ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်မလဲ

ကလေးတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့လိုသလို စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့လည်း အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာမကျန်းမာနိုင်တဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာအရပါ ကျန်းမာရေးချို့တဲ့လာနိုင်ပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ မကျန်းမာတဲ့ကလေးတစ်ယောက်က စိတ်ဓာတ်ခိုင်မာမှုမရှိသလို၊ သူ့ကိုယ်သူလည်း ယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ခုတစ်ခါမှာတော့ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။


၁) သင်မဆုံးမခင် ကလေးပြောပြတာကို စိတ်ပါလက်ပါနားထောင်ပါ။
ကလေးပြောပြတာကို စိတ်ဝင်တစားနားထောင်ပါ။ သူကပြောရင် ပြောတဲ့စကားအလိုက် ကိုယ်က ပြန်ပြီး ကလေးတစ်ယောက်လို ပြန်မေးပါ။ ဥပမာ။ သားသူငယ်ချင်းကဘယ်လိုဆိုပြီး ပြောရင် “ဟုတ်လား……သားသူငယ်ချင်းကတော်လိုက်တာနော်၊ သားကိုချစ်ရဲ့လား၊” စသည်ဖြင့်ပေါ့။ ကလေးပြောတဲ့စကားတွေထဲကနေ သူငယ်ချင်းက ဘယ်လိုသူငယ်ချင်းမျိုးလဲ။ အနိုင်ကျင့်တတ်တဲ့ကလေးမျိုးလား။ ကိုယ့်ကလေးက ကျောင်းသွားနေတယ်ဆိုရင်ကျောင်းမှာပျော်ရဲ့လား၊ ဒါမှမဟုတ် မူကြိုမှာပျော်ရဲ့လား။ ကလေးပတ်သတ်နေတဲ့ ကလေးပတ်ဝန်းကျင်ကဘယ်လိုဆိုတာ ကလေးရဲ့စကားထဲကနေ သင်ခန့်မှန်းနိုင်ပါတယ်။ ကလေးရဲ့စကားတွေထဲကနေ ကလေးရဲ့တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သင်သတိထားနိုင်သလို၊ သွန်သင်သင့်တာသွန်သင်နိုင်ပါတယ်။
၂) စိတ်ရှည်ပါ။
ကလေးအပေါ်မှာ စိတ်ရှည်ပါ။ ကိုယ်တွေလည်း ကလေးဘဝတုန်းက ဒီလိုပဲဖြတ်သန်းလာရတာလေ၊ မလုပ်တတ်တာလေးတွေကို လုပ်တတ်အောင် သင်ပြပေးရတာပဲမို့၊ ကလေးကျမှ ညံံ့လိုက်တာ၊ ကြာလိုက်တာ၊ စိတ်တိုလာပြီ…..မပြီးတော့ဘူး စသည်ဖြင့် မငြိုငြင်မိပါစေနဲ့။ အဲလိုငြိုငြင်းက ကလေးရဲ့ သူ့ရဲ့လုပ်နိုင်စွမ်းကို ယုံကြည်မှုကျဆင်းစေပါတယ်။
၃) အမှန်ကိုပဲပြောပါ။ မလိမ်မိပါစေနဲ့။
သင့်နေ့စဉ်ဘဝမှာ ဘယ်လိုလူတွေကို စိတ်ပျက်မိသလဲ။ အဲလူတွေရဲ့အမူအကျင့်တွေကို မှတ်ထားပါ။ သင့်ကလေးကို အဲလိုလူမဖြစ်အောင် သွန်သင်ပါ။ အဲဒီ့ထဲမှာ လွယ်လွယ်လိမ်တတ်တဲ့သူလည်း ပါမယ်ထင်ပါတယ်။ အဲဒါဆိုရင်တော့ သင့်ကလေးကို သင်ကိုယ်တိုင်မလိမ်ပါနဲ့။ အတတ်နိုင်ဆုံး သူနားလည်လောက်မယ့် စကားလုံးကို ရွေးပြီး အမှန်အတိုင်းပြောပြပေးပါ။ ကလေးမို့နားမလည်သင့်တာ မရှိပါဘူး။ သူ့အရွယ်နဲ့သူသိသင့်တာ အမှန်အတိုင်းရှင်းပြပါ။ သင်ကိုယ်တိုင်က ကလေးမို့အလေးမထားဘဲ လွယ်လွယ်လိမ်ရင်တော့ သေချာပါတယ် သင့်ကလေးလဲ သင့်အတိုင်းဖြစ်လာမှာပါပဲ။
