လူတိုင်းကျေနပ်အောင် ကြိုးစားနေသင့်သလား

လူတိုင်းကျေနပ်အောင် ကြိုးစားသင့်သလားဆိုတာက ကိုယ့်ရဲ့အချိန်တွေတော်တော်များများကို သူများအတွက်အချိန်ပေးပြီး “သူများက ကိုယ့်ကိုဘယ်လိုထင်မလဲ…..၊” “ သူများ ကျေနပ်ပါ့မလား…..” “သူများက စိတ်ဆိုးနေပြီလား…..” စသည်ဖြင့် ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းစဉ်တွေလုပ်နေရင်းနဲ့ သူများအတွက်စဉ်းစားပေးနေတာ၊ သူများအတွက် ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကိုတောင်ဖဲ့ပြီး ကျေနပ်အောင်လုပ်ပေးမိနေတာမျိုးပါ။ အဲဒီ့အခါ ကိုယ့်အတွက်တောင်ကိုယ်အာရုံမရှိတော့ဘဲ၊ သူများအတွက်သာစဉ်းစားရင်း ကိုယ့်ကိုကိုယ်တောင် မသိမသာထိခိုက်လာတတ်ပါတယ်။


တကယ်တော့ အဲဒါက မကောင်းပါဘူး။ သူများကျေနပ်အောင် ကြိုးစားနေတယ်ဆိုတာက အကန့်အသတ်တစ်ခုနဲ့ပဲ ကောင်းပါတယ်။ အဲလိုမဟုတ်ရင်တော့ သင့်ဘဝမှာ သူများစိတ်နဲ့သင့်ကိုယ်ဖြစ်နေပြီး သင့်ကိုတောင် သူတို့ရဲ့အလုပ်သမားတစ်ယောက်လို သဘောထားလာပါလိမ့်မယ်။ (ဆိုလိုချင်တာက ကိုယ့်အကျိုးစီးပွားပျက်လောက်တဲ့အထိ မငြင်းနိုင်ဘဲ၊ သူများသဘောကျ ကူညီနေတာ၊ သူများသဘောကျအောင် နေထိုင်ဖို့ပဲတွေးနေတာမျိုးကိုပြောတာပါ။ သူများကို မကူညီသင့်ဘူးပြောတာမဟုတ်ပါဘူး)
သင်ကတော့ ကိုယ့်အလုပ်တွေကို ရပ်ထားပြီးပဲဖြစ်ဖြစ်၊ ရွေ့ဆိုင်းပြီးပြီဖြစ်ဖြစ် သူများအလုပ်ကို “ကူညီပေးပါ….” ဆိုတဲ့စကားလေးအတွက်နဲ့ ကူညီပေးလိုက်တာပါ။ သင်ကူညီလိုက်တဲ့သူကတော့ သူ့အလုပ်တွေပြီးရင် ပြီးသွားပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက်ကတော့ အလုပ်ကို ရပ်ထားရတာ ဒါမှမဟုတ် ရွေ့ဆိုင်းထားရတာမို့လို့ သင့်အလုပ်ပြီးသင့်ချိန်မှာ မပြီးတော့ပါဘူး။ နောက်ထပ်တစ်ခုရှိတာက
လူတော်တော်များများက သူတို့အတွက် ကိုယ်က အချိန်ဖဲ့ပြီး ကူညီလိုက်တာကို တစ်ခါကနေ အခါခါ တောင်းဆိုလာတတ်ပါတယ်။ အဲလိုတောင်းဆိုလာတိုင်း ကိုယ်ကလည်း လုပ်ပေးလိုက်မိတယ်ဆိုရင် ကိုယ်မလုပ်ပေးမိတဲ့အခါကျရင် “အော်….အခါတိုင်း သူလုပ်ပေးနေကြပဲ၊ ခုတော့ သူတကယ်မအားလို့ဖြစ်မှာပါ” လို့တွေးပေးတတ်တဲ့သူက နည်းပါတယ်။ သင့်ကိုတောင် သူတို့ကို မကူညီရကောင်းလားလို့ စိတ်ခုသွားတတ်ပါသေးတယ်။ (အကုန်လုံးကိုမဆိုလိုပေမယ့် အများအားဖြင့် ထိုကဲ့သို့ဖြစ်တာများပါတယ်)
