ကိုယ့်အတွက်ဘယ်သူမှရှိမနေဘူးဆိုတဲ့အတွေးတွေ ဝင်လာတဲ့အခါ……

ဒီလိုအတွေးမျိုးဝင်ခဲ့ဖူးလား။ တကယ်တမ်း စိတ်ညစ်၊ စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်အတွက်တော့ အဲဒီ့အတွေးမျိုးက လူတစ်ယောက်ကိုတောင် သတ်ပြစ်လိုက်နိုင်တဲ့အထိ ပြင်းထန်လွန်းအားကြီးပါတယ်နော်။ လူတစ်ယောက်အရမ်းဝမ်းနည်းအားငယ်နေချိန်မျိုးမှာလည်း အဲဒီ့လိုအတွေးမျိုးတွေဝင်လာတတ်ပါတယ်။


“ငါ့ကို ကူညီမယ့်သူဘယ်သူမှမရှိဘူး” “ငါ့ကို ဘယ်သူကမှ တကယ်မခင်တွယ်ကြပါဘူး” “တကယ်တော့ ငါ့နားမှာ ဘယ်သူမှမရှိဘူး” “တကယ်တော့ အကုန်လုံးဟာအလကားပါပဲ…..ငါ့ကိုကျတော့ တန်ဖိုးမထားကြဘူး” ဆိုတဲ့အတွေးမျိုးတွေက အင်မတန်ဆိုးဝါးတဲ့အတွေးမျိုးဖြစ်ပါတယ်။
တကယ်တမ်းပြန်တွေးကြည့်ရင်လည်း ဘဝမှာ ဘယ်သူ့ကမှ ဘယ်သူ့အတွက် ထာဝရဆိုတာမျိုးနဲ့ အမြဲ အနားမှာရှိမနေပေးနိုင်ပါဘူးနော်။ အားလုံးဟာ ဘယ်လောက်ပဲ သင့်ကိုချစ်ခင်တွယ်တာနေပါစေအုံး….အချိန်တန် သူ့လမ်းသူသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွားရတာချည်းပါပဲ။ အဲဒီ့အတွက် ကိုယ့်မှာ အရမ်းကို ဝမ်းနည်းပြီး ကိုယ့်အတွက်ကို ဘယ်သူမှရှိမနေဘူးဆိုတဲ့အတွေးတွေဝင်လာတဲ့အခါ .....

၁) ကိုယ့်စိတ်ကိုထွက်ပေါက်ပေးပါ။
တနည်းအားဖြင့် ကိုယ့်ရင်ထဲကခံစားချက်ကို မြိုသိပ်ထားတာ၊ မြုံနေတာ၊ ငိုချင်ရက်နဲ့ မငိုဘဲ တင်းခံထားတာ၊ ဘာမှမဖြစ်သလိုနေတာမျိုးတွေပေါ့။ သာမန်ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက်ကို ဝမ်းနည်းအားငယ်မှု၊ စိတ်ညစ်မှု၊ စိတ်ဓာတ်ကျမှုတွေနဲ့ကတော့ မကင်းနိုင်ပါဘူး။ ဖွင့်ပြောတာ၊ ဖွင့်ထုတ်ပစ်တတ်တာနဲ့ ဖွင့်မပြောဖြစ်တာသာ ကွာသွားတာပါပဲ။ အဓိကက ကိုယ့်ရင်ထဲက ခံစားချက်သက်သာသွားတဲ့အခါ နေရထိုင်ရတာ၊ ခံစားရတာပေါ့သွားစေပါတယ်။ တနည်းအားဖြင့် စိတ်ဖိစီးတင်းကြပ်နေတာတွေ အနည်းငယ်တော့လျော့သွားစေတာပါပဲ။ အဲဒါကြောင့် ကိုယ့်စိတ်ကို သိပါ။ ကိုယ့်စိတ်ထဲက တင်းကြပ်မှုတွေကို ပြောပြရင်ဖွင့်နိုင်မယ့်သူမရှိရင်တောင် ဒိုင်ယာရီထဲ ချရေးလိုက်တာမျိုုးနဲ့ ကိုယ့်စိတ်ကို ထွက်ပေါက်ပေးပါ။

