ကိုယ့်ကိုယ်ကိုယ်ဘယ်လိုပိုချစ်ကြမလဲ။

ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းဆိုတာဘာလဲ။ အကျဉ်းချုပ်ဆိုရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်း (self-love) ဆိုတာက ခွင့်လွှတ်တတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်အရှိအတိုင်းလက်ခံတတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်လေးစားခြင်းဆိုတာတွေပါဝင်ပါတယ်။ သင့်ကိုသင်ချစ်ခင်တတ်လာတဲ့အခါ သင့်ကိုယ်သင်ဂရုစိုက်လာမယ်၊ သင့်ရဲ့အကန့်အသတ်၊ သင့်ရဲ့လုပ်နိုင်စွမ်းကို သင်ရိုးသားမယ်၊ သင့်ရဲ့လိုအပ်ချက်ကို သင်နားထောင်မယ်၊ သင့်ရဲ့အိပ်မက်တွေကိုအလေးထားမယ်၊ သင့်ရဲ့ပျော်ရွှင်မှုကိုအလေးထားမယ်၊ သင့်ရဲ့ကျန်းမာရေးကိုဂရုစိုက်မယ်၊ သင့်ကိုယ်သင်အလေးထားတတ်လာတဲ့အခါ အခြားသူများကိုလည်း အလေးထားရကောင်းမှန်းသိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တတ်လာရင် အခြားသူတွေကိုလည်း ချစ်ခင်ရကောင်းမှန်းနားလည်လာပါတယ်။ ကိုယ်ချင်းစာတတ်လာပါတယ်။


ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ဖို့အတွက် ဘယ်လိုချစ်ခင်ကြမလဲဆိုတဲ့ အလွယ်ဆုံးနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) ကိုယ့်ဖြစ်တည်မှုကိုလေးစားပါ။ ကိုယ်လုပ်ပိုင်ခွင့်ကို နားလည်ပါ။
NO လို့ပြောခြင်းက ရိုင်းတာမဟုတ်ပါဘူး။ ကိုယ့်အတွက် တကယ့်ကို မတတ်နိုင်တဲ့ကိစ္စမျိုး၊ ကိုယ့်ကို သက်တောင့်သက်သာမဖြစ်စေတဲ့ကိစ္စမျိုးကိုငြင်းတာက ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိတာဖြစ်ပါတယ်။ မငြင်းလိုက်ဘဲ yes ပြောလိုက်ပြီးကာမှ ကိုယ်ခံစားရတဲ့ခံစားချက်က လုံဝမကောင်းဘူးဖြစ်နေရင် ကိုယ်ပဲထိခိုက်မှာဖြစ်ပါတယ်။ အဲဒါကြောင့် Noလို့ပြောသင့်တာပြောပါ။ အခြားသူအဆင်ပြေဖို့ချည်း နံပါတ်တစ်ရှေ့တန်းတင်မိရင် နောက်ဆုံး သင်အဆင်မပြေတာတွေချည်းကြုံလာတတ်ပါတယ်။ အဲဒါက အတ္တကြီးပြီး ကိုယ်လိုချင်တာကို အခြားသူကို မငဲ့တာ၊ အခြားသူကို နင်းပြီးမှ ကိုယ်ဖြစ်ချင်တာကိုရအောင်ယူတာမျိုးနဲ့ လုံးဝ(လုံးဝ)မတူပါဘူးနော်။ သင့်အတွက် တကယ့်ကို မသက်မသာဖြစ်စေလို့ ငြင်းဆန်တာဖြစ်တဲ့အတွက် သင့်ကိုသင်လေးစားတာ၊ သင့်ခံစားချက်ကို အလေးထားတာ၊ သင့်ဖြစ်တည်မှုကို တန်ဖိုးထားတာဖြစ်ပါတယ်။ ထိုအရာတွေကြောင့် အခြားသူဒုက္ခရောက်အောင်လုပ်တာမဟုတ်ပါဘူး။ ကိုယ်လိုလိုချင်ချင်လုပ်ပေးချင်ရင် ခေါင်းငြိမ့်နိုင်ပြီး ကိုယ်လိုလိုချင်ချင်မလုပ်ပေးချင်တဲ့ကိစ္စကို ခေါင်းခါပိုင်ခွင့်ရှိပါတယ်။ အဲဒါက သင့်လုပ်ပိုင်ခွင့်ကိုနားလည်တာဖြစ်ပါတယ်။ ကိုယ့်ကြောင့် ကိုယ်အကျိုးရှိဖို့ အခြားသူကို အသုံးချတာနဲ့ မတူပါဘူး။