အဲဒါအပြင် လူတိုင်းမှာ ကိုယ်ကူညီဖို့ ကိုယ့်အတွက် အဆင်ပြေလို့ ကူညီပေးလိုက်ရတာက ကိစ္စမရှိပေမယ့် ကိုယ်ကူညီပေးဖို့ အဆင်မပြေဖြစ်နေတဲ့အခါမျိုးကျတော့ ဘယ်လိုမှ မတတ်နိုင်ဘဲ ဆောရီး…တို့၊ နိုးလို့ ပြောရတာမျိုး ရှိနိုင်ပါတယ်။
(ဒါမျိုးက အခြားသောနိုင်ငံများမှာတော့ သိပ်လေးပင်စွာတွေးတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အကြောင်းတစ်ခုခုကြောင့် ကိုယ်မတတ်နိုင်တဲ့ကိစ္စတစ်ခုကို ငြင်းတယ်ဆိုတာ မရိုင်းပါဘူး။ ဒီမှာတော့ နိုးလို့ပြောရင်၊ မလုပ်ပေးနိုင်သေးဘူး….လို့ ငြင်းရင် ငြင်းတဲ့သူကိုတောင် ပြန်ပြီး စိတ်ဆိုးတတ်တာမျိုးရှိပါသေးတယ်၊ အားလုံးကိုမဆိုလိုပါဘူးနော်။ ရှိတတ်တဲ့သဘောကိုပြောပြတာပါ။ တော်တော်များများလည်း ထိုအခြေအနေမျိုးကြုံဖူးကြမယ်ထင်ပါတယ်)
ပြောချင်တာက သူများကို မကူညီသင့်ဘူးလို့ပြောတာမျိုးမဟုတ်ပါဘူး။ တစ်ဖက်သူကို ကူညီနိင်တဲ့အခြေအနေမျိုးလည်းဖြစ်တယ်၊ ကိုယ့်ရဲ့အကျိုးစီးပွားလည်း မထိခိုက်ဘူး၊ ကိုယ့်ရဲ့အလုပ်၊ အချိန်၊ ငွေကြေးပမာဏ၊ ပတ်ဝန်းကျင် စသည်ဖြင့် ကိုယ့်ကိုကိုယ်လည်း မထိခိုက်နိုင်ဘူးဆိုရင် ကူညီပေးလိုက်ရတာက ဘာမှမဖြစ်ပါဘူး။ (ကူညီပေးတတ်တဲ့အကျင့်ရှိတာ ကောင်းပါတယ်နော်)
ဒါပေမယ့် ကိုယ့်ရဲ့အလုပ်၊ အချိန်၊ ငွေကြေး၊ ပတ်ဝန်းကျင် စသည်တို့ကို ထိခိုက်ရုံတင်မကဘူး၊ ကိုယ့်ကိုကိုယ်ထိခိုက်ခံပြီး သူများကိုကျေနပ်စေချင်စိတ်လေးတခုထဲနဲ့ မငြင်းနိုင်ဘဲ ကူညီပေးလိုက်ရတာကတော့ ကိုယ့်အတွက်လည်း မကောင်းသလို၊ တစ်ဖက်သူက ကိုယ့်ရဲ့ထိခိုက်မှုကို အသိအမှတ်ပြုတတ်သူဖြစ်ရင်တော့ တော်သေးပါတယ်။ သူလိုချင်တာရဖို့အတွက်နဲ့ ကိုယ်ဘယ်လိုထိခိုက်သွားတာကို စိတ်လည်းမဝင်စားဘူး၊ အသိအမှတ်လည်းမပြုဘူး၊ ကျေးဇူးတင်ရကောင်းမှန်းလည်းမသိဘူး၊ အဲဒါအပြင် ကိုယ်က ကိုယ့်အလုပ်ခွင်မှာဖြစ်ဖြစ် အလုပ်လုပ်နေရင်းနဲ့ ကူညီပေးလိုက်ရတာကို ကျေးဇူးတောင်မတင်ဘဲ၊ “အရေးကြီးတယ်….