တွေးတော၊ ကြံစည်၊ ဖန်တီးပါ၊ တည်ဆောက်ပါ။

လူတစ်ယောက်ရဲ့အတွေးအခေါ်ပေါ်မူတည်ပြီး ဘဝတွေမတူကြပါဘူး။ အတွေးအခေါ်ကောင်းတဲ့သူတစ်ယောက်ရဲ့ဘဝဟာ အတွေးအခေါ်မကောင်းတဲ့သူတစ်ယောက်ရဲ့ဘဝနဲ့ ဘယ်လိုမှကို မတူညီနိုင်ပါဘူး။ အတွေးအခေါ်ကောင်းခြင်း၊ မကောင်းခြင်းဟာလည်း စာဖတ်ခြင်း၊ စာမဖတ်ခြင်းနဲ့လည်း သွယ်ဝှိုက်ပတ်သက်မှုရှိနေတယ်လို့ အကြမ်းဖျင်းယူဆလို့ရတယ်လို့ အက်မင်ကတော့ထင်ပါတယ်။


တွေးတော ကြံစည်ပြီးတဲ့နောက်မှာ ဖန်တီး၊ တည်ဆောက်ခြင်းမရှိရင်လည်း ဘာမှမဖြစ်လာနိုင်ပါဘူး။ တွေးတောခြင်းမရှိရင်လည်း ဖန်တီးမှုဖြစ်လာဖို့ မလွယ်ပါဘူး။ အဲဒါကြောင့် တွေးတောကြံစည်တာနဲ့ ဖန်တီးတည်ဆောက်တာက ဆက်စပ်နေပါတယ်။ အလကားနေရင်း ထိုင်တွေးနေရမှာမျိုး ပြောတာမဟုတ်ပါဘူးနော်။ လူတိုင်းက သူတို့ရောက်ရှိနေတဲ့နေရာကနေ ဘယ်လို တိုးတက်အောင်လုပ်နိုင်မလဲ၊ ဒီထက်အဆင်ပြေတိုးတက်အောင် ဘာလုပ်သင့်သလဲ၊ ဘာတွေလုပ်ရင် ဘယ်လိုတိုးတက်လာမလဲ စသည်ဖြင့် တွေးတောရမယ်လို့ ဆိုလိုတာပါ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိပြီးသားပါ။ ထိုတန်ဖိုးကို ပိုပြီး တန်ဖိုးမြင့်လာအောင် မြှင့်တင်တတ်ဖို့ပဲလိုတာပါ ရောက်နေတဲ့နေရာမှာတင် ရပ်တန့်မနေဘဲ(မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေးကို နောက်ချန်လို့) ရှေ့ဆက်သွားဖို့ လိုပါတယ်။ အဲဒီ့အတွက် ဒီအဆင့်ကနေ ဘယ်လိုထပ်ပြီးတိုးတက်နိုင်မလဲဆိုတာကို တွေးတောဖို့လိုပါတယ်။
အဲလိုမှမဟုတ်ရင်တော့ ဒီနေရာကနေ ဘယ်နေရာကိုမှရောက်နိုင်တော့မှာ မဟုတ်ပါဘူး။ မြင့်မြင့်တက်မှ ဝေးဝေးထိအောင် မြင်နိုင်မှာပါနော်။ တော်တော်များများက(အက်မင်တို့အပါအဝင်) တစ်ခုခုကို တွေးတောကြံစည်ကြပါတယ်။ တကယ်တမ်းလက်တွေ့လုပ်ကြည့်ဖို့တော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ တွန့်နေတတ်ကြပါတယ်။ “ငါ့မှာ လုပ်ငန်းတခုစတင်ဖို့ အကြံတော့ရှိပါတယ်၊ အရင်းအနှီးမရှိဘူး” ဆိုတာမျိုး၊ “ငွေမှမရှိတာ လုပ်ငန်းကို ဘယ်လိုချဲ့ထွင်မလဲ” ဆိုတာမျိုး၊ “ငွေရဖို့ အခွင့်အရေးမရသေးဘူး” ဆိုတာမျိုးနဲ့ အခွင့်အရေးကို ထိုင်စောင့်နေတာမျိုးနဲ့ ကြံစည်တွေးတောပြီးတဲ့နောက်မှာတင် တစ်နေတတ်ကြပါတယ်။
