ကိုယ့်ကိုယ်ကိုယ်ဘယ်လိုစိတ်ချမ်းသာအောင်ဘယ်လိုထားမလဲ။

လောကမှာ ရှင်သန်နေရတဲ့ဘဝကို ပျော်ရွှင်ဖို့အတွက် အဓိကအကြောင်းရင်းကတော့ ကိုယ်ရထားတဲ့ဘဝကို ချစ်ဖို့က အရေးကြီးဆုံးပါပဲ။ ကိုယ့်ရထားတဲ့ဘဝကို ချစ်ဖို့ဆိုတာက ကိုယ်လုပ်ချင်လေးတွေ လုပ်နေရမယ်၊ ကိုယ်ရည်မှန်းထားတာလေးဖြစ်လာမယ်၊ ကိုယ့်ကိုတန်ဖိုးထားပြီး ကိုယ်ကလည်းတန်ဖိုးထားတဲ့ချစ်သူ၊ အိမ်ထောင်ဖက်ရှိမယ်၊ မပူပန်ကြောင့်ကြစရာလိုဘဲ ဝင်ငွေရှိမယ် စတဲ့အချက်တွေအများကြီးလိုပါသေးတယ်နော်။ အဲဒီ့အချက်တွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင်တော့ အဓိကက ကိုယ့်စိတ်ချမ်းသာမှုပါပဲ။


မဟုတ်ဘူးလား….ကိုယ်စိတ်ချမ်းသာနေမယ်ဆိုရင် အဲဒီ့အရာတွေအားလုံးကို ဖြစ်မြောက်လာအောင်ကြိုးစားချင်စိတ်ရှိမယ်၊ ဘာလုပ်လုပ်အကောင်းမြင်စိတ်ရှိမယ်၊ နောက်ဆုံး ထမင်းရည်သာသောက်နေရပါစေအုံး…..တစ်နေ့တော့ ငါမှန်းထားတာတွေဖြစ်လာမှာပေါ့ဆိုပြီး ကြိုးစားချင်စိတ်ရှိနေမှာ အသေအချာပါပဲ။ အဲဒါကြောင့် ဘဝမှာရှင်သန်နေထိုင်ဖို့အတွက် စိတ်ချမ်းသာခြင်း နံပါတ်တစ်အရေးကြီးဆုံးပါပဲနော်။ အဲဒါဆိုရင် စိတ်ချမ်းသာအောင် နေဖို့ ကိုယ့်ကိုယ်ကိုယ်သိဖို့လည်းလိုပါတယ်။ ဘယ်အရာတွေက ကိုယ့်ကို စိတ်ဒုက္ခပေးနေသလဲ၊ ဘယ်အရာတွေက ကိုယ့်ကိုထိခိုက်နစ်နာစေသလဲ၊ ဘယ်အရာတွေကတော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ခိုးယူနိုင်သလဲဆိုတာမျိုးကို သိထားမှသာ ဘယ်လိုစိတ်ချမ်းသာအောင်နေနိုင်မလဲဆိုတာ နားလည်မှာပါ။ အဓိကကတော့ သင်စိတ်ချမ်းသာစေဖို့အတွက်…..

၁) ပြဿနာသမားတွေနဲ့ ဝေးဝေးနေပါ။
ကိုယ်ကမရှာဘဲ ပြဿနာရှာလာပြီးမှ ကိုယ့်ဆီရောက်လာတတ်သူတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ရှောင်မရရင် ပညာရှိနည်းနဲ့ ရှောင်နိုင်အောင်ကြိုးစားပါ။ ကိုယ့်ကြောင့်မဟုတ်ဘဲ သူတို့ရှာလာတဲ့ပြဿနကြောင့် ကိုယ်ပါအာရုံနှောက်စိတ်ညစ်ရစေပါတယ်။ ကိုယ်ကတော့ စေတနာနဲ့ဖြေရှင်းပေးဖို့ကြိုးစားမယ်ဆိုရင်တောင် ကိုယ်ရှာလာတဲ့ပြဿနာကို ကိုယ့်ဟာကိုယ်တောင်မဖြေရှင်းနိုင်တဲ့လူတွေက သင့်ကိုအသုံးချပြီး ပဲလှော်ကြားဆားညှပ်သလိုအခြေအနေမျိုးကိုတောင် ကြုံရတတ်တာမို့ အထူးသတိထားသင့်ပါတယ်။ ကိုယ့်စိတ်ချမ်းသာခြင်းကို ခိုးယူမယ့်ဘယ်လိုအရာကိုမဆို ကိုယ့်အာရုံထဲမထည့်သင့်ပါဘူး။

