ကလေးကို အော်တဲ့အခါ ဖြစ်လာနိုင်တဲ့ဆိုးကျိုးများ

သင့်ကလေးကို မကြာခဏ အော်ဟစ်မိနေသလား။ ကလေးကို အော်တဲ့အခါ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေက ဘာဖြစ်မလဲ။ အော်ပြီး ဆုံးမခြင်းက ကလေးအတွက်ကော ထိရောက်ရဲ့လား။ ကလေးက သင်အော်ပြီးဆုံးမလိုက်တာနဲ့ သင့်ရဲ့စည်းကမ်းတွေကို လိုက်နာသွားနိုင်တယ်လို့ သင်ထင်ရင်မှားနေပါပြီ။ အဲဒါကြောင့် သင့်ကလေးကို အော်မိတဲ့အခါဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းခြင်း
ကိုယ့်ကိုကိုယ်ယုံကြည်မှုကျဆင်းခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးက သူရဲ့ပတ်ဝန်းကျင်မှာ အရေးမပါသလိုခံစားရပြီး သူ့ကိုယ်သူသိမြင်နိုင်မှုလည်း အားနည်းလာပါတယ်။ ဘာလုပ်လုပ် အဆင်ပြေမှာမဟုတ်ဘဲ အအော်ခံရမှာဆိုတဲ့စိတ်က ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှု လျော့နည်းလာစေပါတယ်။
၂) အနိုင်ကျင့်တတ်သောကလေးဖြစ်လာနိုင်ခြင်း
အနိုင်ကျင့်တတ်သောကလေးဖြစ်လာနိုင်ပါတယ်။ အသက် ၄နှစ်နဲ့ ၅နှစ်ကြားကလေးတွေမှာ အချင်းချင်းအော်ဟစ်မှုတွေ၊ အနိုင်ကျင့်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးက သူ့အပေါ်လူကြီးတွေအော်ဟစ်ခြင်းက အနိုင်ကျင့်ခြင်းတစ်ခုလိုခံစားရပြီး မကျေနပ်ချက်တွေကြောင့် အခြားသူများကိုလည်း ပြန်လည်အော်ဟစ်တတ်လာစေပါတယ်။ ပြောရရင်တော့ ကလေးဟာ မိဘတွေနဲ့အနီးကပ်နေရတဲ့အတွက်ကြောင့် မိဘတွေရဲ့အပြုအမူအတိုင်းပဲဖြစ်လာမယ်ဆိုတာ မမေ့ပါနဲ့။ သင်က သူ့ကို အကျိုးအကြောင်းမရှင်းပြဘဲ အော်ဟစ်ခြင်းက သူ့ကို အနိုင်ကျင့်သလိုခံစားရခြင်းကြောင့် သူကလည်း သူအရွယ်ကလေးသူငယ်တွေ၊ သူ့ထက်ငယ်တဲ့ကလေးမျိုးတွေကို ပြန်လည်အော်ဟစ်အနိုင်ကျင့်တတ်လာပါလိမ့်မယ်။
၃) ကြောက်တတ်သောကလေးဖြစ်လာနိုင်ခြင်း
ကြောက်လန့်တတ်သောကလေးဖြစ်လာနိုင်ပါတယ်။ အမြဲလို အော်ဟစ်ပြောဆိုခြင်းခံနေရတဲ့ကလေးက ဘာဆိုဘာမှ မလုပ်ရဲဘဲ နည်းနည်းဆိုကြောက်လန့်တတ်သောကလေးဖြစ်လာနိုင်ပါတယ်။ မိဘတွေရှေ့မှာဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် ဘယ်အရာကိုမဆို ဆန်းသစ်တီထွင်လိုစိတ်မရှိတော့ပါဘူး။ မိဘက အော်ဟစ်လိုက်မှာကိုပဲ အချိန်တိုင်းစိုးရွံ့နေတတ်ပါတယ်။ အဲဒါကြောင့် အပေါင်းအသင်းတွေကြားမှာ မဝင့်မရဲနဲ့တွန့်ဆုတ်ကြောက်လန့်တတ်သောကလေးငယ်ဖြစ်လာနိုင်ပါတယ်။
