ကိုယ့်စိတ်ကိုမညှင်းဆဲမိစေဖို့.......

ကိုယ့်စိတ်ကိုညှင်းဆဲတယ်ဆိုတာက တနည်းအားဖြင့် မကောင်းတဲ့အရာတွေ၊ အဆိုးတွေ၊ အားနည်းချက်တွေ၊ ကိုယ့်မှာမရှိတဲ့အရာတွေကိုသာ တွေးပြီး စိတ်ဆင်းရဲနေတာကိုပြောချင်တာပါ။ အဲဒီ့စိတ်က အထူးသဖြင့် ကိုယ့်ရဲ့အတိတ်က နာကျင်မှုတွေကနေဖြစ်လာဖြစ်ပြီး လတ်တလောအချိန်ကိုပါ အလကားကုန်ဆုံးစေပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်တိုင်လှောင်ပိတ်ပြီး ညှင်းဆဲသလိုဖြစ်စေပါတယ်။ အဲဒီလိုဖြစ်နေပြီလို့ကိုယ့်ကိုယ်ကိုယ်ထင်တယ်ဆိုရင်အောက်ကအချက်တွေလုပ်ကြည့်သင့်ပါတယ်။


၁) အတိတ်နဲ့အနာဂတ်မှာ မနေပါနဲ့။
အတိတ်ကဖြစ်ပြီးသမျှကိုလည်းမခံစားနေပါနဲ့။ အနာဂတ်မှာဘာဖြစ်မလဲဆိုပြီးလည်း စိတ်ကူးယဉ်မနေပါနဲ့။ အဲဒီ့၂မျိုးလုံးက လက်ရှိအချိန်ကို အလကားကုန်ဆုံးစေတာပါ။ ခုလက်ရှိမှာ ဘာတွေလုပ်နိုင်သလဲ၊ ကိုယ့်ဒဏ်ရာတွေကို ကုစားဖို့ အကောင်းဆုံးဖြစ်အောင်ဘာလုပ်နိုင်သလဲဆိုတာကိုသာတွေးပါ။ အဲဒါက ပိုအကျိုးရှိပါတယ်။

၂) လက်ရှိအကောင်းဆုံးလုပ်နိုင်တာဘာလဲရှာပါ။
အဲဒီ့အတွက် လက်ရှိ ကိုယ့်အခြေအနေနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနိုင်တာဘာလဲ…..ဆိုတာကို သိအောင်လုပ်ပါ။ သိတဲ့အခါ အစွမ်းကုန်ကြိုးစားပြီးလုပ်ပါ။ အဲဒါက သင့်အာရုံကိုလည်း အတိတ်နဲ့အနာဂတ်ဆီမရောက်အောင် တစုတစည်းတည်းဖြစ်စေပါတယ်။ သင့်စိတ်ကိုသင်လှောင်ပိတ်မထားမိတော့ပါဘူး။ လုပ်စရာရှိတာကိုသာ အာရုံစိုက်ပါ။

၃) စိတ်ကိုတည်ငြိမ်စေမယ့်အရာတွေလုပ်ပါ။
စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ လုပ်နိုင်တဲ့အရာကိုသိပါ။ လူတိုင်းတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တချို့ကစာဖတ်လိုက်ရင်စိတ်ငြိမ်သွားတယ်၊ တချို့ကလက်မှုပညာတစ်ခုခုလုပ်နေရရင်စိတ်ငြိမ်သွားတယ် ၊ တချို့ကအပင်စိုက်တယ်။ တချို့က တရားထိုင်တယ်၊ ပုတီးစိတ်တယ် စသဖြင့်ပေါ့။ ကိုယ်နဲ့အဆင်ပြေမယ့် စိတ်ငြိမ်စေတဲ့အရာကိုလုပ်ဖို့လိုပါတယ်။ စိတ်ငြိမ်ခြင်းက စိတ်ကို အတိတ်ကအရာတွေရော၊ မဖြစ်လာသေးတာတွေကို ပြန်တွေးခြင်းကနေ နည်းပါးသွားစေပါတယ်။