၂) သင့်စိတ်ကိုအနှောင့်အယှက်ဖြစ်စေတာနဲ့ ချက်ချင်းရပ်တန့်လိုက်ပါ။
ကိုယ့်စိတ်ကို အမျိုးမျိုးအနှောင့်အယှက်ပေးတတ်တဲ့သူတွေလား ဒါမှမဟုတ် ဘယ်လိုကိစ္စမျိုးက ကိုယ့်ကိုစိတ်ညစ်စေသလဲဆိုတာ သိပါ။ ကိုယ့်စိတ်ကိုအနှောင့်အယှက်ဖြစ်စေတယ်ဆိုတာနဲ့ အဲဒီလိုပြဿနာ၊ အကြောင်းအရာတွေကို ချက်ချင်းရပ်ပစ်လိုက်ပါ။ လုံးဝအားမနာပါနဲ့။ အဲဒါက သင်ကို လူမှုရေးညံတယ်၊ ဒါမှမဟုတ် လူ့ဂွစာ ဒါမှမဟုတ် အားမနာတတ်သူလို့ ထင်ခံရနိုင်ပေမယ့် ဒါက သင့်ရဲ့ရွေးချယ်ခွင့်ပါပဲ။ သင့်ကြောင့်အခြားလူတစ်ယောက်အနှောင့်မယှက်မဖြစ်သေးသရွေ့ သင့်ကိုအနှောင့်အယှက်ဖြစ်စေမယ့်ကိစ္စကို ပြတ်သားစွာ ငြင်းပိုင်ခွင့်ရှိပါတယ်။ တကယ်တမ်းအဲဒီလိုပြတ်သားခြင်းက သင့်ကိုစိတ်ချမ်းသာစေပါတယ်။

၃) မနှစ်မြို့ဘူးလို့ထင်တာနဲ့ ကျော်သွားလိုက်ပါ။
Social network ပေါ်မှာဖြစ်ဖြစ် အပြင်လောကမှာဖြစ်ဖြစ် သင်စိတ်ထဲ အဆင်မပြေဘူးလို့ထင်တာနဲ့ ကျော်သွားလိုက်ပါ။ ဆက်ကြည့်နေတာက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ပိုဆိုးတာက ဝင်ပါလိုက်တာပါပဲ။ သင့်စိတ်ထဲမနှစ်မြို့လို့ မှန်တယ်ထင်သူဘက်ကနေ သင်ဝင်ပါလိုက်မယ်ဆိုရင် ပြဿနာက ပြေလည်မှာမဟုတ်ဘဲ ပြဿနာက သင့်ခေါင်းထဲ၊ သင့်စိတ်ထဲရောက်လာတာပဲအဖတ်တင်တာပါ။ အခန့်မသင့်ရင် သင်တောင် စိတ်အနှောင့်အယှက်ဖြစ်ရပါသေးတယ်။ အဲဒါကြောင့် သင့်စိတ်ထဲမနှစ်မြို့ဘူးထင်ရင်ကျော်သွားလိုက်ပါ တချို့ကိစ္စတွေမှာ နှစ်ဖက်အကြောင်းအရာအဖြစ်အပျက်ကို ကိုယ်တိုင်သေချာမှ မသိနိုင်တာလေ။ ကူညီလိုအပ်နေတဲ့လူဆိုရင်တော့ တစ်မျိုးပေါ့ ဥပမာ ကားလမ်းကူးရအခက်ကြုံနေတဲ့သက်ကြီးရွယ်အိုကို ကူညီပေးလိုက်တာမျိုး၊ ကလေးငယ်တွေကို ကားလမ်းကူညီကူးပေးလိုက်တာမျိုး။ ဘတ်စ်ကားပေါ် အသက်ကြီးသူ ဦးစားပေးထိုင်ခုံပေးလိုက်တာမျိုး၊ လမ်းမသိတဲ့လူကို လမ်းညွှန်ပေးလိုက်တာမျိုးတွေကတော့ လုပ်ပေးရမှာပဲ။ ဒါက ကူညီသင့်တဲ့ကိစ္စတွေပါ။ အဲဒီလိုမဟုတ်ဘဲ သင့်စိတ်ထဲ အဆင်မပြေ၊ သင်မနှစ်မြို့စေတဲ့ကိစ္စတွေကတော့ ဝင်မဖြေရှင်းပါနဲ့။ ဝင်မပါတာအကောင်းဆုံးပါပဲ။

