ဘာကိုမှ အလေးအနက်မထားတတ်သူတို့၏ အမူအကျင့်များ

သင့်ပတ်ဝန်းကျင်မှာ ဘာကိုမှအလေးအနက်မထားတတ်တဲ့သူမျိုးကို တွေ့ဖူးမှာပါ။ ထိုသူမျိုးက ဘယ်တော့မှလည်း ရောက်ရှိနေတဲ့နေရာကနေ တိုးတက်မှာမဟုတ်သလို၊ လက်ရှိရောက်နေတဲ့ နေရာထက် နိမ့်ကျတဲ့နေရာမျိုးကိုတောင် ကျဆင်းသွားနိုင်ပါသေးတယ်။ ထိုသူမျိုးက ဘဝကို ပေါ့ပါးစွာဖြတ်သန်းနေတတ်ပြီး ဘယ်သူ့အတွက်မှ ကောင်းကျိုးမပေးတတ်ပါဘူး။ ပတ်ဝန်းကျင်ကော မိသားစုကိုကော ကောင်းကျိုးမပေးနိုင်တဲ့ ထိုသူမျိုးရဲ့အမူအကျင့်တွေကို အကြမ်းဖျင်းဖော်ပြပေးလိုက်ပါတယ်။


၁) အစီအစဉ်အတည်တကျမရှိခြင်း
ဘယ်အလုပ်မဆို၊ ဘယ်အကြောင်းအရာကိစ္စမဆို ကြိုတင်စီစဉ်ထားတယ်ဆိုတာမရှိပါဘူး။ သူ့လိုလူမျိုးက “အေးဆေးပါ…ကြည့်လုပ်မှာပေါ့” ဆိုတဲ့စကားမျိုးကို ယုံစားမိသူကတော့ ဒုက္ခနဲ့လှလှနဲ့တွေ့တော့မှာ သေချာပါတယ်။ ဘဝအတွက်လည်း အစီအစဉ်မရှိသလို အလုပ်နဲ့ပတ်သက်ပြီး မနက်ဖြန်ဘာလုပ်မယ်၊ တစ်လအတွင်းဘာလုပ်မယ် စသဖြင့် ဘာမှကို မစီစဉ်ထားဘဲ ကြုံသလို၊ အဆင်ပြေသလို လုပ်တတ်တာကြောင့် မအောင်မြင်တတ်သူတွေထဲမှာ ထိပ်ဆုံးကပါပါတယ်။

၂) ရည်မှန်းချက်မရှိခြင်း
ဘာဖြစ်ချင်တယ်၊ ဘာအတွက် သင်တန်းတက်မယ်၊ ဘာဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက်မျိုး မတွေးထားတတ်ပါဘူး။ အဲဒါကြောင့် သူ့ဘဝကိုလည်း ဘာနဲ့ရပ်တည်ရမယ်မှန်းမသိပါဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘယ်နေရာမှာမှ သေချာရေရာတာမရှိဘဲ အဖြစ်မရှိတဲ့သူမျိုးပေါ့။ မျက်လုံးမှိတ်ပြီး လမ်းလျှောက်နေတဲ့သူနဲ့ တူပါတယ်။ လမ်းတော့လျှောက်နေတာပါပဲ….ဘယ်သွားရမယ်ဆိုတာမသိဘဲ လျှောက်လက်စနဲ့တော့ လျှောက်နေတာပါပဲ။

၃) ခပ်ပေါ့ပေါ့တွေးခြင်း
ဘယ်အကြောင်းအရာကိစ္စမဆို အရေးကြီးတယ်လို့ တစ်ခါမှ မတွေးတဲ့သူမျိုးပါ။ သူ့မေးလိုက်ရင် ဘယ်အရာမဆို ဖြစ်လာမှာပေါ့…လို့ ပြောတတ်သူမျိုးပေါ့။ အကြောင်းအကျိုးဆက်စပ်ပြီး ဖြစ်လာနိုင်ချေကို မတွေးပါဘူး။ အဲဒီ့အတွက် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကိုလည်း မသိပါဘူး။ ဖြစ်လာရင်လည်း အချိန်တန်ပြီးသွားမှာပဲလို့ ခပ်ပေါ့ပေါ့တွေးတတ်သူမျိုးပါ။ လူ့အာပလာဆိုတာ အဲလိုလူမျိုးပါ။

၄) စကားကိုလည်း လျှာအရိုးမရှိတိုင်းပြောတတ်ခြင်း
ကိုယ်တိုင်တောင် ဘာဖြစ်ရမယ်၊ ဘယ်အချိန်ဘာဖြစ်ရမယ်လို့ မသတ်မှတ်ထားဘဲ လူအထင်ကြီးအောင်တော့ လျှာအရိုးမရှိတိုင်းလျှောက်ပြောတတ်ပါတယ်။ တကယ်တော့ သူကိုယ်တိုင်တောင် ဘာဖြစ်ရမှန်းမသိပေမယ့် အခြားသူများကိုတော့ အကြီးကြီးတွေလျှောက်ပြောတတ်သူမျိုးလည်းဖြစ်ပါတယ်။
အထက်ပါအချက်တွေရှိနေပြီဆိုရင်တော့ အကျင့်တွေမစွဲခင်မှာ ချက်ချင်းပြင်သင့်နေပါပြီနော်။ ထိုအကျင့်တွေနဲ့အမြဲနေသားကျနေတဲ့သူမျိုးဆိုရင်လည်း ဝေးဝေးကနေရှောင်သင့်ပါတယ်။ မရှောင်နိုင်ရင်တောင် သူ့အကျင့်ကိုသိနေတဲ့အတွက် ဖြစ်နေချေရှိတဲ့အကျိုးတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်ပေါင်းစိတ်ခွာဆက်ဆံရေးမျိုးနဲ့သာ ဆက်ဆံသင့်ပါတယ်လို့ ဖော်ပြပေးလိုက်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။