ကလေးရဲ့ EQ ကောင်းဖို့ဘာတွေသင်ပေးမလဲ။

ကလေးတွေကို IQ / EQ ၂မျိုးလုံး သင်ပေးဖို့လိုပါတယ်။ IQ ကတော့ ဥာဏ်ရည်ထက်မြင်ခြင်းပေါ်မတူည်ပြီး EQ ကတော့ လူမှုဆက်ဆံရေးနဲ့ ဘဝမှာ အဆင်ပြေအောင်နေထိုင်နိုင်ခြင်းပေါ်မူတည်နေပါတယ်။ တကယ်တမ်းက EQ ကောင်းတဲ့သူတွေဟာ ဘဝမှာပိုပြီးအောင်မြင်အဆင်ပြေကြတယ်လို့ဆိုပါတယ်။ ၂မျိုးလုံးကို ကလေးတစ်ယောက်ငယ်စဥ်ကတည်းက ပြုပြင်ထိန်းကျောင်းပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ EQ ကောင်းဖို့အတွက် အဓိကကတော့ လူကိုလူလို့မြင်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့၊ ကိုယ်မကြိုက်ရင် အခြားသူမကြိုက်တာမျိုးကိုလည်း မလုပ်မိစေဖို့ဆိုတဲ့ အခြေခံကျတဲ့ နည်းလမ်းကို စသင်ပေးရင်း ကလေးစိတ်ထဲ ကိုယ်ချင်းစာတရားကိုထည့်ပေးလို့ရပါတယ်။


၁) ကလေးရဲ့စိတ်ခံစားချက်ကို နားလည်ပါ။
ကလေးဆိုတာ သူ့ကို ပြုစုပျိုးထောင်တဲ့ မိဘရဲ့ နားလည်ပါးနပ်မှုပေါ်မူတည်ပြီး အများကြီးသင်ယူနေတာဖြစ်ပါတယ်။ အများကြီးလည်း သင်ပေးလို့ရပါတယ်။ အဓိကက မိဘပဲဖြစ်ပါတယ်။ မိဘလုပ်သူက ကလေးရဲံ EQ ကို သင်ပေးဖို့ဆိုရင် မိဘကိုယ်တိုင်ကလည်း ကလေးရဲ့ စိတ်ခံစားချက်တွေကို နားလည်ဖို့လိုပါတယ်။ ကလေးက ဘာဖြစ်နေသလဲ၊ ဘယ်လိုခံစားနေရသလဲ။ ဘယ်လိုအပြုအမူမျိုးလုပ်လိုက်ရင် ကိုယ်တွေငယ်ငယ်ကဆို ဘယ်လိုခံစားခဲ့ရသလဲ။ စတဲ့ ကိုယ့်ရဲ့ငယ်ဘဝက ခံစားခဲ့တဲ့ ခံစာချက်က ဘယ်လိုဆိုပြီး ကလေးကို ကိုယ်ချင်းစာပေးသင့်ပါတယ်။ အဲဒါမှသာ ကလေးကို မရိုက်နှက်ဘဲ သေချာသင်ပြပေးနိုင်မှာ ဖြစ်ပါတယ် ။ ကလေးရဲ့ စိတ်သဘောထားကို နားလည်တဲ့အတွက် ကလေးကို သင်ပေးရတာလည်း ပိုလွယ်ပါတယ်။