၂) ကိုယ့်ကိုယ်ကိုယ်လက်ခံဖို့ကြိုးစားပါ။
သင့်ရဲ့ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်၊ သင့်ရဲ့ရုပ်သွင်၊ သင့်ရဲ့ချို့တဲ့မှုနဲ့ပတ်သက်ပြီး အခြားသူတွေလက်မခံနိုင်တာထက် သင့်ကိုသင်လက်ခံနိုင်ဖို့က ပိုအရေးကြီးပါတယ်။ သင့်ကိုသင် “သွားခေါတယ်” လို့ လက်ခံထားတဲ့လူတစ်ယောက်ကို အခြားတစ်ယောက်က လာပြီး “သွားခေါတယ်…..” လို့ ပြောရင် သင့်အတွက်သိပ်ထိခိုက်နာကျင်မှာမဟုတ်တော့ပါဘူး။ သင်အသားမည်းတယ်လို့လက်ခံထားတဲ့လူတစ်ယောက်ကလည်း ထိုနည်းလည်းကောင်းပါပဲ။ လူတိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတာ နားလည်ပြီး သင့်မှာရှိတဲ့အားနည်းချက်ကိုလည်း သင်လက်ခံတတ်သွားရင် သင်စိတ်ချမ်းသာသွားပါလိမ့်မယ်။ သင်စိတ်ချမ်းသာခြင်းဟာ သင့်ကိုသင်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။ အဲဒီလိုမဟုတ်ဘဲ သင့်ရဲ့အားနည်းချက်ကိုပဲ တချိန်လုံးစိတ်ရောက်နေရင် အခြားသော ပြုပြင်ပြောင်းလဲနိုင်တဲ့အရာတွေကို သင်အာရုံမစိုက်နိုင်တော့ပါဘူး။ အဲဒါဆို သင့်ဘဝလည်း တိုးတက်မလာသလို စိတ်ဆင်းရဲနေတာနဲ့တင် စိတ်ရောလူပါ အလိုမကျဖြစ်နေရမှာပါ။

၃) ကိုယ့်စိတ်ခံစားချက်ကို ကိုယ်နားလည်ပါ။
ကိုယ့်ကို ဘယ်လိုလူတွေက နာကျင်စေသလဲ၊ ကိုယ့်ကို ဘယ်လိုလူတွေက သိမ်ငယ်စေသလဲ၊ ကိုယ့်ကို ဘယ်လိုလူတွေက ဒုက္ခပေးသွားကြသလဲ ဆိုတာမျိုးကို သိဖို့လိုပါတယ်။ ကိုယ်ပေါင်းသင်းပတ်သက်နေတဲ့လူတွေနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့စိတ်ခံစားချက်ကို ကိုယ်တိုင်နားလည်ဖို့လိုပါတယ်။ အဲဒါမှ ကိုယ့်ကို ကောင်းမွန်တဲ့စိတ်ခံစားချက်မဖြစ်ပေါ်စေတဲ့လူတွေကို ကိုယ်ရှောင်သင့်တာ သိလာမှာဖြစ်ပါတယ်။ အဲဒါက ကိုယ့်စိတ်ခံစားချက်ကို အလေးထားတာပါပဲ။ ကိုယ့်ကို ဘယ်လိုလူတွေက အားပေးသလဲ၊ ယုံကြည်မှုတိုးစေသလဲ၊ ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ဘယ်လိုလူတွေက ကိုယ့်ကို ပညာပေးနိုင်သလဲဆိုတာကို နားလည်ထားမှ ကိုယ်ပေါင်းသင်းသင့်တဲ့လူတွေကို သိလာမှဖြစ်ပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေပြီး သိမ်ငယ်စိတ်လျော့ကျစေပါတယ်။ အဲဒါသည် ကိုယ့်ကိုယ်ကိုယ်လေးစားခြင်း၊ ချစ်ခင်နည်းတစ်မျိုးပါပဲ။

၄) ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုအလေးထားပါ။
ကိုယ်တိုင်က စိတ်ချမ်းသာနေမှ အခြားသူများကိုလည်း စိတ်ချမ်းသာစေချင်စိတ်ဖြစ်ပေါ်မှာပါ။ ဘယ်အရာလေးတွေလုပ်နေခြင်းက ကိုယ့်ကို စိတ်ပြေလက်ပျောက်ဖြစ်ပေါ်စေပါသလဲသိပါ။ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်သောက်ခြင်းဆိုတာမျိုးတွေမဟုတ်ပါဘူးနော်။ ဘယ်လိုနည်းလမ်းနဲ့မှ သင့်ရဲ့ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးကို မထိခိုက်စေဘဲ သင့်ကို စိတ်ချမ်းသာစေတဲ့အရာမျိုးကို လုပ်ဆောင်ပါ။ သင်ဝါသနာပါရာလေးတွေ ဥပမာ၊ အပင်စိုက်ခြင်း၊ သိုးမွှေးထိုးခြင်း၊ ပန်းချီဆွဲခြင်း ၊ ခရီးထွက်ခြင်း စတာတွေပေါ့။ သင့်စိတ်ထဲ တက်ကြွလန်းဆန်းသွားစေမယ်၊ သင့်ရဲ့စိတ်ဖိစီးမှုတွေလျော့ကျစေမယ့်အရာတွေကို လုပ်ဆောင်ဖို့ သင့်ကိုသင်သိဖို့လိုတယ်လို့ပြောချင်တာပါ။
အတ္တကြီးတယ်ဆိုတာက ကိုယ့်အကျိုးအတွက်နဲ့ “ ဘယ်သူသေသေ ငတေမာရင်ပြီးရော…..” ဆိုတဲ့စိတ်နဲ့ ကိုယ့်ကျိုးတစ်ခုတည်းကြည့်ပြီး အခြားသူနစ်နာမှုကို လုံးဝမငဲ့တာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တာကတော့ ကိုယ့်ခံစားချက်ကိုအလေးထားပြီး ၊ ကိုယ့်ကြောင့်အခြားသူကို မထိခိုက်စေဘဲ ကိုယ့်လွတ်လပ်ခွင့်ကိုနားလည်တာ၊ ကိုယ့်ဖြစ်တည်မှုကို တန်ဖိုးထားတာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။