆီကုန်သက်သာတယ်။ ထိုင်းအစားအသောက်ဟာ မြန်မာ့အစာနဲ့စာလျှင် ဆီအများကြီး နည်းပါတယ်။ ဒါကို အတုယူရမယ်။

တရုတ်အစာလဲ ဆီနည်းတာပဲ။ မြန်မာ့အစာက တရုတ်၊ ထိုင်းအစာတွေနဲ့ ဆင်တာတွေ (အထူးသဖြင့် တနင်္သာရီ ချက်နည်းတွေမှာ) ရှိပေမယ့် အိန္ဒိယနဲ့အဆက်အသွယ်ရဲ့ အရှိန်ကြောင့်ထင်ပါရဲ့ ဆီကျတော့များတယ်။ ဟင်းချက်နည်း တွေဟာ ဒေသန္တရထွက်ပစ္စည်းတွေမှာ တည်တယ်မဟုတ်လား။ ဒီတော့ ဆီအထွက်ကောင်းတဲ့မြန်မာမှာ ဆီပိုသုံးကြတော့တယ်။ အခုလဲ မြန်မာချက်နည်းတွေမှာ သကြားထည့်တဲ့အကျင့်တိုးဝင်နေပါပြီ။ တီဗွီက ချက်နည်း အစီအစဉ်မှာဆို ဟင်းအများစုမှာ သကြားပါနေတာပဲ။ ဒါကိုတော့ အားမပေးပါနဲ့။ တကယ်တော့ အရှေ့တောင်အာရှ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေရဲ့အစာနဲ့ ယှဉ်လိုက်ရင် မြန်မာ့အစာဟာ ဆီစားအများဆုံးပဲ။ ဒီတော့ ဆီစားလျှော့ဖို့ ကောင်းလှပါပြီ။

ဟင်းသီးဟင်းရွက်စားတယ်ဆိုရာမှာ အမျိုးအမည်စုံစုံစားဖို့ အရောင်စုံစားဖို့လဲ လိုပါတယ်။ ဒါမှသာ ကျန်းမာရေး အကျိုးပြုပြီး ရောဂါတွေကို ကာကွယ်နိုင်တဲ့ ဗီတာမင်၊ မိုင်ခရိုနျူးထရီရင့်၊ အင်တီအောက်ဆီဒင့်တွေ စုံစုံလင်လင်ပါမှာ။ ဒါကြောင့် ဟင်းသီးဟင်းရွက်စုံပါတတ်တဲ့ အောက်ပါ ဟင်းမျိုးတို့ကို မကြာခဏစားပေးပါ။ ဥပမာအသုပ်များမှာ သုပ်မယ့်ဟင်းရွက်အပြင် အပိုဆောင်းဖြစ်တဲ့ ကြက်သွန်မိတ်၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နှမ်း၊ မြေပဲဆံတွေကို လှိုင်လှိုင်သုံးပေးပါ။ နံနံပင်မရတဲ့၊ ရှားတဲ့အခါ မြင်းခွာရွက်ကို အစားထိုး သုံးနိုင်ပါတယ်။ မြင်းခွာရွက် ပေါ်တဲ့ရာသီမှာတော့ သူ့ကိုသုံးနိုင်သလောက်သုံးပေးပါ။ နံနံပင်သုံးတဲ့နေရာမှာ သူ့ကိုထပ်ထည့်နိုင်ပါတယ်။ ဥပမာ ရှောက်သီးသုပ်၊ ငါးဖယ်သုပ်။

သနပ်စုံမှာ မြေပဲ၊ နှမ်းများများသုံးပြီး၊ ဆီ၊ ဆားလျှော့ပါ။ အစေ့အဆံများဟာ ကျန်းမာရေးအတွက် သိပ်အရေးကြီးတာမို့ များများစားရပါမယ်။ ဒီမှာလွယ်တဲ့ မြေပဲကို သုံးနိုင်ပါတယ်။ အခြားသီဟိုဠ်ဆံ၊ သစ်ကြားသီးစတာတွေလဲ အလျဉ်း သင့်သလို သုံးလို့ရပါတယ်။