၄) ထင်ရာလုပ်ပစ်တတ်တဲ့ ကလေးဆိုးမျိုးဖြစ်လာနိုင်ခြင်း
အဲလိုမှမဟုတ်ရင်လည်း မိဘလစ်တာနဲ့ မှားမှားမှန်မှန် ကိုယ်ထင်ရာကိုယ်လုပ်ပစ်ပြီး ကွယ်ရာမှာလုပ်ချင်ရာလုပ်တတ်တဲ့ကလေးဖြစ်လာနိုင်ပါသေးတယ်။ တစ်ချို့ကလေးကျတော့ မိဘရှေ့မှာ အော်ခံရမှာကိုကြောက်ပြီး သူလုပ်ချင်တာတွေကိုတောင် မလုပ်ဘဲ မြိုသိပ်ထားတတ်ပါတယ်။ မိဘကွယ်ရာရောက်တာနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ဘာမှမတွေးတတ်ဘဲ ကိုယ်မြိုသိပ်ထားတဲ့အရာတွေကို ထင်သလိုလုပ်ပစ်တတ်တဲ့ကလေးဖြစ်လာနိုင်ပါတယ်။ မိဘက သိသွားလို့ အော်ဟစ်ဆူပူပြန်လည်း မထုံတက်တေးနဲ့ နေတတ်တဲ့ကလေးမျိုးဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို မိဘက မရှင်းပြဘဲ အော်ဟစ်တားမြစ်ထားတဲ့အတွက် လုပ်ချင်တာကို မိဘကွယ်ရာမှာလုပ်ဖြစ်အောင်လုပ်မယ်၊ မိဘသိသွားလည်း အော်ခံရတုန်းသာ ငြိမ်သွားတတ်တဲ့ကလေးမျိုးပေါ့။
၅) အာရုံစူးစိုက်မှုအားနည်းသောကလေးဖြစ်လာနိုင်ခြင်း
အာရုံစူးစိုက်မှုမှာ ပြဿနာရှိလာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်းရဲ့ ရလဒ်က အမြဲလို ကြောက်လန့်မှုကို ခံစားနေရတဲ့အတွက် တစ်စုံတစ်ခုကို အာရုံစူးစိုက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် အာရုံစူးစိုက်မှုအားနည်းတဲ့ကလေးဟာ ပိုပြီး ထိန်းကျောင်းရခက်လာတတ်ပါတယ်။ ကလေးကို “ဒါလုပ်ရင်….ဘာဆိုးကျိုးဖြစ်နိုင်တယ်” ဆိုပြီး အကျိုးအကြောင်းပြမပြောတတ်ခြင်းက ကလေးကလည်း ဘာကြောင့်မလုပ်သင့်ဘူးဆိုတဲ့အကြောင်းကို နားလည်မှာမဟုတ်ပါဘူး။ ဥပမာ။ ကလေးက မီးပူကို ကိုင်ဖို့ကြိုးစားတယ်ဆိုပါတော့….အမေလုပ်သူက “ဟဲ့….မကိုင်နဲ့၊ အဲဒါကိုင်စရာမဟုတ်ဘူး၊ သွားစမ်းလို့ပြောနေတာမကြားဘူးလား….” ဆိုပြီး အော်ဟစ်တားလိုက်ရင် တားနေတုန်းပဲ ငြိမ်သွားပါလိမ့်မယ်။ ဘာကြောင့် ဒီမီးပူကို မကိုင်ရတာလဲဆိုတာကို သူနားလည်မှာမဟုတ်ပါဘူး။ အဲဒီ့အခါ အမေလစ်တာနဲ့ သူစူးစမ်းချင်တဲ့အရာကို ထပ်ကိုင်ကြည့်ဖို့ ကြိုးစားအုံးမှာပါပဲ။ အဲဒီ့အခါ နောက်ဆက်တွဲ အပူလောင်တာမျိုးတွေဖြစ်လာပါတော့တယ်။
