ကလေးတွေအတွက် အဖေတစ်ယောက်ရဲ့ပုံရိပ်က ဘယ်လောက်အရေးပါသလဲ

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ အင်မတန်မှ ခက်ခဲပြီး တာဝန်ကြီးတဲ့အလုပ်ဖြစ်ပါတယ်။ ကလေးတစ်ယောက်ကနေ တာဝန်သိတတ်သောလူကြီးတစ်ယောက်ဖြစ်လာဖို့၊ လူလိမ္မာ၊ လူကောင်းတစ်ယောက်ဖြစ်လာဖို့၊ ကိုယ်ချင်းစာနာတတ်တဲ့လူတစ်ယောက်ဖြစ်လာဖို့၊ ပညာဉာဏ်ပြည့်ဝသောလူကောင်းတစ်ယောက်ဖြစ်လာဖို့ ၊ လူတော်တစ်ယောက်ဖြစ်လာဖို့ စသည်ဖြင့် အများကြီး ပါပဲ။ ထိုတာဝန်ကို မိဘနှစ်ဦးစလုံးက တာဝန်ယူထားရပါတယ်။ များသောအားဖြင့်ကတော့ ကျွန်တော်တို့ဆီမှာက အိမ်ထောင်ဦးစီးသည် ငွေရှာဖို့သာ အာရုံထားတတ်ပြီး ကလေးသူငယ်ပျိုးထောင်ခြင်းနဲ့ ပြုစုခြင်းကို မိခင်ဖြစ်သူမှာသာ လုံးဝတာဝန်ရှိသူအဖြစ် ပုံအပ်ထားတတ်ကြပါတယ်။


မေးကင်းစကလေးက နေ့ခင်းဘက်မှာ အိပ်ပြီး ညဘက်မှာ တစ်ညလုံးနိုးနေပြန်ရင်လည်း ဒီမိခင်ဖြစ်သူကပဲ တစ်ညလုံးမအိပ်ဘဲ ကလေးနဲ့အတူ နေရပြန်ပါတယ်။ ကလေးကို တစ်ညလုံးချီပြီး လမ်းလျှောက်ရင်း သိပ်ရပြုရပြန်ပါတယ်။ ထိုအခြေအနေမျိုးမှာတောင် ဖခင်ဖြစ်သူရဲ့ ဖေးမကူညီမှုမျိုးကို လိုအပ်နေတာပါ။ ဖခင်ဖြစ်သူက မိခင်ရဲ့အကူအညီလိုအပ်နေမှုကို နားလည်ပေးမယ်၊ အားနည်းနေတဲ့မိခင်ဖြစ်သူကို တရေးတမောအိပ်စက်စေပြီး နေ့နဲ့ညမှားနေတဲ့ကလေးကို ထိန်းကျောင်းပေးမယ်။ စသည်ဖြင့် အသေးအဖွဲလေးတွေက အစ ဖခင်မှာပါ တာဝန်သိရင်သိသလို တာဝန်ရှိတာဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ ကလေးတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းအရာအားလုံးဟာ သူ့ရဲ့မွေးသမိခင်မှာ မူတည်သလို မွေးသဖခင်မှာလည်း မူတည်နေပါတယ်။
ကလေးတစ်ယောက် အထူးသဖြင့် ယောကျာ်းလေးတစ်ယောက်ဟာ အသက် ၆နှစ်အထိမှာ မိခင်ဖြစ်သူနဲ့အနေနီးပြီး မိခင်ဖြစ်သူရဲ့ အကျင့်စရိုက်က ဖုံးလွှမ်းမှုရှိနိုင်နေပေမယ့် ၆နှစ်ကနေ ၁၄ အတွင်းမှာတော့ ဖခင်ဖြစ်သူရဲ့အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုကို စတင်အတုခိုးတဲ့အရွယ်ဖြစ်လာပါတယ်။ ထိုအခါမှာ ဖခင်ဖြစ်သူက ဘယ်လိုနေထိုင်သလဲဆိုတဲ့ပေါ်မူတည်ပြီး ကလေးက အဖေဖြစ်သူရဲ့အရိပ်တစ်ခုလိုဖြစ်လာပါတော့တယ်။ သားလေးတစ်ယောက် လူကောင်းလူလိမ္မာဖြစ်ဖို့ ဖခင်ဖြစ်သူရဲ့အနေအထိုင်၊ အကျင့်အကြံ၊ အပြောအဆို၊ ဆုံးမသွန်သင်ပုံက အဓိက ကျလာပါတယ်။ ဒါကတော့ သားဖြစ်သူမွေးထားတဲ့အဖေတွေအတွက် အဖေတွေရဲ့ပုံရိပ်က ဘယ်လောက်အရေးပါသလဲဆိုတာပဲဖြစ်ပါတယ်။ သားဖြစ်သူဆေးလိပ်စသောက်တာက အဖေဖြစ်သူရဲ့ဆေးလိပ်ဖြစ်နေတတ်ပါတယ်နော်။ အဲဒါကြောင့် သားမွေးထားသူတွေအတွက် အဖေတစ်ယောက်ရဲ့ပုံရိပ်က အရမ်းအရေးကြီးပါတယ်။ ပတ်ဝန်းကျင်မှာ သားယောကျ်ားလေးမွေးထားတာမို့ စိတ်ပူစရာမလိုဘူးလို့ ထင်တတ်တဲ့မိဘမျိုးတွေ အထူးသတိထားသင့်ပါတယ်။