ဟင်းချို၊ ချဉ်ရည်ဟင်းတွေမှာ ဟင်းသီးဟင်းရွက်တမယ်ထဲ မသုံးဘဲ လိုက်ဖက်မယ့် ဟင်းသီးဟင်းရွက် နောက်တမျိုး နှစ်မျိုးလောက်ထည့်ပါ။ နံနံပင်၊ ကြက်သွန်မြိတ်ကို လိုမယ့်နေရာတိုင်းမှာ ထည့်ပါ။ ဒါတွေကိုလဲ ဟင်းနည်းနည်း အေးမှ ထည့်ပါ။ ပါတဲ့ကောင်းကျိုးပြုဓာတ်တွေ မပျက်စီးသွားအောင်ပါ။
အစိမ်းကြော်မှာ ဟင်းရွက်စုံအောင်ထည့်ပါ။ ဥဝါ (ခါဂျက်ဥ) ကို တွင်တွင် သုံးပေးပါ။ ဆဲလက်ဒ်လို့ခေါ်တဲ့ အနောက်တိုင်း အသီးအရွက်သုပ်ဟာလဲ အလွန်စားထိုက်တဲ့အစာပါ။ ခရမ်းချဉ်သီး၊ သခွားသီး၊ ဆလတ်ရွက်ကို သုံးတတ်တယ်။ အခြား အသီးအရွက်တွေလဲ ထည့်နိုင်ပါတယ်။ ဥပမာ ထောပတ်သီး (အထူးကြိုးစားပြီး သုံးရမယ့်အသီး)၊ နာနတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ရေမုန်ညင်း စတာတို့ဖြစ်တယ်။ သုပ်စရာအတွက် အရည် (Dressing) ကတော့ ဆီ (ပဲဆီ၊ နှမ်းဆီ ကြိုက်ရာ) ဆားနည်းနည်း၊ ရှာလကာရည်၊ သံပရာရည် ငရုတ်ကောင်းမှုန့် (ကြိုက်ရင်ထောင်းပြီး ကြက်သွန်ဖြူ အနည်းငယ်) တို့ကို ရောပြီးမွှေ၊ ပိုကောင်းတာက ပုလင်းငယ်ထဲထည့်ပြီး နာနာလှုပ်ပေး၊ စားခါနီးမှာ အသီးအရွက်တွေ အပေါ်လောင်းပြီး သာသာကလေးရောပေးရတယ်။ ဆောင်းတွင်းလို အေးတဲ့အခါမှာ အသီးအရွက်တွေက လတ်လတ် ဆတ်ဆတ် ကြွပ်ကြွပ်ရွရွဆိုတော့ အလွန်စားလို့ ကောင်းပါတယ်။ ကျန်းမာရေးအားပေးအစာလဲ ဖြစ်တယ်။ ခေါက်ဆွဲကြော်၊ ထမင်းကြော် စတာတွေနဲ့ တွဲစားရတဲ့ အချဉ်တွေဟာလဲ အသီးအရွက်နဲ့ သံပရာရည်ပါမယ်ဆိုရင် စားသင့်တဲ့အစာတွေပဲ။ ပေးနေကျ ကြက်သွန်နီ၊ နံနံပင်၊ ပူဒီနာ စတာတွေ အပြင် အပြောင်းအလဲလဲဖြစ် ဖွယ်ဖွယ်ရာရာလဲ ဖြစ်အောင် လုပ်နိုင်တာတွေ ရှိပါသေးတယ်။ ဥပမာ ခါဂျက်၊ မုန်လာဥတို့ကို အချဉ် (ရှာလကာရှည်) လောင်းပြီး ၂၊ ၃ နာရီထား၊ စားခါနီး ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်ဖြူးပြီး စားနိုင်ပါတယ်။ ထမင်းဟင်းမစားနိုင်ပဲ ခေါက်ဆွဲ။ ကြာဆံကြော် စတာတွေနဲ့ပဲ တစ်နပ်ပြီးလိုက်ရတဲ့အခါမှာ ဟင်းသီးဟင်းရွက် ဖြည့်တင်းရေးအတွက် ဒါတွေကို သုံးကို သုံးရမှာပါ။ ဒီမှာ ပဲပြားအချဉ်ကိုလဲ သုံးနိုင်ပါတယ်။ ပဲပြားကို အခြားဟင်းသီးဟင်းရွက်တွေနဲ့ ရောနိုင်တဲ့နေရာ အားလုံးမှာ ရောကြည့်ပါ။ ဘယ်ဟင်းပဲဖြစ်ဖြစ် ပဲပြားပါရင် အဟာရတန်ဖိုးတက်သွားတာမို့ များများစားစား စားပေးရမယ့်အစာဖြစ်တယ်။