အခုချက်ချင်းလုပ်ပေးပါ” ဆိုပြီး ပြောတတ်တဲ့သူမျိုးဆိုရင် ကိုယ့်အတွက် လုံးဝကိုမကောင်းပါဘူးနော်။ (အဲလိုလူမျိုးကိုလည်း ကြုံဖူးကြမယ်ထင်ပါတယ်နော်) အဲလိုလူမျိုးက အရမ်းအတ္တကြီးတဲ့အထဲမှာ ပါပါတယ်။ ကိုယ်က အားနာမှုနဲ့ ကူညီလိုက်မိရင်တောင် နောက်ထပ်အခေါက်ပေါင်းများစွာ ထပ်ထပ်အကူအညီအတင်းအကြပ်တောင်းတာမျိုး ထပ်ကြုံလာနိုင်ပါတယ်။ ကိုယ့်မှာလည်း ကိုယ့်ရဲ့ personal life (ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘဝ)ရှိတဲ့အတွက် ကိုယ့်အတွက်ကိုယ်အချိန်ပေးစရာတွေရှိအုံးမှာပါ။ အဲဒီ့အခါ ကိုယ်မလုပ်ပေးနိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါမျိုးမှာ ကိုယ်ဘာကြောင့်မလုပ်ပေးနိုင်လဲဆိုတာ ရှင်းပြပြီး ငြင်းပါ။ အဲဒါက မရိုင်းပါဘူးနော်။ (ကိုယ်က အမြဲလုပ်ပေးနေကျမို့….. ခုအခါ မလုပ်ပေးမိတာကို စိတ်များကွက်သွားမလား၊ စိတ်ခုသွားမလား….လို့ တွေးပူမနေပါနဲ့။ ဒါက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါ။ အတ္တကြီးတာလည်း မဟုတ်ပါဘူး။ ကိုယ့်အလုပ်ကိုဖျက်ပြီး၊ ကိုယ့်အချိန်ကိုဖျက်ပြီး သူများကျေနပ်အောင်ပဲလိုက်လုပ်နေရင်တော့ သင်တစ်သက်လုံး သင့်အတွက်အချိန်ကိုကျန်မှာမဟုတ်တော့ပါဘူး။ သင့်ဘဝတိုးတက်ဖို့လည်း ဘာကိုမှအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ ဘဝမှာ အောင်မြင်တိုးတက်နေတဲ့သူတော်တေ်ာများများဟာ သူတို့ဘဝတိုးတက်ဖို့အတွက် သူတို့ကိုယ်သူတို့အတွက်ပဲ အစီအစဉ်တွေဆွဲထားတာနဲ့တင်ပြည့်နေလို့ သူများကျေနပ်အောင် လိုက်ကြိုးစားနေဖို့တောင် အချိန်မရှိပါဘူး။ အဲဒါကြောင့် သင်လည်း သူများက သင့်ကို ကျေနပ်ပါ့မလား၊ သူများက ကိုယ့်ကိုစိတ်ကွက်သွားပြီလား၊ ဆိုတဲ့အတွေးတွေထဲမှာပဲ အမှောင်ကျမနေသင့်ပါဘူး။