၂) စိတ်ချမ်းသာစေတဲ့အရာလေးတွေလုပ်ပေးပါ။
နောက်တစ်ခုကတော့ စိတ်ချမ်းသာစေတဲ့အရာလေးတွေ၊ ကိုယ့်စိတ်ကိုကုစားနိုင်တဲ့အရာလေးတွေလုပ်ဖို့အတွက် တကူးတကကိုအချိန်ပေးလိုက်ပါ။ စိတ်တည်ငြိမ်စေတဲ့အရာလေးတွေကို ဦးစားပေးလုပ်ပေးတာမျိုးပေါ့။

၃) ကိုယ့်အတွက် အဓိကနဲ့သာမညခွဲခြားပါ။
စိတ်ထွေပြားနေတဲ့အချိန်ဖြစ်တာကြောင့် စိတ်က မကောင်းတဲ့ခံစားချက်ဘက်ကို ယိမ်းယိုင်နေတတ်ပါတယ်။ အဲဒါကြောင့် နံပါတ်၂ကလို စိတ်ချမ်းသာစေတဲ့အရာလေးတွေ၊ စိတ်တည်ငြိမ်စေတာလေးတွေလုပ်ပြီးတဲ့နောက်မှာတော့ စိတ်က အနည်းငယ်အနည်ထိုင်စပြုပြီဆိုရင် ကိုယ့်အတွက် ဘာကအရေးကြီးလုပ်သင့်တာလဲ၊ ဘာတွေကတော့ အရေးမကြီးဘူးဆိုတာမျိုး ခွဲခြားလိုက်ပါ။ ချရေးလိုက်တာဖြစ်ဖြစ်ပေါ့။ ပြီးရင် နံပါတ်စဉ်အလိုက် ရေးချလိုက်ပါ။ ကိုယ့်ဘဝအတွက် အရင်ဆုံးလုပ်ကိုလုပ်ရမယ့် အရေးပါတဲ့ကိစ္စက နံပါတ်တစ်ပေါ့။ ဥပမာ။ ဒီလိုတွေခံစားနေမယ့်အစား ကိုယ်ဖြစ်ချင်တဲ့ဝါသနာအတွက် အရင်ဆုံးသင်တန်းတက်မယ် လို့ ရေးထားတယ်ဆိုရင် အဲဒါကို စတင်အကောင်အထည်ဖော်ဖို့ကြိုးစားပေါ့။

၄) ထိရောက်စွာ လုပ်ကိုင်ဖို့ကို အာရုံစိုက်လိုက်ပါ။
ကိုယ်ခွဲခြားလိုက်တဲ့အရေးကြီးတာနဲ့ အရေးမကြီးတဲ့ကိစ္စတွေကိုနားလည်သွားတဲ့အခါ အရေးကြီးတဲ့ကိစ္စတွေကိုသာ ထိရောက်စွာ လပ်ကိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ကတိပေးပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဘာတွေလုပ်မယ်လို့ စီစဉ်သတ်မှတ်ပါ။ ထိရောက်အောင်လုပ်ဆောင်ဖို့ အာရုံကို ပြန်ဆွဲဆောင်ပါ။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ plan ချထားလိုက်ပါ။ အရေးကြီးတာနဲ့ အရေးပါတာ ၂မျိုးကိုသာ အာရုံစိုက်မယ်လို့ ကိုယ့်ကိုယ်ကိုယ်မကြာခဏသတိပေးနေပါ။
အဲဒါဆို ကိုယ်တစ်ယောက်တည်းဖြစ်နေပါလား….ကိုယ့်အနားမှာ ဘယ်သူမှမရှိပါလား….ကိုယ့်ကိုဘယ်သူကမှ အလေးမထားပါလားဆိုတဲ့အတွေးတွေ အားလုံး ချုပ်ငြိမ်းသွားပါလိမ့်မယ်။ ကိုယ်တိုင်က အာရုံထွေပြားလာတိုင်း ပြန်ပြီး အာရုံစုစည်းကာ အရေးကြီးတာနဲ့ အရေးပါတာကိုသာ ပြန်အာရုံစိုက်နိုင်ဖို့ ကြိုးစားကြည့်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။