တဆက်ထဲ တင်ပြချင်တာကတော့ ဟင်းချက်ရာမှာ သတိထားစရာအတိုအထွာတွေပဲ။ တို့စရာ စတာတွေနဲ့ အခြား သုံးစရာအတွက် ဟင်းရွက်ကို ပြုတ်ရရင်ပြုတ်တဲ့အရည်ကို ပြန်သုံးပါ။ သွန်မပစ်ပါနဲ့။ ဟင်းချို ချဉ်ရည်ဟင်းမှာ သုံးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက် အထူးသဖြင့် ဆူးပုပ်ရွက်၊ ကင်းပုံရွက်တို့လို အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေကို အကြာကြီး ချက်တာ ပြုတ်တာ မလုပ်ပါနဲ့၊ ပါတဲ့ ကောင်းတဲ့အာနိသင် အထူးသဖြင့် ဗီတာမင်စီ ပြယ်သွားမှာ စိုးရတယ်။ ဆားပေါ့ပေါ့ အမြဲချက်ပါ။ ဆားပိုစားလိုသူတွေအတွက် စားပွဲရောက်မှ ထပ်ထည့်ပါ။ ဆားပေါ့စားရတဲ့သူရှိလျှင် ဆားမပါ (သို့) အပေါ့ဆုံးချက်ပြီး ဆားပေါ့စား သူအတွက် ဖယ်ထားခတ်ထားပြီးမှ ဆားလိုသလို ထပ်ထည့်ပါ။ ဆေးဆိုးထားတာအားလုံးကို ရှောင်ပါ။ (ပုဇွန်ချဉ်၊ မျှစ်၊ နှမ်းဖတ်ချဉ် စတာများ) ဆီကိုချက်ရတဲ့အခါမှာ ဒယ်အိုးပေါ်က စီးပြီးမနေပါနဲ့၊ တက်လာတဲ့ဆီငွေ့တွေကို မရှူဖြစ်အောင် သတိထားပါ။ ဒီဆီငွေ့တွေဟာ ကင်ဆာအားပေးဖြစ်တယ်။ ကြော်ပြီးကျန်တဲ့ဆီကို ပြန်မသုံးပါနဲ့။

အကြာကြီး ကြော်ရတဲ့အခါမျိုးှမှာ ကြားအချိန်မှာ ဒယ်အိုးကို ရေနဲ့ကျင်းပြီးအေးအောင် ခဏထားပြီးမှ ဆက်ကြော်ပါ။
ဆီသိုလှောင်ထားတဲ့ ဆီပုံး၊ ပုလင်းတွေကို အလင်းရောင်အားများတဲ့ နေရာတွေမှာ မထားပါနဲ့။ ခပ်မှောင်မှောင်နေရာမှာ ထားပါ။ ဆီမှာ ရေအရောနှောမပါပါစေနဲ့။ ရေပါရင် ဆီကမြန်မြန်ပျက်ပြီး မကောင်းတဲ့အာနိသင်တွေ ဖြစ်လာတတ်တယ်။ ဒီလိုပဲ ဆီချေးစော်နံတဲ့ဆီဟာလဲ ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူး။ ဆီသတ်တာတို့ အသားငါး ကြော်၊ ချက်တဲ့အခါမှာ ဆီကို အငွေ့တွေ အကြာကြီးတက်တဲ့အထိ မထားပါနဲ့၊ ဆီကျက်ကျက်ချင်း ထည့်ကြော်လိုက်ပါ။ အစိမ်းစားတဲ့ သီးရွက် တွေကို ရေများများနဲ့ အထပ်ထပ်ဆေးပါ။

အသုပ်စတာတို့လို နယ်ရမယ့်အခါမျိုးမှာ (ပလတ်စတစ်) လက်အိတ်ကို သုံးပါ။ သုံးပြီး လွှင့်ပစ်နိုင်ရင် အကောင်းဆုံးပဲ။ မဖြစ်လို့ ပြန်သုံးရမယ်ဆိုရင်တော့ ဆေးပြီးမှသိမ်းပါ။ နောက်တစ်ခါ ပြန်သုံးခါနီးမှာ အိတ်ကိုလက်မှာစွပ်ထားပြီး ဆပ်ပြာနဲ့ ထပ်ဆေးပါ။
ဟင်းတွေကို အခါခါမနွှေးပါနဲ့၊ ကင်ပွန်းချဉ်ရွက်၊ ကင်းပုံရွက်၊ ဆူးပုပ်ရွက် တို့ဆိုရင် စားခါနီးမှသာထည့်ပါ။ အခါခါနွှေးတော့ တန်ဖိုးရှိတဲ့ဓာတ်တွေပြယ်သွားနိုင်ပါတယ်။ (အထူးသဖြင့် အရေးကြီးလှတဲ့ ဗီတာမင်စီ)၊ ဒါ့ပြင် မီးလဲကုန် အချိန်လဲ ကုန်ပါတယ်။ ယင်ကောင်မနားစေအောင် အထူးဂရုစိုက်ပါ။ အစားအသောက်ကို အမြဲအုပ်ထားပါ။ ဟင်းချက်ပြုတ် ပြင်ဆင်ရာမှာ ဒီအချက်တွေကို အလေ့အကျင့်လုပ်ပြီး မှတ်သားထားမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်ကြမှာ သေချာပါတယ်။

? ( BaWa101 )

Credit: ဒေါက်တာမြင့်မြင့်ခင်
Photo Credit: The Manhattan FISH MARKET Myanmar

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။