ကိုယ့်ကိုဝေဖန်သူတွေကို ဘယ်လိုရင်ဆိုင်မလဲ

လူတိုင်းဝေဖန်ခံရဖူးမှာပါ။ ကိုယ့်ကိုအကောင်းပြောတာရှိသလို၊ အဆိုးပြောလာတာလည်း ကြုံရမှာပါပဲ။ အကောင်းပြောတာ ဘာမှမဖြစ်ပေမယ့် အဆိုးပြောလာတဲ့အခါ ကိုယ့်မှာ ထိုအကြောင်းအရာတစ်ခုတည်းကိုတွေးပြီး တနုံနုံခံစားနေရတာမျိုး ကြုံဖူးမှာပါနော်။ အဲဒီ့လို ဝေဖန်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လို ပြန်တုံ့ပြန်လေ့ရှိသလဲ။ ဒါမှမဟုတ် ဘာမှပြန်မတုံ့ပြန်လိုက်ရဘဲ စိတ်ထဲမှာတင် တအုံနွေးနွေးနဲ့ ဖိစီးနေသလား။ အဲဒီ့အကြောင်းတွေချည်းတွေးပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်လောက်အောင် အဲဒါကိုပဲလိုက်ခံစားမိနေသလား။ ဒါဆိုရင်တော့ သင့်အတွက်မကောင်းတော့ပါဘူးနော်။ အဲဒါကြောင့် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။


၁) ဖြစ်ရိုးဖြစ်စဉ်၊ လုပ်ရိုးလုပ်စဉ်ပါ
ဝေဖန်တယ်ဆိုတာ ဒီလောကမှာရှိသမျှ လူတိုင်းလိုလို ကြုံဖူးကြသလို၊ လုပ်ဖူးကြတဲ့သူတွေချည်းပါပဲ။ အခြားသူကို သင်ကိုယ်တိုင်လည်း ကောင်းသောနည်းနဲ့ဖြစ်စေ၊ မကောင်းသောနည်းနဲ့ဖြစ်စေ၊ ရည်ရွယ်ပြီးဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဝေဖန်ခဲ့ဖူးမှာပါပဲ။ ယုတ်ဆွအဆုံး သင့်ကိုသင်တောင် မသိလိုက်ဘဲ ဝေဖန်မိတာမျိုးတောင် ရှိနေအုံးမှာပါ။ အဲဒါကြောင့် ကိုယ့်ကိုလာဝေဖန်တဲ့သူကိုတွေ့ရင်လည်း “အော် …..ဒါ လူ့သဘာဝပါလား” လို့ လက်ခံလိုက်ပါ။ အဲဒါက သင့်ကို စိတ်ပေါ့သွားစေပါတယ်။
၂) လက်ခံသင့်တာ၊ လက်မခံသင့်တာ ဖယ်ထုတ်ပါ။
ဝေဖန်တဲ့နေရာမှာ ကိုယ်ပြုပြင်လို့မရတာတွေအတွက် ဒါမှမဟုတ် ကိုယ်မမှားတာတွေအတွက် လိုက်မခံစားပါနဲ့။ ကိုယ့်အတွေးထဲကနေ ဖယ်ထုတ်ပစ်လိုက်ပါ။ ကိုယ်ရဲ့တကယ့်အမှားတွေဖြစ်နေရင် ဒါမှမဟုတ် ကိုယ့်တကယ်ပြုပြင်သင့်တာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်မလိမ်ပါနဲ့။ အဲလိုဝေဖန်မှုမျိုးကို လက်ခံလိုက်ပါ။ ပြုပြင်လိုက်ပါ။ ဥပမာ။ သင်က အလုပ်ကနေအပြန် တခါတည်း သင်တန်းတခုတက်ရတယ်ဆိုပါတော့ ညအိမ်ပြန်ရောက်တဲ့အချိန်က တော်တော်မှောင်နေပြီ၊ အဲလိုအခြေအနေမျိုးမှာ သင့်ပတ်ဝန်းကျင်က သင့်ကိုဝေဖန်မယ် “ ဟယ်….အဲဒီ့မိန်းကလေးက ညဆိုတော်တော်နောက်ကျမှ ပြန်လာတာ။ ဘာတွေလုပ်နေလဲမသိဘူး….