မိဘကသာ “ဒါက ခလုတ်ဖွင့်လိုက်ရင် ပူလာပြီး အကျီ ၤတွေကို တိုက်ဖို့သုံးရတယ်။ ပူနေတာမို့ သားအသားလောင်သွားမယ်၊ နာသွားမယ်၊ ဆေးခန်းသွားရလိမ့်မယ်။ အဲဒါက လူကြီးပဲကိုင်သင့်တယ်၊ သားမကိုင်တာ သားမနာတော့ဘူးပေါ့။ မေမေမကိုင်ခိုင်းတာက သားနာမှာစိုးလို့၊ သားကိုချစ်လို့နော်၊ နားလည်တယ်နော်” လို့များ ရှင်းပြခဲ့ရင် ကလေးက အမေ့ကွယ်ရာမှာလည်း ကိုင်ဖို့ကြိုးစားတော့မှာ မဟုတ်ပါဘူး။ အဲဒါအပြင် စကားတွေကို စီကာပတ်ကုံး ပြောပြတတ်တဲ့မိဘကြောင့် ကလေးက တစ်ခုခုလိုချင်၊ သိချင်ရင် မိဘကိုမေးပါလိမ့်မယ်၊ မိဘကပြန်ပြီး ရှည်လျားစွာရှင်းပြ၊ ပြောပြတာကိုလည်း သေချာနားထောင်နိုင်ပါလိမ့်မယ်။ တနည်းအားဖြင့် ကလေးကို နားလည်အောင် ရှင်းပြခြင်းက ကလေးအာရုံစူးစိုက်မှုကို အားကောင်းစေနိုင်ပါတယ်။ လူကြီးက စကားလုံး ၂၀ပြောရင် ၁၀လုံးလောက်တော့ ကလေးက နားလည်သဘောပေါက်ပါလိ့မ်မယ်။ ကျန်တဲ့စကားလုံး ၁၀လုံးကိုတော့ ကလေးနားလည်လောက်တဲ့စကားမျိုးကို ရွေးပြီး ရှင်းပြပေးသင့်ပါတယ်။ အဲဒီ့အခါ ကလေးက စကားလုံးအသစ်တွေကိုလည်း ပိုရင်းနှီးလာမယ်၊ အာရုံစူးစိုက်မှုအားကောင်းလာမယ်၊ အဲဒီ့အကျင့်ရလာတဲ့အခါ တစ်ခုခုဆို ကလေးကို အော်ဟစ်ဆုံးမစရာကို မလိုတော့ဘဲ အကျိုးအကြောင်းနဲ့ရှင်းပြလို့ ရတဲ့ကလေးမျိုးဖြစ်လာနိုင်ပါတယ်။ တစ်ခါတည်းလည်း ကလေးဦးနှောက်မှာ ဒါသည် လုံးဝမကိုင်သင့်သောပစ္စည်းရယ်လို့ သဘောပေါက်သွားပြီး မှတ်သားထားပါလိမ့်မယ်။
မိဘများလည်း ကလေးကို အော်မိတော့မယ်ဆိုရင် ကိုယ့်ကိုကိုယ်စိတ်ကိုထိန်းဖို့ကြိုးစားပါ။ ကလေးအတွက် အသင့်တော်ဆုံးဖြစ်ပြီး နားလည်လွယ်မယ့်စကားမျိုးနဲ့ အကျိုးအကြောင်းပြ ရှင်းပြပါ။ သတ်မှတ်ထားတဲ့စည်းကမ်းမလိုက်နာရင် နောက်ဆက်တွဲအကျိုးဆက်သည် ကလေးခံရမှာဖြစ်ကြောင်း သိအောင်ပြောပြပေးပါ။ ကလေးက တစ်ခါရှင်းပြလို့ နားမထောင်ရင် “ဘာလို့မလုပ်သင့်တာလဲဆိုတာ မေမေရှင်းပြပြီးပြီနော်။ ဖြစ်လာရင် ခံရမှာ သားကိုယ်တိုင်ပဲ၊ ဒါပေမယ့် နောက်တစ်ခေါက် လုပ်တာတွေ့ရင် မေမေစိတ်ဆိုးမှာပဲ” ဆိုပြီး ပြောပြထားပါ။
မိဘတိုင်း သားသမီးများကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။