ကလေးကိုစိတ်ဓာတ်ခွန်အားမြင့်တင်ပေးဖို့ ဘာတွေလုပ်ခိုင်းသင့်လဲ။

ကလေးတစ်ယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုကို ငယ်စဥ်ကတည်းက ပြုစုပျိုးထောင်ပေးထားရမှာပါ။ စိတ်ဓာတ်ခိုင်မာတဲ့ကလေးဟာ ဘဝတစ်လျှောက်မှာကြုံရသမျှ အခက်အခဲအနှောင့်အယှက်တွေကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပြီး ကျရှုံးမှုတွေကိုလည်း ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဘဝမှာ မြင့်တလှည့်နိမ့်တလှည့်ကြုံရတဲ့‌လောကဓံကနေ မိဘက အမြဲကာကွယ်မပေးနိုင်ပါဘူး ။ အဲဒီ့အတွက် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ကလေးရဲ့စိတ်ဓာတ်ကိုပဲ သင်ကြားပြုပြင်ပေးထားမှရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်လိုအပြိုင်အဆိုင်များလာတဲ့ခေတ်မှာလည်း မိဘတွေရဲ့တာဝန်မှာ သားသမီးရဲ့စိတ်ဓာတ်ခွန်အားကို မြင့်တင်ပေးဖို့ တာဝန်ရှိပါတယ်။ အဲဒါမှ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကြံံလာသမျှ ပစ်တိုင်းထောင်လို ကျရာနေရာမှာ လက်မထောင်နိုင်အောင် ကြိုးစားချင်စိတ်ရှိလာမှာပါ။


၁)အမူအကျင့်ကောင်းတွေလုပ်တိုင်းချီးကျူးစကားပြောပေးပါ။
ကလေးတွေရဲ့စိတ်ဓာတ်ခိုင်မာခြင်းဟာ သူတို့ကိုယ်သူတို့ယုံကြည်မှုရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အတွက် သူတို့ကိုယ်သူတို့ အခက်အခဲဆိုရင် ကျော်ဖြတ်နိုင်တယ်၊ အောင်မြင်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ်တွေးနေဖို့လိုပါတယ်။ အဲဒီလိုတွေးပြီးထိရောက်စွာတြိုးစားလုပ်ဆောင်တတ်တဲ့လူဖြစ်လာမှသာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေတာပါ။ အဲဒီလိုဖြစ်လာဖို့က ကလေးဘဝက ပြုစုပျိုးထောင်ပေးတဲ့ မိဘအပေါ်မူတည်ပါတယ်။ ကလေးက မှားမှန်မခွဲခြားနိုင်သေးဘဲ သူလုပ်ချင်တာလေးလုပ်လိုက်တဲ့အပေါ်မှာ မိဘက ဆူပူကြိမ်းမောင်းရန်တွေ့ပြီး အဆိုးမြင်တဲ့အတွေးတွေနဲ့ တုံ့့ပြန်တဲ့အခါ ကလေးဟာ သူ့စိတ်ထဲရှိသမျှကို မဖော်ပြရဲတော့ပါဘူး။ အဲဒီ့အတွက် ကလေးလုပ်လိုက်တဲ့အပြုအမူတွေ၊ အမူအကျင့်တွေ၊ အလေ့အကျင့်တွေနဲ့ပတ်သက်ပြီး ကလေးလန့်ဖြတ်သွားပြီး နောက်မပြောရဲတော့တာမျိုး၊ အမှားလုပ်မိတဲ့အခါ အဆူခံရမှာစိုးလို့ လိမ်ပြောတာမျိုး မဖြစ်ဖို့ မိဘက သတိထားထိနးကျောင်းရပါမယ်။ ကလေးက အမှားလုပ်မိတယ်ဆိုရင် ကလေးမျက်လုံးထဲသေချာစိုက်ကြည့်ပြီး ညင်သာတဲ့အသံနဲ့ မှားနေကြောင်း ဘာတွေဖြစ်လာနိုင်ကြောင်း အကျိုးနဲ့အကြောင်းနဲ့ရှင်းပြရပါမယ်။ ကလေးက အလားတူအမှားမျိုးကို မလုပ်‌တော့ဘဲ အမှန်ကိုလုပ်နိုင်လာတဲ့အခါမှာ မိဘကမှတ်သားပြီး ကလေးကိုချီးကျူးပေးရပါမယ်။ အဲဒါမှ ကလေးကို အမူအကျင့်ကောင်းတွေထပ်လုပ်လာဖို့ တွန်းအားပေးသလိုဖြစ်စေတာပါ။ များများအကျင့်ကောင်းတွေကို မှတ်သားလာတဲ့အခါ အကျင့်ကောင်းတွေများလာမယ်၊ များများချီးကျူးခံရတဲ့ကလေးဟာ သူ့ကိုယ်သူလည်း ယုံကြည်မှုတိုးလာမှာဖြစ်ပါတယ်။