ယောကျ်ားလေးတွေဘာတွေနဲ့များ သင်တန်းအကြောင်းပြ……ဘာညာ” အဲလိုမျိုး ပြောခံရတယ်ဆိုပါတော့။ အဲလိုဝေဖန်ခြင်းမှာ သင်ကအမှန်တကယ် သင့်ဘဝအတွက် လိုအပ်တဲ့ တက်လမ်းတစ်ခုအတွက် သင်တန်းတစ်ခုကို သင်ယူနေလို့နောက်ကျနေတာက အမှန်၊ သူတို့အထင်နဲ့လျှောက်ပြောနေခြင်းမှာ ကိုယ်တကယ်မမှားတဲ့အတွက် သင်က သူတို့စကားကို ဖယ်ထုတ်လိုက်ပါ။ သင့်ဦးနှောက်ထဲမှာ ငါ့ကိုဘယ်လိုထင်နေကြသလဲ…ဆိုတာမျိုးထည့်စရာကိုမလိုပါဘူး။ သင်ကအမှန်တကယ်လည်း သင့်ဘဝကိုသင်တည်ဆောက်နေရတာမို့ပါ။ သင့်တိုးတက်မှုအတွက် သင်ကြိုးစားနေတာပါ။ အဲလိုမျိုးဝေဖန်ခံရတာမျိုးကျတော့ ကိုယ်ကသူတို့တွေရဲ့ပါးစပ်ကို ပြုပြင်ပေးလို့မရပါဘူး။ အထင်နဲ့လျှောက်ပြောနေခြင်းမို့ အချိန်ကသက်သေပြတာကိုသာ စောင့်နေလိုက်ပါ။ သင့်ကိုသင်သာ ပျိုးထောင်သွားပါ။ သူတို့ရဲ့ဝေဖန်မှုကို သင်ဖယ်ထုတ်ပါ။
ဥပမာ။ သင့်သင်တန်းက ဆရာကပြောမယ် “ စာတွေမလုပ်ဘူးလား၊ အမှတ်တွေ မကောင်းဘူး….” ဒါမျိုးကျတော့ သင့်အပေါ်ကောင်းစေချင်လို့ပြောတာ၊ သင်လည်း တကယ်စာမလုပ်ဖြစ်ရင် သင့်ကိုသင်ပြုပြင်ဖို့ ထိုစကားမျိုးကို ဦးနှောက်ထဲထည့်ပါ။
အဲဒါကြောင့် လက်မခံသင့်တာလက်မခံနဲ့၊ လက်ခံသင့်တာကို လက်ခံပါ။
၃) သင်မထိန်းချုပ်နိုင်တာတွေအတွက် မခံစားပါနဲ့။
ဥပမာ။ သင့်ကို ရုပ်ကလည်း ဆိုးလိုက်တာ၊ အသားကလည်း မဲလိုက်တာမျိုးတွေ ဝေဖန်လာခဲ့ရင် အာရုံစိုက်စရာမလိုပါဘူး။ အဲဒါတွေကိုသာ သင်လိုက်အာရုံထားပြီး ပြုပြင်နေရင် သင်ပြင်လို့တောင်ဆုံးတော့မှာမဟုတ်ပါဘူး။ သဘာဝအရဖြစ်နေတာမို့ လက်ခံသင့်တာကို လက်ခံပြီး ကိုယ်မထိန်းချုပ်နိုင်တာတွေအတွက် လုံးဝခံစားစရာမလိုပါဘူး။ အားငယ်စရာလည်းမလိုပါဘူး။ သင့်ရဲ့ရုပ်ရည် ၊ သင့်ခန္ဓာကိုယ်အတွက် လာဝေဖန်သမျှ သင်စိတ်ဓာတ်ကျစရာမလိုပါဘူး။ ပြုံးပြုံးလေးသာလက်ခံလိုက်ပါ။ “ဟုတ်တယ်….ကိုယ်တိုင်ကိုက အဲလိုမွေးဖွားလာတာမို့လို့ ကိုယ့်အမှားမဟုတ်ဘူး” အဲလိုသာတွေးလိုက်ပါ။
၄) လူတိုင်းကျေနပ်အောင် နေစရာမလိုပါဘူး။
သင့်စိတ်နဲ့သင်နေထိုင်ပါ။ ပြောချင်တာက သင့်အတွက် သင်တည်ဆောက်နေတဲ့အချိန်မှာ ဝေဖန်သမျှ ခံရမှာပါပဲ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဖြစ်တဲ့အတွက် လူတိုင်းရဲ့အကြိုက်ကို လိုက်နေရင် သင်ရူးသွားပါလိမ့်မယ်။ သင့်ဘဝအတွက် သင်နားလည်ရင်ရပါပြီ။ သူများတွေနားလည်အောင်လည်း လိုက်ရှင်းပြနေစရာမလိုပါဘူး။ “ဟယ်….