၄) ဘာအကျိုးရှိလဲလို့ တွေးကြည့်ပါ။
ကိုယ့်ရဲ့အကျိုးရလဒ်ကို မျှော်ကိုးပြီး “ငါဒီကိစ္စကနေ ငွေဘယ်လောက်ရမလဲ၊ ငါ့အတွက် ဘာတွေရပိုင်ခွင့်ရှိမလဲ” ဆိုတဲ့ စီးပွားရေးအတွေးမျိုးနဲ့ တွေးခိုင်းတာမဟုတ်ပါဘူး။ ကိုယ်က ဒီကိစ္စမှာ ဝင်ပါတော့မယ်၊ ဝင်ဖြေရှင်းပေးတော့မယ်ဆိုရင် ကိုယ့်ကြောင့် သူများအကျိုးရှိနိုင်ပါ့မလား၊ တကယ်ကူညီသင့်တဲ့ကိစ္စဟုတ်ရဲ့လား။ တဖက်လူရဲ့သေရေးရှင်ရေးမက အရေးကြီးနေလို့ တဖက်လူအတွက် အကျိုးများသွားနိုင်သလား၊ တဖက်လူလည်း အဆင်မပြေနိုင်သလို၊ ကိုယ်လည်း အချိန်အလကားကုန်နိုင်မယ့်ကိစ္စမျိုး၊ ဒီကိစ္စကို ကူညီပေးလိုက်ပေမယ့် ကိုယ့်ကိစ္စအတွက် နောက်ဆံငင်နေရမှာလား၊ ဒါမှမဟုတ် ဒီကိစ္စထက် ကိုယ့်ရဲ့ကိစ္စက ပိုပြီး သေရေးရှင်ရေးမက အရေးကြီးနေသလား စသဖြင့် တွေးခိုင်းတာဖြစ်ပါတယ်။ အဲလိုအဖက်ဖက်က စုံလင်အောင်တွေးကြည့်ပြီးမှ ဆုံးဖြတ်ချက်ချတာပိုကောင်းပါတယ်။ သင်လည်း စနိုးစနှောင့်မဖြစ်တော့သလို နောက်ဆံလည်းမငင်တော့ပါဘူး။ သင့်စိတ်လည်းချမ်းသာစေပါတယ်။

၅) ကိုယ့်စိတ်ချမ်းသာခြင်းဟာဘာလဲသိအောင်လုပ်ပါ။
များသောအားဖြင့်က ကိုယ့်စိတ်ချမ်းသာအောင် ဘာလုပ်သင့်သလဲဆိုတာမသိဘဲ စိတ်ဆင်းရဲစေတဲ့ကိစ္စတွေမှာသာ လှောင်ပိတ်နေကြပါတယ်။ Henry Ford ပြောသလိုပေါ့ “လူအများစုက ပြဿနာကိုဖြေရှင်းတာထက် အဲဒီ့ ပြဿနာတွေနဲ့ပဲ အချိန်ကုန်နေတတ်ကြပါတယ်” တဲ့။ အခုကိစ္စမှာလည်း ကိုယ့်ကိုစိတ်အနှောင့်ဖြစ်စေတာက ဘာလဲဆိုတာသိပြီး၊ ကိုယ်စိတ်ချမ်းသာစေတာကဘာလဲလို့ သိရင် အဖြေပေါ်နေပါပြီ။ အဲဒါကြောင့် ကိုယ့်ကိုစိတ်ချမ်းသာစေတဲ့အရာတွေကိုသာ လုပ်ပါ။
ဥပမာ။ ကိုယ်က အပင်လေးတွေစိုက်ရတာပျော်နေတဲ့သူဆို ကိုယ့်စိတ်ထဲအနှောင့်အယှက်ဖြစ်နေပြီဆိုရင် အပင်လေးဆီပြေးလိုက်ပါ။ ကိုယ့်အာရုံကို စိတ်ညစ်စရာဆီကနေ ပျော်ရွှင်စရာဆီကို အာရုံပြောင်းဖို့သိဖို့ပါပဲ။

၆) စိတ်တည်ငြိမ်စေတဲ့အရာတစ်ခုခုလုပ်ဖို့ နေ့တိုင်းအချိန်သတ်မှတ်ထားပါ။
နောက်တစ်ခု ကိုယ့်အတွက်စိတ်တည်ငြိမ်စေတဲ့ ယောကလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ပုတီးစိတ်ခြင်းနဲ့ သက်ဆိုင်ရာဘာသာရေးလုပ်ခြင်း စတဲ့စိတ်တည်ငြိမ်စေတဲ့အရာတွေအတွက် အချိန်ပေးဖြစ်အောင်ပေးပါ။တစ်နေ့တစ်နာရီလောက်ဖြစ်ဖြစ်ပေါ့ ။ အိပ်ခါနီး ဖုန်းကွန်ပျုတာ ၊ တီဗီပိတ်ထားပြီး စာဖတ်တာမျိုးတွေပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။