ကိုယ့်စိတ်နဲ့ထပ်တူ လူတိုင်းကိုကောင်းမယ်လို့မျှော်လင့်မိတဲ့အခါ…….

တခါတလေကျရင် ကျွန်တော်တို့တွေအားလုံးဟာ ကိုယ်ချစ်တဲ့လူတွေ၊ ကိုယ်ခင်မင်တဲ့လူတွေ၊ ကိုယ်ယုံကြည်ရတဲ့လူတွေကို ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ အများကြီးမျှော်လင့်မိတတ်ကြပါတယ်။ မျှော်လင့်တယ်ဆိုတဲ့နေရာမှာ (၂) မျိုးရှိပါတယ်။


(ဒီနေရာမှာ နောင်တစ်နှစ်အတွင်း ကိုယ်ကဘာဖြစ်ရမယ်၊ ဘယ်ရာထူးရောက်ရမယ်၊ ဘယ်ပညာကိုတတ်ရမယ်ဆိုတာမျိုးက မျှော်လင့်ချက်တစ်မျိုးပေမယ့် ရည်မှန်းချက်နဲ့အလားတူတာကြောင့် နာကျင်ရတတ်ပေမယ့် ပိုပြီးကြိုးစားရှင်သန်ချင်စိတ်ကိုအားပေးစေပါတယ်။ အဲဒါက Hope လို့ပြောနိုင်ပါတယ်နော်)
ခုပြောချင်တာကတော့ ကိုယ်ကလူတစ်ဖက်သားအပေါ် အကောင်းဆုံးနေထိုင်ပြုမူကူညီပေးလိုက်ပေမယ့် ကိုယ်မျှော်လင့်သလို ကိုယ့်အပေါ် ပြန်မကောင်းဘဲ နောက်ကျောဓားနဲ့အထိုးခံလိုက်ရတာမျိုးပါ။ တနည်းအားဖြင့် expectation ပါ။ ကိုယ့်အတွက်မျှော်လင့်မိတာမျိုး နဲ့ သူ့အတွက်မျှော်လင့်မိတာမျိုးပေါ့။ လူဆိုတာအတ္တသမားကြီးပဲမို့ အခြားတစ်ယောက်ကိုမျှော်လင့်မိတဲ့အခါမှာ များသောအားဖြင့် ကိုယ့်အပေါ်ပြန်ကောင်းမလား၊ ကိုယ့်အပေါ် ပြန်ပြီး နားလည်မလား၊ ကိုယ့်အပေါ်ပြန်ချစ်မလား စသဖြင့် ကိုယ့်အတွက်မျှော်လင့်မိတာမျိုးပါ။ သူတို့အတွက်မျှော်လင့်မိတာမျိုးကတော့ များသောအားဖြင့် မိဘက သားသမီးအပေါ်ထားတဲ့မျှော်လင့်ချက်နဲ့တူပါတယ်။ ကိုယ်က သူ့အတွက်အကောင်းဆုံးလုပ်ပေးလိုက်မယ်၊ သူအဆင်ပြေပါစေ….သူအဆင့်အတန်းမြင့်ပါစေ…..သူအောင်မြင်ပါစေ….သူစိတ်ချမ်းသာပါစေ….သူဒီထက်ပညာတတ်ကြီးဖြစ်ပါစေ စသဖြင့်ပါ။ အဲဒီ့လို တပါးသူအတွက်မျှော်လင့်မိတာမျိုးကတော့ သူစိမ်းတစ်ယောက်အပေါ်မျှော်လင့်ပေးဖို့မလွယ်ပါဘူး။ ရှိတော့ရှိတယ်….ရှားတယ်ပေါ့။ အဲဒီ့အခါမှာ နာကျင်မှုဖြစ်ရတာချင်းကတော့ အတူတူပါပဲ။ ကိုယ်ကသူ့ကို ဆယ်တန်းမှာ ဂုဏ်ထူး ၆လုံးထွက်စေချင်ပေမယ့်ဂုဏ်ထူး၃လုံးလောက်ပဲထွက်တာမျိုးကလည်း တနည်းကိုယ့်မျှော်လင့်ချက်ဖြစ်မလာ(မိဘကသားသမီးအပေါ်မျှော်လင့်တာ)တာပါပဲ။ အဲဒီ့လိုပါပဲ….ကိုယ့်အပေါ် ကိုယ်ကောင်းသလို သူပြန်ကောင်းမှာပါလို့မျှော်လင့်မိတာမျိုးကလည်း တကယ်တမ်းသူကကိုယ့်အပေါ်ပြန်မကောင်းဘူးလို့သိလိုက်တဲ့အခါမှာလည်း ကိုယ်နာကျင်ရပြန်တာပါပဲ။