၄) ယုံကြည်ရသူကို ရင်ဖွင့်ပါ။
ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို တစ်ယောက်တည်းကြိတ်မခံစားပါနဲ့။ ယုံကြည်သူတစ်ယောက်ကို ရင်ဖွင့်ပြောပြပါ။ စိတ်ကိုပေါ့ပါးစေမယ့်အရာတွေလုပ်ပါ။ ရယ်မောတာ၊ ဟာသတွေကြည့်တာ၊ စိတ်ပြေလက်ပျောက်လမ်းလျှောက်တာမျိုးတွေပေါ့။ ကိုယ့်စိတ်တွေအရမ်းမွန်းကြပ်လာပြီဆို ကိုယ့်ကိုယ်ကိုယ်သိပါတယ်။ အဲဒီ့လိုအဖြစ်မခံပါနဲ့။ ကိုယ့်စိတ်ကိုထွက်ပေါက်ပေးတဲ့အနေနဲ့ ရင်ဖွင့်ပါ။

၅) ကိုယ့်ကံကောင်းခြင်းအချက်တွေရှာကြည့်ပါ။
စိတ်ကိုပိတ်လှောင်ထားတဲ့သူက ကိုယ့်ရဲ့ဆိုးတဲ့အရာတွေကိုမြင်နေတတ်ပါတယ်။ အဲဒါကြောင့်ပိုပြီး စိတ်ကိုညှင်းဆဲသလိုဖြစ်စေတာပေါ့။ အဲဒီ့အတွက် ကိုယ်မမြင်တဲ့ ကိုယ့်မှာရှိနေတတ်တဲ့ကံကောင်းခြင်းအချက်တွေကို ရှာကြည့်ပါ။ ဥပမာ။ အခုလက်ရှိ ကိုယ့်မှာ စားဝတ်နေရေးအဆင်ပြေနေသေးတယ်။ ကိုယ့်ထက်ဒုက္ခရောက်နေတဲ့သူတွေထက် ကိုယ်ကကံကောင်းနေသေးတယ်ဆိုတာမျိုး၊ ကိုယ်က ကျန်းမာနေသေးတယ်၊ ကိုယ့်ထက်မကျန်းမာတဲ့သူတွေရှိနေသေးတယ်ဆိုတာမျိုးပေါ့။

၆) ကိုယ့်အတွေးတွေရဲ့ ဆန့်ကျင်ဘက်တွေးကြည့်ပါ။
ဥပမာ။ ကိုယ့်မှာ အမေပဲရှိတော့တယ်။အဖေမရှိတော့ဘူးဆိုပါတော့။ ငါ့မှာမှအဖေမရှိတာဆိုတဲ့….မရှိတာကိုချည်းတွေပြီးဝမ်းနည်းနေလို့မရပါဘူး။ တချို့တွေဆို မိဘ၂ပါးလုံးတောင်မရှိတော့ဘူး။ ငါ့မှာမှ အမေရှိသေးတယ်။ကံကောင်းတာပေါ့….ဆိုတဲ့အတွေးမျိုးပြောင်းတွေးကြည့်ရမှာပါ။

၇) အသေးစားရည်မှန်းချက်တွေချမှတ်ပါ။ ဖြစ်အောင်လုပ်ကြည့်ပါ။
နောက်ထပ်စိတ်ကိုပိုပြီးတစုတစည်းတည်းဖြစ်အောင်လုပ်နိုင်မယ့်အချက်က ဒီနေ့တစ်နေ့လုံးဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့စည်းကမ်းအသေးလေးတွေသတ်မှတ်လိုက်ပါ။ သင့်ကိုသင်လုပ်ဖြစ်အောင် တွန်းအားပေးပါ။ သင်ဆုံးဖြတ်ထားတဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်ကြည့်ပါ။ ဘယ်အချိန်အတွင်း ဘယ်အလုပ်ကိုတော့ ပြီးအောင်လုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပြီး အဲဒီ့သတ်မှတ်ချက်အတွင်းပြီးအောင်လုပ်တာမျိုးပေါ့။ အဲဒီ့လိုလုပ်ခြင်းက အဲဒီလိုလုပ်နေတဲ့အတောအတွင်းမှာ တခြားအတိတ်ကအကြောင်းတွေရော၊ အနာဂတ်မှာဘာလုပ်မယ်ဆိုပြီး စိတ်ကူးယဉ်နေတာမျိုးရော(ရည်မှန်းချက်မချမှတ်ဘဲ အလကားလေထဲတိုက်အိမ်ဆောက်စိတ်ကူးယဉ်နေတာကိုပြောချင်တာပါ) ဘာမှမလုပ်ဖြစ်တော့ဘဲ လက်ရှိအချိန်ကိုကောင်းကောင်းအသုံးချတတ်သွားပါတယ်။ အာရုံလည်း ကိုယ်လုပ်နေတဲ့အလုပ်ပြီးဖို့သာ အာရုံရှိပါတော့တယ်။ အာရုံစုစည်းသလိုဖြစ်သွားတာပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။