နင်ကလည်း အသားမည်းလိုက်တာ၊ ဟယ်နင်နဲ့ဒီအကျီ ၤကြီးကမလိုက်ပါဘူး။ နင်နဲ့ ဒီအရောင်က မလိုက်လိုက်တာ။” စသည်ဖြင့် သူများသင့်လိုက် လာပြောသမျှတိုင်းကို ခေါင်းထဲထည့်ပြီး ဒီအင်္ကျ ီနဲ့မလိုက်လို့ မဝတ်ပေမယ့် နောက်တစ်ယောက်က နောက်တစ်မျိုးပြောအုံးမှာပဲလေ။ အဲတော့ အယောက်စီတိုင်း ကျေနပ်နေအောင် သင်ကြိုးစားနေတာနဲ့ သင့်ဘဝအတွက် သင်ဘာမှမလုပ်ဖြစ်ဘဲ၊ သင့်နှစ်သက်တာတွေ လုပ်ချိန်မရတော့ဘဲ အချိန်ကုန်သွားပါလိမ့်မယ်။ သင့်ဘဝက သင့်အတွက်ပဲမို့ သူများပါးစပ်ဖျားမှာ သင့်ဘဝမဆုံးပါစေနဲ့။
ကိုယ်ချစ်တဲ့အလုပ်ကို ကိုယ်လုပ်ခွင့်ရဖို့ပဲအရေးကြီးပါတယ်။ လူတိုင်းက သတ်မှတ်ထားကြတဲ့ တန်ဖိုးတွေက မတူညီကြပါဘူး။ အဲလိုပဲ လူတိုင်းရဲ့အကြိုက်တွေကလည်း မတူညီကြပါဘူး။ ကိုယ့်အကြိုက်တွေ၊ ကိုယ်ချစ်ခင်တာတွေကို မေ့ထားပြီး သူများအကြိုက်၊ သူများကိုယ်နဲ့ ကိုယ်စိတ်ရှင်သန်နေလို့ ဘဝက ဘာများအဓိပါ္ပယ်ရှိပါ့တော့မလဲ။ အဲဒီ့တော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်အတိုင်းသာ ရှင်သန်ပါ။ အခြားသူများကိုတော့မထိခိုက်စေနဲ့ပေါ့။ ကိုယ့်ဘဝတိုးတက်ဖို့ ပြုပြင်သင့်တာကို ဝေဖန်လာရင်တော့ လက်ခံပြုပြင်လိုက်ပါ၊ အဲဒါက သင့်ဘဝတိုးတက်စေဖို့ပဲလေ။ အဲလိုမှ မဟုတ်ဘဲ…..သင့်ကိုသင်တောင် ပြန်တွေးရင် စိတ်ဓာတ်ကျစေမယ့် အပြောမျိုးနဲ့ ဝေဖန်မှုမျိုးတွေကျတော့ ခေါင်းထဲက ဖယ်ထုတ်လိုက်ပါ။ ကိုယ်မထိန်းချုပ်နိုင်တာတွေ အတွက် ခေါင်းမစားပါနဲ့။
၅) အရေးကြီးတာက သင့်ကိုသင်တည်ဆောက်နေဖို့ပါပဲ။
အဲဒီ့အချက်ကို နားလည်ဖို့အရေးကြီးပါတယ်။ ဘယ်သူတွေဘယ်လိုပဲဝေဖန်ပါစေ၊ သူများတွေက သင့်အကြောင်းကို သင့်ထက်ပိုသိပါ့မလား။ သင့်ဘဝအတွက် သင်ဘာလုပ်နေလဲဆိုတာသာ တွေးပါ။ အဲဒါက အရေးကြီးပါတယ်။ ဝေဖန်သူတို့က ရည်ရွယ်ချက်မရှိဘဲ ပြောလိုက်တဲ့စကားတစ်ခွန်းအတွက်နဲ့ အချိန်ကုန်မခံပါနဲ့။ ကိုယ့်ရည်မှန်းချက်အတွက် ဘာလုပ်သင့်လဲ၊ ဘာထပ်လုပ်ရမလဲ၊ ဘာတွေကြိုးစားသင့်သေးလဲ။ စသည်ဖြင့် ကိုယ့်အတွက်ကိုယ်တွေးပါများလာရင် ဘေးစကားကို နားထောင်ဖို့ အချိန်မရှိတော့ပါဘူး။ ကိုယ့်ဘဝကို ဘာတွေလုပ်ရအုံးမလဲဆိုတဲ့ စီမံကိန်းအတိုင်း တိုးတက်အောင် တည်ဆောက်ကြိုးစားနေတဲ့သူတွေအတွက် သူတို့စကားတွေနဲ့မြောပါခံစားနေဖို့ အချိန်မရှိပါဘူး။
ဝေဖန်သူတွေကိုလည်း ပြုပြင်ဖို့မကြိုးစားပါနဲ့၊ ဝေဖန်တယ်ဆိုတာ သဘာဝမို့ သင့်ဘဝတစ်လျှောက်လုံးမှာ ကြုံကိုကြုံရမှာပါပဲ။ သင့်ကိုသင်ပဲ ဝေဖန်ခြင်းနဲ့ပတ်သက်တဲ့အမြင်ကို ပြုပြင်လိုက်ပါ။ အဲဒါဆို သင့်ဘဝတစ်လျှောက်လုံး ဒီထက်ပို တိုးတက်သွားမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။