အဲဒီလိုပါပဲ…… သမီးမိန်းကလေးပဲမွေးမွေး၊ သားယောကျာ်းလေးပဲမွေးမွေး အဖေတစ်ယောက်က မိသားစုရဲ့ဦးစီးဦးဆောင်မို့ အဖေတစ်ယောက်ရဲ့ပုံရိပ်က အားလုံးအပေါ်လွှမ်းမိုးမှု အနည်းအများတော့ ရှိနေတတ်တာပါပဲ။ အဖေတစ်ယောက်က တာဝန်သိစိတ်ရှိပြီး မိသားစုမှာ သူရဲ့အရေးပါမှုကို သိတဲ့အတွက် သားသမီးတွေအနေနဲ့ အဖေတစ်ယောက်ကို သူရဲကောင်းတစ်ယောက်လို အားကိုးချင်စိတ်ဖြစ်လာစေပါတယ်။ စိတ်လုံခြုံမှုပေးနိုင်ပါတယ်။ တစ်ခုခုဆို အဖေက ကာကွယ်ပေးတဲ့အတွက်ကြောင့် ကလေးတွေရဲ့စိတ်မှာ အနာတရမဖြစ်နိုင်သလို၊ အပြည့်အ၀ အကြောက်အလန့်မရှိဘဲ ရဲဝင့်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုကလည်း ပိုရှိနေတတ်ပါတယ်။ ကြိုးစားချင်စိတ်လည်း ပိုများပါတယ်။ အဖေကိုလည်း အတုယူတတ်ကြပါတယ်။ အဲဒါကြောင့် ကလေးငယ်တွေရဲ့ အကျင့်စာရိတ္တကလည်း အဖေဖြစ်သူကို အားကျရာကနေ ကောင်းခြင်းဆိုးခြင်းဖြစ်လာတတ်ပါတယ်။ ခြုံပြောရရင် သားသမီးတွေရဲ့အကျင့်၊ အပြုအမူ၊ အနေအထိုင်အားလုံးဟာ အဖေကောင်းတစ်ယောက်အပေါ် အပြည့်အဝမူတည်နေတာပါ။
အဲဒါဆိုရင် တာဝန်မသိတတ်တဲ့အဖေတစ်ယောက်က သားသမီးတွေအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ။ အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့အဖေကြောင့် သားသမီးတွေမှာ အဖေမဲ့ဖြစ်တဲ့အခါ သူတို့ဘဝမှာ အကာအကွယ်မဲ့နေသလိုခံစားရနိုင်ပါတယ်၊ အဖေရဲ့သစ္စာဖောက်တဲ့လုပ်ရပ်ကြောင့် သားသမီးတွေမှာ စိတ်ဒဏ်ရာရနိုင်သလို သစ္စာဖောက်တဲ့လုပ်ရပ်ကို အမြဲစိတ်ထဲစွဲနေတတ်တဲ့အတွက် လူမှုရေးအိမ်ထောင်ရေးနဲ့အခြားသောဆက်ဆံရေးတွေမှာလည်း အဆင်မပြေနိုင်တော့ပါဘူး။ ဥပမာ။ သူတို့ရဲ့အိမ်ထောင်ဖက်ကိုလည်း အမြဲတစေ အိမ်ထောင်ရေးဖောက်ပြန်မလားလို့ တွေးပြီး ထိတ်လန့်နေတာမျိုးပေါ့။ (ဒါမျိုးကတော့ အဖေတင်မကပါဘူး အမေလုပ်သူက လုပ်ရင်လည်း သားသမီးတွေမှာ ဖြစ်ပေါ်ခံစားရနိုင်တာပါပဲ)
အရက်မူးလာတိုင်း ရိုက်နှက်၊ အပြစ်ရှာ ၊ သောင်းကျန်းတတ်တဲ့အဖေကြောင့် သားသမီးတွေက အဖေကို သူရဲတဘက်လို ကြောက်လန့်နေနိုင်ပါတယ်။ ကြောက်လန့်တတ်မှုကြောင့် နေရာတော်တော်များများမှာ အနိုင်ကျင့်ခံရသူတွေဖြစ်လာနိုင်ပါသေးတယ်။ အမေလုပ်သူရဲ့ခံစားရတဲ့အဖြစ်ကို မျက်မြင်တွေ့ကြုံရတဲ့အခါ သားသမီးတွေမှာ စိတ်နာကျင်မှုကို အမြဲလိုခံစားနေရနိုင်ပါတယ်။ စိတ်အားငယ်တတ်သူတွေဖြစ်လာနိုင်ပါတယ်။ အဖေဆိုတာကို အားကိုးရာလိုသဘောထားတတ်ကြတာမို့ အားကိုးမဲ့သလိုခံစားရပြီး အမြဲစိတ်ဓာတ်ကျလွယ်တဲ့သူတွေဖြစ်လာနိုင်ပါတယ်။