(တမင်သူများစိတ်ကွက်အောင်၊ စိတ်တိုဒေါသထွက်အောင်လုပ်တာမျိုးဆိုရင်တော့ တစ်မျိုးပေါ့၊ အခုက တမင်လုပ်ချင်လို့လုပ်တာမဟုတ်ဘဲ ကိုယ့်အတွက်လုံးဝအဆင်မပြေလို့ ငြင်းတာ ငြင်းသင့်ပါတယ်။ လူတိုင်းမှာ ကိုယ့်အချိန်နဲ့ကိုယ် အလုပ်လုပ်နေကြရတာပဲလေ၊ သူများအားနေတဲ့အချိန်မှာ ကိုယ်အားချင်မှအားမှာပါ၊ သူများအလုပ်ရှုပ်နေတဲ့အချိန်မှာ ကိုယ်က အနားယူနေချိန်လည်း ဖြစ်နေရင်ဖြစ်နေမှာပါပဲ) အဲဒီ့အတွက်ကြောင့် သူများကို ကျေနပ်နေအောင် လိုက်လုပ်ယူနေလို့၊ လိုက်ကြိုးစားနေဖို့ မလိုပါဘူးနော်။ နားလည်ပေးတတ်သူဆိုရင် အိုကေမယ်၊ နားလည်မှုမရှိသူဆိုရင်တော့ စိတ်ထဲမှာအမျိုးမျိုးခံစားသွားပါလိမ့်မယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒါက တစ်ကိုယ်ကောင်းဆန်တာမှမဟုတ်ဘဲ၊ သင်ကူညီနိုင်ခဲ့တုန်းက ကူညီခဲ့ပြီး ၊ မတတ်သာတဲ့အခြေအနေမို့သာ သင်ငြင်းရမှာလေ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ထိခိုက်မယ့်ကိစ္စမျိုးဆိုရင် လိပ်ပြာလုံစွာ ရဲရဲဝင့်ဝင့် ငြင်းဆန်ပါ။ သူများကျေနပ်အောင် လိုက်ကြိုးစားနေခြင်းက မအောင်မြင်သူတွေရဲ့ အလေ့အကျင့်တစ်ခုပါ။ သင်ကတော့ အောင်မြင့်မယ့်သူဖြစ်တဲ့အတွက် ငြင်းဆန်သင့်တဲ့နေရာမှာ ငြင်းဆန်လိုက်ပါ။ အဲဒါက တရားပါတယ်။ အပြစ်ကြီးတစ်ခုလို ခံစားနေစရာမလိုပါဘူးနော်။
အဲဒီ့တော့ ဒီနေ့ကစပြီး လူတိုင်းကျေနပ်အောင် ကြိုးစားချင်စိတ်နဲ့ ကိုယ်လုပ်နိုင်တာကော၊ မလုပ်နိုင်တာကော လိုက်လုပ်နေစရာမလိုပါဘူး။ ကိုယ်လုပ်ပေးနိုင်တာလုပ်ပေးမယ်၊ မလုပ်ပေးနိုင်တဲ့အခြေအနေမျိုးမှာလည်း စိတ်ဖိစီးစရာမလိုပါဘူး။ လူတိုင်းကျေနပ်နေအောင် လိုက်ကြိုးစားနေစရာမလိုပါဘူးလို့ ဒီဆောင်းပါးလေးရေးပြီးပြောပြပေးလိုက်ပါတယ်။ ကိုယ်တိုင်ကလည်း သူများကိုအကူအညီတောင်းမိလို့ သူများမှာ တကယ်အခက်အခဲဖြစ်လို့ ငြင်းဆန်လာခဲ့သည်ရှိသော် စိတ်ဆိုးဒေါသထွက်တာမျိုးမဖြစ်ပါနဲ့။ လူတိုင်းမှာ သူ့အခြေအနေနဲ့သူပါ၊ နားလည်ပေးရပါလိမ့်မယ်။
အားလုံးပဲ မျှမျှတတ နားလည်ပြီး တိုးတက်သောဘဝကိုပိုင်ဆိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။