၂) ကလေးရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တတ်ဖို့သင်ပေးပါ။
ကလေးရဲံစိတ်ခံစားချက်ကို ထိန်းချုပ်တတ်စေချင်ရင် မိဘကိုယ်တိုင်က စိတ်ခံစားချက်ကို ထိန်းချုပ်ပြပါ။ ဥပမာ။ ကလေးက ကိုယ်မကြိုက်တာတခုခုလုပ်လိုက်တယ်ဆိုရင် ကလေးကိုဘာမှမရှင်းပြဘဲ လက်မြန်ခြေမြန်ရိုက်ပစ်လိုက်တာ၊ အော်ဟစ်လိုက်တာမျိုး မလုပ်ဘဲ အသက်ကို ပြင်းပြင်းရှုပြီး “သား...ဘယ်လိုလုပ်လိုက်တာလဲ၊ မေမေရဲ့အလုပ်ကိစ္စတွေ ထိခိုက်ကုန်ရင် မေမေစိတ်ဆိုးမိလိမ့်မယ်၊ အခုမေမေစိတ်မဆိုးခင် ပြောပြထားတယ်နော်၊ နောက်တခေါက်ကျရင် မေမေ့ပစ္စည်းတွေကိုင်ရင် မေမေ့ကိုအရင်မေးပြီးခွင့်တောင်းနော်” ဆိုတာမျိုး ဒေါသထိန်းတာကို မိဘကစပြောပြပါ။ ကလေးက တခုခုဆို ပစ္စည်းတွေကောက်ပေါက်တာ၊ စိတ်ဆိုးတာ၊ အော်ငိုတာမျိုးတွေလုပ်ရင်လည်း “ သားလိုချင်တာကို အဲဒီလိုအော်ဟစ်သောင်းကျန်းရင် မေမေကလုံးဝလုပ်ပေးချင်မှာမဟုတ်ဘူး၊ သားက ကောင်းကောင်းမွန်မွန်ရှင်းပြရင် မေမေလုပ်ပေးနိုင်တာပြန်ရှင်းပြမယ်၊ ဟုတ်ပြီလား” ဆိုတာမျိုးနဲ့ သူ့စိတ်ခံစားချက်ကို ထိန်းချုပ်တတ်ဖို့သင်ပေးပါ။

၃) ပြဿနာကိုဘယ်လိုဖြေရှင်းမလဲသင်ပေးပါ။
ပြဿနာဖြေရှင်းနည်းဆိုတာလည်း အလားတူပါပဲ။ ကိုယ်မကြိုက်တဲ့အရာတစ်ခုကို ဘယ်လိုနည်းနဲ့ပြောမလဲ ဆိုတာကို သင်ပေးရင်းကနေပြဿနာတစ်ခုကြုံလာရင်လည်း အကောင်းဆုံးနည်းလမ်းက ဘာဖြစ်မလဲဆိုတာမျိုး တွေးတတ်အောင် သင်ပေးရမှာပါ။ “သားမကြိုက်တဲ့အရာတစ်ခုသူများကလုပ်လာရင် အော်ဟစ်လိုက်မယ့်အစား ဒါမျိုးမလုပ်ပါနဲ့၊ သားသားမကြိုက်ဘူး၊” လို့ ကောင်းကောင်းမွန်မွန်ပြောပြလို့မရဘူးလား ဆိုတာမျိုး သင်ပေးသင့်ပါတယ်။

၄) စာဖတ်ရင်း သင်ပေးပါ။
စာအုပ်တွေဖတ်တဲ့အခါမှာလည်း လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် ကြင်နာတရားထားလိုက်တာ၊ ဖေးမကူညီလိုက်တာမျိုးတွေပါလာတဲ့အခါ အဲဒီလို ဒုက္ခရောက်နေတဲ့လူတွေကို ကိုယ်နိုင်သလောက်ကူညီပေးတာ ကောင်းတဲ့အလုပ်ပေါ့သားရဲံ့” ဆိုတာမျိုးနဲ့ သင်ပေးလို့ရပါတယ်။ လူတဖက်သားကို ဒုက္ခရောက်အောင်လုပ်တတ်သူမျိုးစာအုပ်ထဲပါလာရင်လည်း “ အဲဒီလို လားကိုလာလုပ်ရင်ရော သားကြိုက်ပါ့မလား၊ အဲဒီလို သူများက မကြိုက်ဘူးဆိုရင် မလုပ်ရဘူး။ အဲဒီလို သူများကို ဒုက္ခရောက်အောင်လုပ်ရင် လူဆိုးလို့ခေါ်တယ်သားရဲ့” ဆိုတာမျိုးနဲ့ သင်ပေးလို့ရပါသေးတယ်။ အဲဒါမှသာ ကလေးကို မိဘက ပြန်ပြီးထိန်းကျောင်းတဲ့အခါမှာလည်း “မေမေသားက သားလိမ္မာလေး၊ လူဆိုးမဟုတ်ဘူးနော်” ဆိုတာမျိုးနဲ့ ကလေးကို ပြန်ထိန်းကျောင်းဖို့လွယ်သွားပါတယ်။