အက်မင်ပြောချင်တာကတော့ တွေးတော ကြံစည်ပါ။ ပြီးတဲ့နောက်မှာတော့ အကြောင်းပြချက်တွေကို မေ့ထားလိုက်ပါ။ ဘယ်လိုဖြစ်အောင်လုပ်ရင် ရနိုင်မလဲ…..လို့ ပြောင်းတွေးကြည့်ပါနော်။ တကယ်လုပ်နိုင်မယ့် နည်းလမ်းတွေ ပေါ်ထွက်လာပါလိမ့်မယ်။ အဲဒီအခါမှာ သင့်အတွေးတွေကို အတွေးနေရာမှတင် ရပ်တန့်မထားဘဲ စတင်ဖန်တီးပါ၊ တည်ဆောက်ပါ။ ပုံပေါ်လာပါလိမ့်မယ်။ ဘယ်အရာမဆိုတော့ မလွယ်ကူဘူးပေါ့။ ဥပမာ။ စာဖတ်သူက ဆိုက်ကားနင်းပြီးအသက်မွေးရတဲ့သူတစ်ယောက်ဆိုပါတော့ နေ့တိုင်းဆိုက်ကားပဲနင်းပြီး အသက်မွေးနေပေမယ့် ဒီလုပ်ငန်းကနေ ဘယ်လိုချဲ့ထွင်မလဲစဉ်းစားပါ။ တွေးပါ။ ဆိုက်ကားအုံနာအဆင့်ထိ ဖြစ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ…..ထိုကဲ့သို့တွေးကြည့်ပါ။ တွေးပြီးတဲ့နောက် ဆက်လုပ်ရမယ့် လမ်းကြောင်းကိုဖြစ်နိုင်မယ့်လမ်းကြောင်းကို တွေးကြည့်ပါ။ အလားတူပါပဲ။ စာဖတ်သူက စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ချင်တယ်၊ အရင်းအနှီးမရှိဘူးဆိုရင် ဘယ်လိုလုပ်ရင် စတင်နိုင်မလဲ တွေးတောပါ၊ကြံစည်ပါ။ မဖြစ်နိုင်ပါဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သင့်ဦးနှောက်ကစဉ်းစားနိုင်စွမ်းကို ပိတ်ဆို့မပစ်လိုက်ပါနဲ့။ မဖြစ်နိင်ဘူးလို့တွေးတာနဲ့ သင့်လုပ်ငန်းစနိုင်မှာမဟုတ်ပါဘူး။
ဥပမာအနေနဲ့ KFC ကြက်ကြော်ပိုင်ရှင်တောင်မှ လက်ထဲမှာ ၁၀၅ဒေါ်လာနဲ့ စတင်ခဲ့ရတာပါပဲ။ သူ့လက်ထဲမှာရှိတဲ့ “၁၀၅ဒေါ်လာလောက်နဲ့ လုပ်ငန်းတခုဘယ်လိုမျိုး စတင်မလဲ…..” ဆိုပြီး မဖြစ်နိုင်ဘူးဆိုတဲ့ အဖျက်အတွေးမျိုးသာ တွေးမယ်ဆိုရင် ခုချိန်ထိ KFC ဆိုတာဖြစ်လာမှာမဟုတ်ပါဘူးနော်။ ကိုယ်လက်ထဲရှိနေတာလေးနဲ့ ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးက အရေးကြီးပါတယ်။ အဲဒီ့နောက်မှာမှ စတင်ပြီး ဖန်တီးဖို့ လမ်းကြောင်းတွေရှာနိုင်မှာပါ။ နောက်ဆုံးမှာတော့ အသေးဆုံးပဲဖြစ်ပါစေ၊ ကိုယ်ဖြစ်ချင်တာကို စတင်တည်ဆောက်ပါ။ အသေးဆုံးက စတင်ပါ၊ အကြီးဆုံးထိ မျှော်မှန်းပြီး တည်ဆောက်ပါ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးနော်။
ဒီနေ့ကစပြီး စာဖတ်သူတွေမှာလည်း မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေးမျိုးရှိရင် ပြင်လိုက်ပါ၊ ဘယ်လိုလုပ်ရင်ဖြစ်နိုင်မလဲဆိုတာမျိုး တွေးတောပါ၊ ကြံစည်ပါ၊ ပြီးရင်တော့ ဖန်တီးပါ၊ စတင်တည်ဆောက်ကြည့်လိုက်ပါနော်။ အချိန်တစ်ခုရောက်လာတဲ့အခါ တစ်ခုခုတော့ ဖြစ်လာနိုင်ပါတယ်လို့ အားပေးလိုက်ပါတယ်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။