၄) ကလေးကို ပေးထားသော ကတိကို ကိုယ်တိုင်တည်ပါစေ။ အဲဒါမှကလေးကလည်း ကတိတည်တတ်မှာပါ။
အပေါ်မှာပြောထားသလိုပါပဲ။ ကလေးကို သင်လုပ်သလို ကလေးကလည်း သင်ကိုနမူနာယူတာမို့ သင်နေထိုင်တဲ့အတိုင်းဖြစ်လာမှာပါ။ အဲဒီ့တော့ သင်ကတိတည်ပါစေ။ ဥပမာ။ ဒီစာအုပ်ပြီးအောင်ဖတ်ရင် ပန်းခြံလိုက်ပို့မယ် လို့ ကတိပေးထားရင် ကလေးက စာအုပ်ဖတ်ပြီးတဲ့အခါ သင်ကလည်း ကတိတည်ပါစေ။ အဲလိုမဟုတ်ဘဲ ကလေးမို့လို့ လွယ်လွယ်နဲ့ “ဒီနေ့မသွားနဲ့တော့….အလုပ်ရှိလို့” ဆိုပြီး ကတိဖျက်လိုက်ရင်
နောက်တစ်ခေါက်သင်ကတိပေးပြီး ကလေးကိုတစ်စုံတစ်ခုခိုင်းတဲ့အခါ ကလေးက လုပ်မှာမဟုတ်တော့ပါဘူး။ ကလေးအတွေးမှာ “ငါမေမေခိုင်းတာလုပ်ထားလည်း မေမေက ငါ့ကို သူပေးတဲ့ကတိအတိုင်းလုပ်ပေးမှာမှမဟုတ်တာ။ မလုပ်တော့ဘူး….” လို့ ပြန်တွေးပါလိမ့်မယ်။ အဲဒါဆိုရင်တော့ သင့်ကလေးက ကတိလွယ်လွယ်ပေးပြီး လွယ်လွယ်ကတိဖျက်တဲ့သူဖြစ်သွားပါလိမ့်မယ်။
၅) မဆုံးနိုင်တဲ့မေးခွန်းတွေ မေးခွင့်ပေးပါ
ကလေးက ခုမှ သင်ယူနေတုန်းပါ။ အဲဒါကြောင့် သူမသိတာတွေများပါတယ်။ အဲဒါကြောင့် မေးခွန်းတွေလည်း များမှာပါ။ အတတ်နိုင်ဆုံး သူနားလည်လွယ်မယ့်စကားလုံးကို ရွေးပြီး ဖြေပေးပါ။ မေးခွန်းများများမေးတဲ့အတွက် သင်ဖြေသမျှ အဖြေကို သူက မှတ်သားထားပါတယ်။ အဲဒါကြောင့် ဝေါဟာရ ကြွယ်ဝပါတယ်။ သူများကလေးတွေ မပြောတတ်တာမျိုးကို သူကပြောတတ်မယ်၊ စဉ်းစားတတ်မယ်။ သူ့ကိုသူယုံကြည်မှုရှိလာပါလိမ့်မယ်။ သင်မေ့သွားလောက်တဲ့အချိန်မှာ သင်မထင်ထားတဲ့အဖြေစကားမျိုးက သင့်ကိုအံ့သြစေပါလိမ့်မယ်။
၆) အပြန်အလှန်လေးစားတတ်မှုပေးပါ
ကလေးအနားမှာနေတဲ့လူကြီးအချင်းချင်း လေးစားစွာဆက်ဆံပြပါ။ ကလေးကိုလည်း လေးစားမှုပြုပါ။ ကလေးက တစ်ခုခု ကိုယ့်ကိုကူညီပေးတဲ့အခါ ကိုယ်ကစပြီးကလေးကို ကျေးဇူးတင်ပါတယ်….ဆိုပြီး ပြောပေးပါ။ ကလေးကို အခြားသူတွေကိုလည်း ကျေးဇူးတင်တတ်အောင် သင်ပေးပါ။ အခြားသော လေးစားမှုပြုတတ်တဲ့အကျင့်တွေ ပါ ကိုယ်က နမူနာဖြစ်အောင် နေပေးပါ။ ဥပမာ။ ကိုယ်က မှားယွင်းပြီးကလေးမလုပ်တဲ့ကိစ္စကို အပြစ်တင်မိတယ်ဆိုပါတော့ အမှန်ကိုသိသွားတဲ့အခါ ကလေးကိုဖက်ပြီး “ဆောရီးသားရယ်။ မေမေက သားလုပ်လို့ဖြစ်တယ်ထင်ပြီး ဆူလိုက်မိတာ။ ဆောရီးပါကွယ်” ဒါမျိုး အပြုအမူက ကလေးကလည်း သင့်ကို သူမှားရင်ဆောရီးပြောတတ်သွားပါလိမ့်မယ်။
၇) ခွင့်လွှတ်တတ်ဖို့သင်ကြားပေးပါ
တစ်ချို့သော ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကို နားမလည်ကြသူတွေက ကလေးကို စနောက်တာ၊ သရော်တာလှောင်ပြောင်တာမျိုးလုပ်တဲ့အခါ ခွင့်လွှတ်တတ်ဖို့သင်ကြားပေးပါ။ တစ်ချို့မိဘတွေက
