ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နိုင်ဖို့ နည်းလမ်း ၈ခု

လူတိုင်းက ကိုယ့်ကိုကိုယ်ပြန်သုံးသပ်သင့်ပါတယ်။ အမြဲတမ်းမှားနေတဲ့သူမရှိသလို၊ အမြဲတမ်းလည်း မှန်နေတဲ့သူမရှိဘူးမဟုတ်လား။ လူ့ဘဝမှာ အမှန်ချည်းမဖြစ်နိုင်ပေမယ့် အမှားနည်းအောင်တော့ နေလို့ရပါတယ်။ အဲဒီလို အမှားနည်းဖို့ကတော့ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တဲ့နည်းလမ်းကိုအသုံးချရမှာပါ။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခြင်းက ကိုယ်မှားခဲ့တာတွေကိုလည်း ပြန်ပြီး သင်ခန်းစာယူနိုင်ပါတယ်။ ကိုယ်မှန်ခဲ့တာတွေကိုလည်း ပြန်ပြီး မြင်လာစေပါတယ်။ အဲဒါကြောင့် သင့်ကိုသင်ပြန်သုံးသပ်နိုင်စေမယ့် နည်းလမ်းလေးတွေဖော်ပြလိုက်ပါတယ်။


သင်က အရာအားလုံးကို သိမနေနိုင်ဘူးဆိုတာကို လက်ခံပါ။
သင်မသိတာကို သိခြင်းကလည်း ပညာဉာဏ်ရှိခြင်းတစ်မျိုးပါပဲ။ ပြောချင်တာက သင်တကယ်မသိသေးတာတွေကို သင်သိထားတဲ့အခါမှာ ထိုအရာကိုသင်သိအောင်ကြိုးစားပါလိမ့်မယ်။ အဲဒီ့အခါ သင့်မှာ အသိပညာတစ်ခုထပ်တိုးသွားရမှာပါ။ အဲဒါကြောင့် သင်သည် အရာအားလုံးကို သိမနေနိုင်ဘူးဆိုတာကို သင့်ကိုသင်လက်ခံပါ။

သင့်ပန်းတိုင်တွေကို သင်ကိုယ်တိုင်သတ်မှတ်ပါ။
သင်ကိုယ်တိုင်သတ်မှတ်ထားတဲ့ပန်းတိုင်က ပိုထိရောက်ပါတယ်။ သင်ဖြစ်ချင်တာကို သင်က အခြားသူများထက်ပိုသိတယ်မဟုတ်လား။ ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေက စိန်ခေါ်မှုအသစ်တွေဖြစ်လာပြီး သင့်ကို ကြိုးစားချင်စိတ်ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်တော်ရာကို ပြင်ဆင်ထားပါ။
ကြိုတင်ပြင်ဆင်ရမှာကို မပျင်းပါနဲ့။ ငါးမိနစ်ကြိုတင်ပြင်ဆင်ခြင်းက အောင်မြင်ဖို့ပိုနီးစပ်စေပါတယ်။ ၅မိနစ်ခန့်ကြိုတင်ပြင်ဆင်ခြင်းက တစ်နာရီလောက်သက်သာသွားစေနိုင်ပါတယ်။

ရလဒ်ကို ရှာဖွေပါ။
သင်ကြိုးစားထားတာရဲ့ ရလဒ်ကိုရှာဖွေပါ။ အဲဒါက သင့်ရဲ့အသိပညာကိုအခြေခံပြီးရလာတာမို့ သင့်ကို ပိုပြီး တိုးတက်အောင်ကြိုးစားဖို့ ကိုယ့်ကိုကိုယ်သိနိုင်ပါတယ်။ နောက်ထပ်ပိုကောင်းတဲ့အဆင့်တစ်ခုရောက်အောင် သင်ထပ်ကြိုးစားရန်လိုတာကိုသိနိုင်ပါတယ်။

သင့်ရလဒ်ကို ဘယ်လိုဖြစ်ဖြစ်လက်ခံပါ။
သင့်ရလဒ်က ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် လက်ခံပါ။ ကောင်းတဲ့ရလဒ်ဆိုရင် ပိုကောင်းဖို့ကြိုးစားပါ၊ ဆိုးတဲ့ရလဒ်ဆိုရင် နောက်တစ်ခါကောင်းအောင် ထပ်ကြိုးစားပါ။ ဘယ်ရလဒ်မဆို သင့်အတွက်အခွင့်အရေးပါပဲ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်ပါ။
သင်လုပ်ဆောင်ချက်တိုင်းကို ပြန်သုံးသပ်ပါ။ ဘယ်နေရာမှာလိုသွားသလဲ၊ ဘယ်အချက်ကို အားမရဖြစ်သလဲ၊ နောက်တစ်ခါထပ်ကြိုးစားသင့်တာမျိုးကို ကိုယ့်ကိုကိုယ်သိမြင်လာစေပါတယ်။

ဒိုင်ယာရီရေးမှတ်ထားပါ။
အဲဒါ ပိုသေချာစေပါတယ်။ သင့်ကိုသင်လည်း ပိုပြီး မြင်တတ်လာပါတယ်။ သင်မေ့သွားတာမျိုးဖြစ်ရင်တောင် သင့်ဒိုင်ယာရီမှာ ပြန်ကြည့်လိုက်ရုံပဲပေါ့။

သင့်ကိုသင်မေးခွန်းတွေပြန်မေးပါ။
အရင်က ကြိုးစားခဲ့တာတွေက ဘယ်လိုရလဒ်မျိုးရခဲ့လဲ။ ဘယ်လိုကြိုးစားခဲ့သလဲ။ ခုကတော့ ဘယ်လိုမျိုး ထပ်ကြိုးစားသင့်သလဲ။ ပထမဆုံး လုပ်သင့်တာက ဘာဖြစ်မလဲ။ နောက်တစ်ကြိမ်ဒီထက်ကောင်းအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ စသည်ဖြင့် ကိုယ့်ကိုကိုယ်ပြန်မေးကြည့်သင့်ပါတယ်။
လောကမှာ အမှန်တွေချည်းလုပ်မိဖို့ထက် အမှားနည်းအောင်သာကြိုးစားရမှာပါတဲ့။ အဲဒါကြောင့် အထက်ကအချက်လေးတွေကို လိုက်နာကြည့်ပြီးသင့်ကိုသင်ပြန်သုံးသပ်တတ်တဲ့အကျင့်လေးဖြစ်လာဖို့ ကြိုးစားကြည့်လိုက်ပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။