အဖေဖြစ်သူရဲ့ဆိုးဝါးတဲ့ပုံရိပ်ကိုကြည့်ပြီး သားသမီးရဲ့ပညာဉာဏ်၊ အယူအဆပေါ်မူတည်ပြီး သားသမီးတွေက ၂မျိုးကွဲသွားနိုင်ပါတယ်။
ပထမတစ်မျိုးကျတော့ ပညာယူပြီး ကိုယ့်အလှည့်ကျရင် အဖြစ်မခံတော့ဘူးဆိုတဲ့ အမျိုးအစားပါ။ ထိုအမျိုးအစားကတော့ အဆိုးထဲကနေ အကောင်းကိုရအောင်ယူတတ်သူတွေဖြစ်သွားတာပေါ့။ “ငါတို့တုန်းက စိတ်ထဲမှာ နာကျင်မှုခံစားခဲ့ရပါလား။ ငါ့သားသမီးတွေအလှည့်ကျ အဲလိုမခံစားရအောင် ငါကိုယ်တိုင်အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်မယ်” ဆိုတဲ့အတွေးမျိုးတွေးပြီး ဘဝကို ပြုပြင်နေထိုင်သွားတဲ့လူမျိုးပေါ့။ ထိုသားသမီးမျိုးလက်ထက်မှာတော့ အထက်ကလို ဆိုးဝါးတဲ့သံသရာမျိုးမကြုံနိုင်တော့ပါဘူး။ သူတို့ခံစားရတာမျိုး သူတို့သားသမီးကိုမခံစားစေလိုတဲ့အတွက် သူတို့ရဲ့မိသားစုဘဝကို အကောင်းဖြစ်အောင် ပြုပြင်နေထိုင်ကြပါတယ်။ ဘာပဲပြောပြော ဆိုးဝါးတဲ့ဘဝခံစားချက်တွေကနေမှတဆင့် သင်ခန်းစာအဖြစ် ဘဝကို ကောင်းကောင်းအသုံးချတတ်သူတွေပေါ့။
ဒုတိယတစ်မျိုးကတော့ “အဖေတောင် အရက်သောက်သေးတာပဲ ငါတို့လည်း သောက်မှာပဲ” ဆိုတဲ့အတွေးအခေါ်မျိုးနဲ့ သားသမီးပါ။ ထိုသားသမီးမျိုးက အဖေကဆိုးရင် အဖေထက်ဆိုးတဲ့သားသမီးမျိုးဖြစ်လာပြီး မိဘနဲ့သားသမီးကြား လုံးဝအဆင်မပြေတတ်တော့ဘဲ အဖေနဲ့အပြိုင်အရွ့ဲတိုက်လို့ ဆိုးသွမ်းသွားနိုင်ပါတယ်။ အရွဲ့တိုက်တတ်တဲ့သားဆိုးသမီးဆိုးမျိုး ဖြစ်သွားနိုင်တတ်တဲ့အမျိုးအစားပါ။
ထိုအရွဲ့တိုက်တတ်တဲ့ သားသမီးမျိုးက တစ်ချိန်မှာ မိဘပြန်ဖြစ်လာတဲ့အခါ သူတို့တုန်းက ခံစားခဲ့ရတဲ့ခံစားချက်မျိုး သူတို့သားသမီးအလှည့်ကျရင်လည်း ပြန်ပြီးခံစားစေပါတယ်။ ပြောရရင် မျိုးရိုးစဉ်ဆက် ဆိုးသွမ်းသူမျိုးဖြစ်လာနိုင်တာမျိုးပေါ့။ သံသရာလည်နေတဲ့ပုံစံမျိုးပါ။ ဆိုးဝါးတဲ့ဖခင်ရဲ့ပုံရိပ်ကို လွှမ်းမိုးခံရပြီး ပညာဉာဏ်နိမ့်ကျတဲ့အခါ ထိုဖခင်ရဲ့ပုံရိပ်အတိုင်း ဘဝကိုရှေ့ဆက်ပါတယ်။ ထိုသားသမီးရဲ့ သားသမီးတွေလည်း ထိုခံစားမှုဒဏ်ကို သံသရာလည်ပြီး ထပ်ခံစားပြန်ပါတယ်။ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုကို ခံစားရပြီး ကြီးပြင်းရတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။
တကယ်တော့ ဖခင်ဖြစ်သူ အိမ်ထောင်ဦးစီးဆိုတဲ့ ခေါင်လုံမှ မိုးမယိုနိုင်မှာဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးမှု ငွေကြေးစီးပွားရေးအတွက်သာ အရေးကြီးတာမဟုတ်ဘဲ ဖခင်ဖြစ်သူရဲ့ပုံရိပ်ဟာ ကလေးငယ်တွေရဲ့ကောင်းခြင်းဆိုးခြင်း တစ်ဘဝလုံးနဲ့သက်ဆိုင်နေပါတယ်ဆိုတာ ဒီဆောင်းပါးလေးဖော်ပြရင်း လက်တို့လိုက်ရပါတော့တယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။