ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ခြင်းက ဘာကြောင့်အရေးကြီးတာလဲ။

စည်းကမ်းဆိုတာက မလုပ်သင့်တာကို မလုပ်မိအောင် သတ်မှတ်ပေးထားတာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် စည်းကမ်းရယ်လိုတိတိကျကျမသတ်မှတ်ထားပေမယ့်လည်း လူ့ကျင့်ဝတ်အရ လိုက်နာသင့်တာမျိုးတွေလည်းရှိပါတယ်။ ဘယ်နေရာမှမဆို မလုပ်သင့်ဘူးဆိုတာကိုသိပေမယ့် လုပ်မိတယ် ဒါမှမဟုတ် မသိလို့လုပ်မိတယ်ဆိုတာမျိုးတွေမဖြစ်ရအောင် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပိုပြီးအကျင့်ကောင်းလာဖို့၊ ပိုပြီးတိုးတက်လာစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အဲဒီလို စည်းကမ်းသတ်မှတ်ထားမှ ဘယ်နေရာမှာမဆို ပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်။ အဲဒီ့လိုစည်းကမ်းသတ်မှတ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ်လက်ရှိအခြေအနေထက်ပိုပြီးတိုးတက်လာစေဖို့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ဖို့လည်းလိုပါတယ်။


ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ခြင်းက လူတစ်ယောက်အတွက်အများကြီးအရေးကြီးပါတယ်။ အထူးသဖြင့် တိုးတက်အောင်မြင်ချင်တဲ့လူ၊ ရည်မှန်းချက်တွေဖြစ်မြောက်ချင်တဲ့လူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ဖို့အများကြီးလိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ခြင်းက တနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်းပါပဲ။ ကိုယ့်ရဲ့တိုးတက်မှုကို ဆုတ်ယုတ်စေမယ့်ကိစ္စတွေ၊ အကျင့်တွေကို ကိုယ့်ကိုယ်ကိုယ်မလုပ်ဖို့ထိန်းချုပ်နိုင်ခြင်း ဒါမှမဟုတ် မလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ လူတိုင်းမှာ မကောင်းတဲ့အကျင့်တွေရှိနေတတ်ပါတယ်။ အမြဲတမ်း perfect ဖြစ်နေတဲ့အကျင့်ကောင်းတွေနဲ့လူမရှိပါဘူး။ ဒါပေမယ့် ထိုအကျင့်ဆိုးတွေကို သိပြီး ပြုပြင်နိုင်တဲ့သူနဲ့ အကျင့်ဆိုးတွေကို မသိတဲ့သူရယ်၊ သိပြီးမပြုပြင်တဲ့သူရယ် ကွာခြားသွားတာဖြစ်ပါတယ်။
အကျင့်ဆိုးတွေကိုသိမယ်၊ သိပြီးပြုပြင်တဲ့သူဟာ အမှားနည်းလာမယ်၊ အကျင့်ဆိုးတွေနည်းလာမှာဖြစ်ပါတယ်။ မပြုပြင်တဲ့သူကတော့ ခုလက်ရှိရောက်နေတဲ့နေရာထက်တောင် နိမ့်ကျသွားနိုင်ပါသေးတယ်။ အဲဒါကြောင့် လူတစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ဖို့က အရေးကြီးပါတယ်။ ဥပမာ။ သင့်မှာငွေကို စည်းမရှိကမ်းမရှိဖြုန်းတီးတတ်တဲ့အကျင့်ဆိုးရှိရင် မကြာခင်သင်ငွေကြေးဆိုင်ရာပြဿနာတက်လာနိုင်ပါတယ်။ သင့်ကိုယ်သင်ပြုပြင်မှ ဖြစ်ပါမယ်၊ အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်တယ်လို့အကြောင်းပြပြီး နေ့မနားညမအားသောက်နေပြီဆိုရင်တော့ သင့်ကိုယ်သင်ပြုပြင်ရတော့မှာဖြစ်ပါတယ်။ အဲဒီလိုမျိုး သိပြီး ကိုယ့်အတွက်ထိခိုက်စေတဲ့ကိစ္စမျိုး၊ အကျင့်မျိုးတွေကို မပြုပြင်ဘူးဆိုရင်တော့ တဖြည်းဖြည်း ချစားလာတဲ့အိမ်လိုမျိုး တမြေ့မြေ့ပျက်စီးလာနိုင်ပါတယ်။ မကောင်းတဲ့အကျင့်တွေကို နည်းနည်းချင်းမပြုပြင်ဘူးဆိုရင် တဖြည်းဖြည်းမကောင်းတဲ့အကျင့်ဆိုးတွေ စုပြုံများလာမှပါ။ အကျင့်ဆိုးတွေများလာတဲ့လူဟာလည်း ဘယ်လိုမှ တိုးတက်အောင်မြင်တဲ့လူတစ်ယောက်မဖြစ်လာနိုင်ပါဘူး။ သူ့ဘဝက ပိုပြီးဆုတ်ယုတ်လာဖို့သာ ရှိပါတယ်။ “The Main factor behind success is self control” ဆိုတဲ့စကားလို အောင်မြင်ခြင်းရဲ့အဓိက အချက်ကတော့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ခြင်းပါပဲ။ မကောင်းတာတွေကို မလုပ်မိဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မယ်၊ ကိုယ့်အတွက်ထိခိုက်စေမယ့်အရာမျိုးတွေကို မလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ထားမယ်၊ ထိုစည်းကမ်းကိုလည်း ကိုယ်တိုင်လိုက်နာဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မယ်ဆိုရင် အမှားနည်းလာမယ်၊ အကျင့်ဆိုးနည်းလာမှာဖြစ်ပါတယ်။ အဲဒါဆို ထိုလူ့ဘဝက တိုးတက်ဖို့ အခွင့်အလမ်းများလာမှာအသေအချာပါပဲ။ “if you lose self control everything will fall” John Wooden ပြောတဲ့စကားကအရမ်းမှန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်တဲ့လူက အရာအားလုံးမှာကျရှုံးမှာပါပဲ။ သင့်ကိုသင်အရက်မသောက်တော့ဘူးလို့မထိန်းချုပ်နိုင်ရင် သင်ကအရက်ကလွဲပြီးဘာမှမတွေးနိုင်တော့တဲ့အရက်သမားဖြစ်လာနိုင်ပါတယ်။ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အခြားလူတစ်ယောက်အပေါ်ဖောက်ပြန်ချင်စိတ်ဖြစ်နေတဲ့စိတ်ကို မထိန်းချုပ်နိုင်ရင် သင့်အိမ်ထောင်ရေးကမောက်ကမဖြစ်ရမှာ၊ သင့်သားသမီးတွေ ပြဿနာကြားမြေဇာပင်ဖြစ်ရမှာပါပဲ။ သင်က ငွေကြေးနဲ့ပတ်သက်ပြီး လူတကာကိုလိုက်လိမ်ညာတောင်းဆိုတတ်တဲ့အကျင့်ဆိုးကို မပြုပြင်ဘူးဆိုရင် သင့်ရဲ့မကောင်းသတင်းကို တဖြည်းဖြည်းလူသိများလာရင် သင့်ကိုယုံကြည်တဲ့လူတစ်ယောက်မှရှိတော့မှာမဟုတ်ပါဘူး။ သင်က လစာကောင်းကောင်းလိုချင်တယ်…..ဒါပေမယ့်သင့်ရဲ့အင်္ဂလိပ်စာညံ့တဲ့အကျင့်ကိုပြုပြင်ဖို့ အင်္ဂလိပ်စာကိုပိုပြီးမလေ့လာချင်ရင် သင့်လစာလည်းမကောင်းနိုင်ပါဘူး။ ကွန်ပျူတာမသင်ချင်တဲ့အကျင့်ကို မဖျောက်သရွေ့ ကွန်ပျူတာနည်းပညာနဲ့ခေတ်စားတဲ့ခေတ်ထဲမှာ သင်ကျန်နေခဲ့မှာပါပဲ။ စသဖြင့် ကိုယ့်အတွက်ထိခိုက်စေတဲ့အရာအားလုံးကို မထိန်းချုပ်နိုင်ခြင်းက သင့်ကိုပျက်စီးစေမှာပါပဲ။
အဲဒါကြောင့် ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေ၊ ကိုယ့်ကိုဆုတ်ယုတ်စေတဲ့အရာတွေကို ကိုယ်တိုင်စည်းကမ်းသတ်မှတ်ပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ဖို့က အင်မတန်မှအရေးကြီးပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။