ကလေးတွေ မိမိကိုယ်ကို အားကိုးတတ်ဖို့ သင်ပေးပါ။

သင့်ကလေးကို သင်ချစ်လွန်းလို့ ဘာမဆို အကုန်လိုတရဖြစ်အောင် လိုက်ဖြည့်ဆည်းပေးနေမိသလား။ ဒါမှမဟုတ် အိမ်မှာ ဘာမှမခိုင်းရက် မပြုရက်နဲ့ မင်းသားတစ်ပါးလိုထားနေမိသလား။ အဲဒါဆိုရင်တော့ သင်မှားနေပါပြီ။ အဲဒါက သင့်ကလေးကိုချစ်တာမဟုတ်ဘဲ နှစ်တာနဲ့အတူတူပဲဆိုတာ သင်သိပါရဲ့လား။


တကယ်တော့ ကလေးကို ၃၊ ၄နှစ်ကျော် ၅နှစ်လောက်ကတည်းက သူတတ်နိုင်တာလေးတွေ၊ သူလုပ်နိုင်တာလေးတွေ စတင်ပြီး ညွှန်ကြားစေခိုင်းလို့ရပါပြီ။ အဲဒါက သူ့ကို နှိပ်စက်တာမဟုတ်ဘဲ သူ့မှာလည်း တာဝန်ဆိုတာရှိကြောင်း နားလည်သွားအောင် သင်ကြားနည်းတစ်မျိုးပါပဲ။
အဲဒါအပြင် ငယ်စဉ်ကတည်းက ကိုယ့်တာဝန်ကိုယ်ယူဖို့ သင်ကြားပေးထားတဲ့ကလေးက အရွယ်ရောက်လာတဲ့အခါ တာဝန်ဆိုတာကို သမရိုးကျအလုပ်တစ်ခုအဖြစ် လက်ခံပြီး လုပ်ဆောင်သွားနိုင်ပါတယ်။ သူ့အတွက် အထူးအထွေ ကိစ္စတစ်ရပ်လို မခံစားရတော့ပါဘူး။ အဲဒါကြောင့်လည်း တာဝန်ယူရတာကို ကြောက်စရာလို့ မထင်တတ်တော့ပါဘူး။
ပုံမှန်အမြဲလိုလို မိဘလုပ်သူက အမြဲ ထမင်းစား၊ ရေသောက်က အစ အသေးစိတ်အကုန်လိုက်ပြီး လုပ်ကိုင်ပေးထားခြင်းခံရတဲ့ကလေးကျတော့ အရွယ်ရောက်လာတဲ့အခါ တာဝန်ဆိုတာကို မသိခဲ့လို့ မယူမဖြစ် ကိုယ့်တာဝန်ကိုယ်ယူရတော့မယ်ဆိုတဲ့အခါ သူတို့အတွက် တာဝန်ဆိုတာ လေးပင်တဲ့အရာတစ်ခုလို ဖြစ်သွားပါတယ်။ အဲဒီ့အခါ ကိုယ့်တာဝန်ကိုယ်မယူချင်ဘဲ အမြဲ အဆင့်သင့်ကို စောင့်တတ်တဲ့အကျင့်က လွှမ်းမိုးထားတော့ တာဝန်ကိုတကူးတကယူရမှာ စိုးကြောက်တတ်ပါတယ်။ အဲဒါကြောင့် ငယ်တုန်းမှာ ကိုယ့်တာဝန်ကိုယ်မယူနိုင်ခဲ့ရင် အရွယ်ရောက်လာတဲ့အခါ ကိုယ့်တာဝန်တောင် ကိုယ်မယူနိုင်တော့တဲ့လူကြီးတွေ ဖြစ်လာတတ်ပါတယ်။
ကိုယ့်တာဝန်ကိုယ်မယူနိုင်တဲ့အခါ ယောကျာ်းလေးဆိုရင်လည်း အိမ်ထောင်တစ်ခုလုံးကို တာဝန်ယူဖို့ မတတ်နိုင်သလို၊ မိန်းကလေးဆိုရင်လည်း အိမ်ထောင့်တာဝန်ကို မကျေပွန်နိုင်တော့ပါဘူး။ (အိမ်ထောင့်တာဝန်ကျေသည်မကျေသည်ဆိုတာထက် လူသားတစ်ယောက်မို့ လူသားတစ်ယောက်ကျေအပ်တဲ့တာဝန်တွေ ကျေသင့်ပါတယ်နော်) တကယ်တော့ ကလေးတစ်ယောက်ရဲ့ဘဝအစကနေ လူကြီးဖြစ်လာတဲ့အထိကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ ကလေးဘဝထဲက သွန်သင်ပေးထားရတာပါ။ ကလေးတစ်ယောက်ဘဝမှာထဲက တာဝန်ကိုသိတတ်ပြီး ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် သွန်သင်ထားနိုင်ခဲ့ရင် လူကြီးတစ်ယောက်ဘဝမှာလည်း ပူပင်စရာသိပ်မလိုတော့ပါဘူး။
အသက်၄နှစ်ကျော် ၅နှစ်အရွယ်မှာဆိုရင် အိမ်ရာသိမ်းတာမျိုး၊ သူ့အရုပ်လေးတွေကို သူကိုယ်တိုင်ပြန်သိမ်းဆည်းတာမျိုး၊ ထမင်းကို ကိုယ်တိုင်စားတာမျိုး စသည်ဖြင့် သူလုပ်နိုင်တာလေးတွေ စတင်လုပ်ခိုင်းလို့ရပါပြီ။ ကိုယ်တိုင်က “သားလေးရေ….ဒါလေးကူပါအုံး။ ဟိုဟာလေး လုပ်ပေးပါအုံး….” လို့ ခိုင်းပေးခြင်းက သူတို့ကိုယ်သူတို့ လူရာဝင်တယ်လို့ ခံစားရစေသလို၊ သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုပိုပြီးရှိလာစေပါတယ်။ ကိုယ်ရဲ့အသေးအဖွဲဝေယျာဝစ္စလေးတွေကအစ ကိုယ်တိုင်လုပ်နေကျတဲ့အခါ သက်သက်တာဝန်တစ်ခုလိုမခံစားရတော့ဘဲ လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်လာစေပါတယ်။ အဲဒါက သူ့တာဝန်သူယူတတ်စေခြင်းကို ပေါ့ပါးစွာ သင်ကြားပေးခြင်းပါပဲ။
အဲဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် သင်ကြားပေးထားပါ။ ငယ်စဉ်ကတည်းက ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ကလေးက ကြီးလာတဲ့အခါ ဘဝရဲ့တာဝန်တွေကို သူ့ဟာသူ နိုင်အောင် ထမ်းပြီး ဘဝကိုရှေ့ဆက်နိုင်သွားပါလိမ့်မယ်။ သင့်ကလေးကို ငွေတွေအများကြီး အမွေမပေးနိုင်ခဲ့ရင် ကိုယ့်တာဝန်ကိုယ်ယူတတ်အောင်သာ သင်ပေးထားလိုက်ပါ။ အဲဒါက ဘယ်နေရာရောက်ရောက် သူ့ခြေထောက်ပေါ်သူရပ်တည်ပြီး သူ့တာဝန်သူနိုင်အောင် ရုန်းလို့ တစ်ဘဝလုံးစာ သူ့အတွက် မကုန်ခမ်းနိုင်တဲ့ အမွေဖြစ်သွားမှာပါပဲ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။