၅) ကလေးပြောပြချင်တာကိုနားထောင်ပေးပါ။
အဲဒါအပြင် ကလေးက ဝမ်းနည်းနေချိန်ဖြစ်ဖြစ်၊ ကလေးချင်း ပြဿနာတက်နေချိန်ဖြစ်ဖြစ် ကလေးကို အကျိုးအကြောင်းမေးဘဲ ဆူပူရိုက်ပုတ်တာမျိုး မလုပ်ဘဲ မိဘက စိတ်ရှည်ရှည်ထားပြီး “ ဘာကြောင့်ဖြစ်တာလဲ” ဆိုတာမျိုး မေးမြန်းပေးပါ။ ကလေးက ဘာကြောင့်အဲဒီလိုလုပ်သလဲဆိုတဲ့ ကလေးခံစားချက်ကို နားထောင်ပေးပါ။ တခါတလေ ကလေးရဲ့ စိတ်ထဲကအမြင်ကို နားထောင်ပေးလိုက်တဲ့အခါမှာလည်း ကလေးစိတ်ကိုမြင်သွားလို့ ပြဿနာဖြေရှင်းရပိုလွယ်သွားစေပါတယ်။ ကလေးကို အချိန်ပေးပြီး တစ်နေ့တာသူဖြစ်သမျှကို မေးပေးပါ။ ဒါမှနောက်ဆို တခုခု ဖြစ်လာတိုင်း မိဘက သေချာနားထောင်ပေးမှန်းသိလို့ မိဘကို လာပြီး ရင်ဖွင့်တတ်လာပါလိမ့်မယ်။ အဲဒါမှ ကလေးမှားနေတာရှိရင် “ သားခံစားချက်ကို မေမေနားလည်ပါတယ်၊ ဒါပေမယ့် နောက်တစ်ခါကျရင် ဒီလိုမျိုးအစား ဒီလိုလေးလုပ်နော်” ဆိုပြီး မိဘက ကလေးရဲ့ အမှားကို ပြင်ပေးနိုင်မှာပါ။ ကလေးက ဆုံးဖြတ်ချက်မှန်ကန်အောင်လုပ်နိုင်တဲ့အခါကျရင်လည်း “ ဒီလိုဖြေရှင်းတာ တော်လိုက်တာ၊ သားမှန်တာပေါ့” ဆိုပြီး အားပေးချီးကျူးပေးလိုက်ပါ။ အဲဒါမှ ကလေးဟာ မိဘရဲ့စကားပြောဖော်ဖြစ်လာပါလိ့မ်မယ်။

၆) အခြားသူရဲ့ခံစားချက်ကို နားလည်အောင်သင်ပေးပါ။
အခြားလူရဲ့ခံစားချက်ကို ကိုယ်တိုင်ခံစားရရင် ဘာဖြစ်မလဲဆိုမျိုး ကလေးကို တွေးခိုင်းပေးပါ။ ဥပမာ၊ အခြားကလေးတစ်ယောက်က လဲကျသွားတာကို ဝိုင်းရယ်နေကြတယ်ဆိုရင် “ သားအဲဒီလိုချော်လဲတဲ့အခါ သူများတွေဝိုင်းရယ်ကြရင် သားကြိုက်ပါ့မလား” လို့မေးကြည့်ပါ။ “သားမုန့်စားချင်နေတဲ့အချိန် သားသူငယ်ချင်းက မုန့်မကျွေးဘူး” လို့ပြောရင် သားကြိုက်ပါ့မလား” စသဖြင့် သူ့များက သူ့အပေါ်လုပ်ရင် သူကြိုက်မကြိုက်မေးကြည့်ပေးပါ။ တွေးကြည့်ခိုင်းပါ။ “ ဟုတ်ပြီ....အဲဒါဆို သားချော်လဲနေတဲ့အချိန် ဝိုင်းရယ်မယ့်အစား ဘာလုပ်စေချင်သလဲ” ဆိုတာမျိုးပေါ့ ၊ ကိုယ်ဖြစ်စေချင်တာကို ပြောခိုင်းပါ။ အခြားသူလည်း ကိုယ်ခံစားရသလိုပဲဆိုတာ တွေးကြည့်တတ်ဖို့ သင်ပေးပါ။ “သားကိုဆွဲထူစေချင်တယ်မဟုတ်လား၊ အဲဒီ့သဘောပဲပေါ့....သားသူငယ်ချင်းတစ်ယောက်ယောက် ချော်လဲသွားရင် သားရယ်မလား ဆွဲထူပေးမလား။ သူက ဆွဲထူစေချင်မှာပဲပေါ့သားရဲ့။ အဲဒီလိုပဲ ကိုယ်မကြိုက်ဘူးဆိုရင် သူများမကြိုက်ရင်လည်း မလုပ်ရဘူး” ဆိုတာမျိုး နားလည်အောင် သင်ပေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။