အဆိုးတွေထဲက သင်ခန်းစာယူပါ။

လူတိုင်းက ဘဝမှာ ကောင်းမွန်တဲ့အရာတွေဖြစ်ပျက်လာတဲ့အခါ ပျော်ရွှင်နေတတ်ပြီး အဆိုးတွေကြုံရတဲ့အခါမှာတော့ ယူကြုံးမရ ဝမ်းနည်းတတ်ကြပါတယ်။ ဘဝဆိုတာက အမြဲပုံသေမရှိဘဲ ကောင်းတလှည့် ဆိုးတလှည့်ဆိုတာကို မေ့လျော့နေတတ်ကြပါတယ်။ ကောင်းမွန်တဲ့အရာတွေဖြစ်ပျက်လာရင်လည်း တစ်သက်လုံးအတွက်မဟုတ်ဘဲ ဆိုးတဲ့အရာတွေဖြစ်ပျက်လာရင်လည်း တစ်သက်လုံးစာမဟုတ်နိုင်ပါဘူး။


ခုလက်ရှိအခြေအနေမှာ သင်ဘာတွေကြုံတွေ့နေရပါသလဲ။ ကောင်းခြင်းလား၊ ဆိုးခြင်းတွေလား။ မပူပါနဲ့။ အားလုံးဟာ အခိုက်အတန့်လေးပါပဲ။ တကယ်တော့ ဘဝဆိုတာ ပန်းလေးတစ်ပွင့်လှပစွာဖူးပွင့်လာဖို့ စောင့်စားရသလိုပါပဲ။ ပန်းလေးမပွင့်ခင်ကတော့ ပန်းပွင့်ဖို့ကို စောင့်ဆိုင်းရပြန်တယ်။ ပန်းလေးတွေက လှလှပပ ပွင့်လန်းလာတဲ့အခါကျတော့ မကြာတဲ့အချိန်မှာ ပြန်ပြီး ညိုးနွမ်းသွားရပြန်ပါတယ်။ အဲဒီ့တော့ ထိုခဏလေးမှာ သင်ဘယ်လိုရှင်သန်မလဲဆိုတာ သင့်ရဲ့တန်ဖိုးပါပဲ။ ပန်းမပွင့်ခင်မှာ အလှပဆုံးပွင့်လန်းနိုင်ဖို့ကြိုးစားပါ။ ပွင့်လာတဲ့အခါမှာလည်း ပန်းရနံ့နဲ့ သင့်ပတ်ဝန်းကျင်ကို မွှေးပျံ့ပါစေ၊ ညိုးနွမ်းတော့မယ့်အချိန်မှာလည်း သင့်မွှေးရနံ့ကို အခြားသူတွေ သတိတရရှိနေပါစေ။ အဲဒါသည်ပင် သင့်ဘဝရဲ့တန်ဖိုးပါပဲ။
တော်တော်များများကတော့ အဲဒီ့သဘောတရားကို မေ့လျော့နေတတ်ကြပြီး ကောင်းတဲ့အရာတွေကြုံလာရင် ထိုအထဲမှာပဲ ပျော်ရွှင်နေတတ်ကြပြီး အဆိုးအတွက်ကြိုတင်မပြင်ဆင်ထားတတ်ပါဘူး။ ဆိုးတဲ့အရာတွေကြုံလာရင်လည်း ထိုစိတ်ဆင်းရဲမှုတွေမှာသာ တဝဲလည်လည်ဖြစ်နေပြီး ထိုခဏကို အားတင်းဖြတ်ကျော်ဖို့ မေ့လျော့နေတတ်ပြန်ပါတယ်။
ကိုယ့်ဘဝမှာ အဆိုးတွေကြုံလာရတဲ့အခါ ဒါတွေက အခိုက်အတန့်ပဲဆိုတာကို သတိပြုပါ။ အဆိုးတွေထဲကနေ သင်ခန်းစာယူပါ။ အကောင်းတွေကြုံလာတဲ့အခါကျပြန်တော့ ကျေးဇူးတင်လိုက်ပါ။ အဲဒီ့စိတ်လေးနဲ့သာ ရှင်သန်မယ်ဆိုရင် အဆိုးတွေကြုံရရင်တောင် ဖြေသာလာပါလိမ့်မယ်။ “if you want to see the rainbow, you have to learn to see the rain”
“သက်တံတွေကို မြင်ချင်ရင်တော့ မိုးစက်တွေကိုမြင်ဖို့ သင်ယူရမှာပဲလေ” ပိုကောင်းတဲ့နေ့ရက်တွေကိုလိုချင်ရင်တော့ ဆိုးဝါးတဲ့နေ့တွေကို ကျော်ဖြတ်နိုင်ရမှာပဲလေ။ အဓိကက အဆိုးတွေကို သင်ခန်းစာယူ၊ ကိုယ်ရထားတာလေးတွေကို ကျေးဇူးတင်တတ်ဖို့နဲ့ ကိုယ့်ကြောင့် ပတ်ဝန်းကျင်ကို တတ်စွမ်းသလောက် အကျိုးပြုသွားဖို့ပါပဲ။ “ If we had no winter, the spring would not be so pleasant. If we did not sometimes taste adversity, prosperity would not be so welcome” ဆိုတဲ့ ကဗျာဆရာမ Ann Bradstreet ပြောခဲ့သလိုပါပဲ ။ ဆောင်းတွင်းမရှိရင် နွေဦးရာသီရဲ့ သာယာမှုကို ဘယ်လိုမှနှစ်သက်ပျော်ရွှင်မှုရှိနိုင်မှာမဟုတ်ပါဘူး။
အခက်အခဲအကြပ်အတည်းတွေမကြုံးဖူးဘဲ အောင်မြင်ခြင်းကို ကြိုဆိုနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ အဆိုးတွေမကြုံဖူးရင် ကောင်းခြင်းတွေကိုလည်း သင်မျှော်နိုင်မှာမဟုတ်ပါဘူးနော်။
အဲဒါကြောင့် ရှင်သန်နေတုန်းအချိန်လေးမှာ ဘဝကို အတတ်နိုင်ဆုံး အဓိပါ္ပယ်ရှိအောင် ရှင်သန်ဖို့ကြိုးစားပါ။ အဆိုးတွေထဲမှာပဲ နစ်မွန်းမနေပါနဲ့။ အဆိုးတွေကို ကျော်ဖြတ်နိုင်ခြင်းက အကောင်းကြုံဖို့လို့ အားတင်းရှေ့ဆက်ပါ။ အဆိုးတွေကြုံရရင်လည်း သင်ခန်းစာယူပြီး ရှေ့ဆက်ပါ။ အကောင်းတွေဖြစ်လာအောင် အဆိုးနဲ့တိုက်ပွဲဝင်ပါ။ အဆိုးတွေဟာ အကောင်းလာဖို့ ရှေ့ပြေးလက်ဆောင်ဆိုတာ မမေ့ပါနဲ့လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။