“သားကို လျှာထုတ်ပြတယ်မလား……ပြန်လျှာထုတ်ပြလိုက်သား။ သူက သားခေါင်းကို ပုတ်သွားတယ်မလား၊ ပြန်ချလိုက်သား။” ဆိုပြီး သင်ပေးတတ်ပါတယ်။ အဲလိုမျိုး ကလေးကိုမလေးစားတတ်သူတွေ့ရင် “သားရေ မသိချင်ယောင်ဆောင်နေလိုက်ပါ၊ ရှောင်ထွက်လိုက်ပါ…..” လို့ သင်ပေးတာက ပိုကောင်းပါတယ်။ ကလေးချင်းရန်ဖြစ်ရင်တောင် ကိုယ့်ကလေးဘက်ကနေ ကိုယ်တိုင်က ရန်တွေ့တာမျိုးမလုပ်ဘဲ အတတ်နိုင်ဆုံးရှောင်ဖို့သင်ကြားပါ။ မရှောင်နိုင်ရင် ကလေးမိဘကို တိုင်ဖို့သင်ကြားထားပါ။ ပြီးရင် ခွင့်လွှတ်လိုက်ဖို့ သင်ပေးပါ။ ခွင့်လွှတ်ခြင်းက ဘယ်လောက်စိတ်ထဲမှာပေါ့ပါးစေသလဲ ပြောပြပေးပါ။ တစ်ချို့မိဘတွေက မှတ်ထားပြီး အလှည့်ကျရင် ပြန်လုပ်ဖို့သင်ပေးတတ်တာမျိုးတွေ့ဖူးပါတယ်။ အဲလိုမျိုးမလုပ်မိပါစေနဲ့။ အဲဒါက ကလေးရဲ့စိတ်ထဲမှာ အငြိုးတကြီးဒေါသဖြစ်အောင် သွယ်ဝှိုှုက်ပြီးသင်ပေးနေတာပါပဲ။ ကလေးက ကလေးရဲ့စိတ်ကို ရိုင်းစိုင်းစေပါတယ်။
၈) ချီးကျူးပေးပါ
ကလေးက အောင်မြင်အောင် တစ်ခုခုလုပ်နိုင်တယ်ဆိုပါတော့ တော်လိုက်တာ……အရမ်းဉာဏ်ကောင်းတာပဲ….စသည်ဖြင့် ချီးကျုးပေးပါ။ အဲဒါက ကလေးကိုသူ့ကိုယ်သူယုံကြည်မှု self confidence ရစေပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတဲ့ကလေးဟာ အရာရာမှာ အောင်မြင်အောင် ကြိုးစားတတ်လာပါတယ်။ ကျရှုံးမှုတွေကြုံရရင်တောင် ပြန်ပြီး နလန်ထူနိုင်တဲ့ကလေးမျိုးဖြစ်လာပါတယ်။
၉) မကြာမကြာပွေ့ဖက်ပေးပါ။
မကြာမကြာပွေ့ဖက်ပေးပါ။ သင့်ကလေးကို အလုပ်တွေအရမ်းများကို ဂရုမစိုက်မိဘူးဆိုရင်တောင် ညမအိပ်ခင် ကြင်နာစွာပွေ့ဖက်ပြီး ချစ်တဲ့အကြောင်းပြောပေးပါနော်။
၁၀) အတူကစားပေးပါ၊ အတူကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
ကလေးအတွက် တစ်နာရီလောက်ဖြစ်ဖြစ် ကလေးတစ်ယောက်လို လိုက်ကစားပေးလိုက်ပါ။ လေ့ကျင့်ခန်းလုပ်ဖို့ကတော့ တကူးတကမလိုပါဘူး။ ဥပမာ။ ဈေးသွားကြမယ်ဆိုရင် သားအမိတွေ အတူတူလမ်းလျှောက်သွားကြတာမျိုး၊ ကျောင်းကအပြန် အိမ်ကိုလမ်းလျှောက်ပြန်ကြတာမျိုးကလည်း လေ့ကျင့်ခန်းဖြစ်တာပါပဲ။ အဲဒါက သင်နဲ့ကလေးကြားမှာ ပိုပြီးနွေးထွေးမှုဖြစ်စေပါတယ်။ ကလေးစိတ်ထဲမှာလည်း ပိုပြီး လုံခြုံမှုကို ခံစားရစေပါတယ်။
ကလေးတွေရဲ့အသက်အရွယ်နေထိုင်မှုပုံစံအရတော့ အလိုက်သင့်ပြောင်းလဲမှုရှိနိုင်ပါတယ်နော်။ အဓိကကတော့ ကလေးရဲ့စိတ်ထဲမှာ နွေးထွေးမှု၊ ယုံကြည်မှု၊ လုံခြုံမှု ခံစားရဖို့ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသော ကလေးတွေဖြစ်ကြဖို့ ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။