အထူးသဖြင့် လူမှုပတ်ဝန်းကျင်မှာ အဖြစ်များတာကတော့ တဖက်လူအပေါ်မျှော်လင့်မှန်းမသိ မျှော်လင့်မိတဲ့ ပြဿနာမျိုးတွေများပါတယ်။ ကိုယ်က ဘာကိုမှမမျှော်လင့်ဘူးဆိုပေမယ့် ကိုယ့်ရဲ့မသိစိတ်ထဲမှာတော့ ကိုယ့်အပေါ်ပြန်ပြီးကောင်းစေချင်တယ်၊ ကိုယ့်အပေါ်ပြန်သိတတ်စေချင်တယ် စတဲ့မျှော်လင့်ချက်မျိုးကတော့ရှိတာပါပဲ။ အဲဒါကြောင့်သာ နာကျင်ရတာပေါ့။ မမျှော်လင့်တဲ့သူဟာ တကယ်တမ်းလုံးဝမနာကျင်တော့ပါဘူး။ နာကျင်ရမှန်းတောင်မသိနိုင်ပါဘူး။
အဲဒီ့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ရဲ့မသိမသာမျှော်လင့်တတ်တဲ့စိတ်ကို နားလည်ဖို့ပါပဲ။ ကိုယ်က လူတစ်ယောက်ယောက်ကို ကူညီနိုင်သလောက်ကူညီနေတဲ့အခါပဲဖြစ်ဖြစ်၊ လုပ်ပေးစရာရှိတာကိုလုပ်ပေးတာပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကို ကိုယ့်ရဲ့ငွေအားလူအားတခုခုဖြင့်ကူညီပေးလိုက်တာပဲဖြစ်ဖြစ် စတင်လုပ်ဆောင်ပေးကတည်းက “ကိုယ်လုပ်ပေးနိုင်သလောက်လုပ်ပေးလိုက်မယ်၊ လုပ်ပေးခွင့်ရလို့လုပ်ပေးလိုက်မယ်၊ ခရီးသွားဟန်လွှဲလုပ်ပေးခွင့်ရလို့လုပ်ပေးလိုက်တယ်”လို့သာ သဘောထားကြည့်လိုက်ပါ။ ကျွန်တော်တို့ လမ်းသွားရင်း သက်ကြီးရွယ်အိုတစ်ယောက်ကားလမ်းကူးဖို့ အဆင်မပြေဖြစ်နေတာမြင်တယ်ဆိုပါစို့။ ထိုသက်ကြီးရွယ်အိုကို ကူညီပြီး ကားလမ်းကူးပေးလိုက်တဲ့အခါ ဘယ်လိုမျိုးခံစားရသလဲ။ တဖက်က လူကရော ဘယ်လိုမျိုးကိုယ့်ကိုတွေးသလဲဆိုတာမျိုး စဉ်းစားကြည့်ပါ။ ကိုယ်က တဖက်လူကိုလမ်းကြုံလို့ ကူညီပေးလိုက်တဲ့အတွက် ကိုယ့်စိတ်ထဲပီတိတစ်မျိုးခံစားရပါလိမ့်မယ်။ တဖက်လူကလည်း သူအဆင်မပြေဖြစ်နေတဲ့အချိန် ကူညီမယ့်သူတွေ့တဲ့အတွက် ဝမ်းသာအားရကျေးဇူးတင်ပါလိမ့်မယ်။ အဲဒီ့လူနှစ်ယောက်လမ်းခွဲသွားတဲ့အခါ ဘယ်သူကမှ ကောင်းမွန်တဲ့ခံစားချက်ကလွဲပြီးဘယ်သူ့အပေါ်မှ တခြားခံစားချက်မရှိနိုင်ပါဘူး။ “The Secret of happiness is low expectation” ဆိုတာ အဲဒီ့သဘောတရားပါပဲ။
တကယ်တမ်းပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့က အဲဒီ့လိုသဘောမထားနိုင်တဲ့အတွက်ကို တဖက်လူအပေါ် ကိုယ့်ဘက်က မီးကုန်ယမ်းကုန်အကောင်းဆုံးကူညီပေးလိုက်ပြီးမှ တဖက်လူက ပြန်မကောင်းဘူးရယ်ဆိုတဲ့အတွေးမျိုး ဝင်လာရတာပါ။ ဒါပေမယ့်လည်း ပုထုဇဉ်ဖြစ်နေတဲ့အတွက်ကို တနည်းမဟုတ်တနည်းနဲ့တော့ မျှော်လင့်မိတတ်ကြတာပါပဲနော်။ အဲဒီ့အတွက် နာကျင်မှုတွေကလည်း ကြုံရစမြဲပါပဲ။
တကယ်လို့များ ကိုယ်က ကိုယ့်ရဲ့အယုံကြည်ရဆုံးသောသူ၊ ကိုယ်ချစ်ခင်ရတဲ့သူ၊ ကိုယ့်ကိုလည်း သူ့စိတ်ထဲမှာ ကိုယ့်လိုအတွေးမျိုးတွေးနေမှာပဲ၊ ကိုယ့်လိုပြန်ကောင်းမှာပဲလို့မျှော်လင့်မှန်းမသိမျှော်လင့်ထားမိပြီး ကိုယ်မထင်မှတ်ထားတဲ့အဖြစ်မျိုးကြုံလိုက်ရတဲ့အခါ နာကျင်ပါ၊ ခံစားပါ။ ဒါပေမယ့် ကိုယ့်စိတ်ကိုအကြာကြီးမညှင်းဆဲထားပါနဲ့နော်။ “Expectation is a poision, that can kill your everyday” ဆိုတဲ့စကားအတိုင်းပါပဲ။

အများကြီးမျှော်လင့်ထားခြင်းဟာ အဆိပ်ပါပဲ။ သင့်ကိုနေ့တိုင်းသတ်နေပါလိမ့်မယ်။ သင်မျှော်လင့်နေသမျှပေါ့။ အဲဒါကြောင့် သင်နာကျင်ရတဲ့အခါ သင့်ကိုသင်နာကျင်မှုတွေထဲလှောင်ပိတ်မထားပါနဲ့။ တခြားလူတစ်ယောက်ဆီက မျှော်လင့်မှုတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ကြိုးစားပါ။ မမျှော်လင့်ထားတာတွေကြုံလာတဲ့အခါ “အော်…..ငါက မျှော်လင့်နေမိတာကိုး..” လို့ပြန်တွေးကြည့်ပါ။ ပြီးရင် “ကိုယ်လုပ်ပေးခဲ့သမျှသည် ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီမဟုတ်လား” လို့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်လိုက်ပါ။ ၁၀၀% နှုန်းအကောင်းဆုံးနဲ့ အလုပ်နိုင်ဆုံးလုပ်ပေးခဲ့တာဖြစ်တဲ့အတွက် နောင်တရစရာဘာမှမရှိတော့ပါဘူး။ ကိုယ့်ရဲ့အကောင်းဆုံးကို သူတန်ဖိုးထားခြင်းမထားခြင်းသည် သူ့ကိစ္စသာဖြစ်ပါတယ်။ ကိုယ့်ဘက်က အကောင်းဆုံးလုပ်ပေးခြင်းသည်သာ ကိုယ့်ကိစ္စဖြစ်ပါတယ်။ ဘယ်အချိန်ပြန်တွေးပြန်တွေး ကိုယ့်ကိုယ်ကိုယ်နောင်တရစရာ၊ မျက်နှာပူစရာမရှိဘူးဆိုရင် ဒီကိစ္စမှာ ကိုယ်တာဝန်ကျေခဲ့ပါပြီ။ ဒါပါပဲ။ အဲဒီလိုလေးပြန်ပြီးတွေးပေးပါ။ အဲဒါဆိုရင် ကိုယ့်ကိုယ်ကိုယ်ကျေနပ်သွားတဲ့စိတ်က ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့စိတ်ကို ကုစားပေးနိုင်ပါလိမ့်မယ်။

ဘဝမှာ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ဖြတ်သန်းမှုဘဝအတွေ့အကြုံတွေမတူညီကြပါဘူး။ အဲဒီ့အတွက် ခံစားမှုချင်းမတူသလို၊ တန်ဖိုးထားမှုခြင်းလည်းမတူပါပဲ။ သင်ကတော့ သင့်အတွက် တန်ဖိုးအရှိဆုံးဆိုတာတွေ၊ အကောင်းဆုံးဆိုတာတွေ၊ သင့်လုပ်ပေးနိုင်တာတွေအားလုံးကို အစွမ်းကုန်လုပ်ပေးလိုက်ပေမယ့် သင်ပေးလိုက်တဲ့အရာတွေက တဖက်လူအတွက် ဘာမှမဟုတ်တဲ့ပါမွှားလေးဖြစ်ရင်လည်းဖြစ်နေနိုင်တယ်လေ။ သူတန်ဖိုးထားပုံနဲ့ ကိုယ့်တန်ဖိုးထားပုံချင်းဟာ တထပ်တည်းဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ အဲဒီ့အတွက် ကိုယ်ပေးသလို ပြန်ရမယ်လို့ အပြည့်အဝမျှော်လင့်ထားလို့မရနိုင်ပါဘူးဆိုတာ တွေးကြည့်ပေးပါ။ တစ်ခါခံစားဖူးရင် သင်ခန်းစာယူပါ၊ “ကိုယ်လုပ်ပေးသမျှသည် ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ပေးလိုက်တာကိုယ့်ကိစ္စဖြစ်ပြီး တန်ဖိုးထားခြင်းမထားခြင်းနဲ့ နားလည်ခြင်းနားမလည်ခြင်းသည် တဖက်လူရဲ့ကိစ္စဖြစ်တာမို့ တုံ့ပြန်မှုဟာ မျှော်လင့်သလိုဖြစ်ချင်မှဖြစ်လိမ့်မယ်လို့” နောက်ထပ်အခါခါ ကိုယ်နာကျင်ရမယ့် မျှော်လင့်မှုမျိုးတွေကို အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုဖြေတွေးပြီးလျှော့ချပါ။ နာကျင်မှုနည်းလာစေပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။