၂) ကိုယ်နိုင်တဲ့ဝန်ကို တာဝန်ယူခိုင်းပေးပါ။
အထက်ကပြောသလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုရာမှာကလေးက သူ့ကိုယ်သူလုပ်နိုင်တယ်လို့ထင်ဖို့ရာအတွက် သူအသက်အရွယ်နဲ့ကိုက်ညီတဲ့တာဝန်အချို့ကို လုပ်ဆောင်ခိုင်းပါ။ အဲဒီ့လုပ်ဆောင်ချက်တွေအပေါ်မှာလည်း လုပ်နိုင်ရင်ချီးကျူးပေးပါ။ အမှားပါသွားရင် အကျိုးအကြောင်းနဲ့သေချာရှင်းပြပါ။ အမှန်ပြင်လိုက်တဲ့အခါ ဝမ်းသာအားရချီးကျူးပေးပါ။ အဲဒါမှ ကလေးဟာ သူ့လုပ်နိုင်တယ်ဆိုတဲ့အတွေးမျိုးဝင်သွားမယ့်အပြင် သူမှားလည်း မိဘက ပြုပြင်ပေးမှာမို့ အမှားကို ပွင့်လင်းစွာပြောပြမှာဖြစ်ပါတယ်။

၃)ချစ်ခင်ကြောင်းစကား၊ အပြုအမူနေ့တိုင်းပြပါ။
နောက်ထပ် ကလေးတစ်ယောက်စိတ်ဓာတ်ခိုင်မာတဲ့အခြေခံအကြောင်းတရားတစ်ခုထဲပါဝင်တာကတော့ မိဘ၊ အုပ်ထိန်းသူတွေရဲ့ချစ်ခင်တရားပါ။ ချစ်တယ်...ဆိုပြီး ကလေးကို အငိုမခံဘဲ အကုန်အလိုလိုက်တာမျိုးက ချစ်တာမဟုတ်ပါဘူးနော်။ ကလေးကို ကြင်နာစွာ ဆက်ဆံပေးတာ၊ ကလေးကို ချစ်ခင်ကြောင်းအမူအယာနဲ့ပြတာ ၊ ချစ်ခင်ကြောင်းပြောပြတာ၊ ကလေးနဲ့အတူကစားပေးတာ၊ ကလေးရဲ့အမှားတွေကို ဆူပူကြိမ်းမောင်းရိုက်နှက်တာမျိုးနည်းလမ်းနဲ့မဟုတ်ဘဲ သေချာနားလည်အောင်ရှင်းပြတာ စတဲ့အပြုအမူတွေကလည်း ကလေးရဲ့စိတ်ဓာတ်ခိုင်မာခြင်းကို အထောက်အကူပြုပါတယ်။ အပြည့်အဝချစ်တယ်ဆိုတာ အထက်ကအပြုအမူတွေကိုပြောတာပါ။ ကလေးငိုတာနဲ့ကလေးကြိုက်တာပေးလုပ်လိုက်၊ အလိုလိုက်ပြီး ကျန်တဲ့အချိန်ကျရင် ကလေးကို လျစ်လျူရှုထားတာမျိုးက ကလေးကိုချစ်တာမဟုတ်ပါဘူးနော်။ အမြဲတစေ အဆိုးမြင်စိတ်နဲ့ အပြစ်တင်ကြီမ်းမောင်းခံနေရတဲ့ကလေးဟာ စိုးရွံ့စိတ်နဲ့အကြောက်တရားရှိနေပါတယ်၊ အဲဒီ့အတွက် သူ့စိတ်ထဲမှာ သူဘာလုပ်လုပ် လူကြီးကအော်မှာပဲ ဆူမှာပဲဆိုတဲ့အတွေးကြောင့် ရဲဝင့်တဲ့အပြုအမူ၊ တက်ကြွမှု၊ ရွှင်လန်းမှုမရှိဘဲ လူအများကြားမှာတောင် ကလေးက ကြောက်လန့်နေတဲ့ပုံစံပေါ်နေတတ်ပါတယ်။ အဲဒါဟာ ကလေးရဲ့စိတ်ဓာတ်ပျော့ည့့စေတဲ့အကြောင်းရင်းပါပဲ။ အဓိကက ကလေးရဲ့စိတ်ထဲမှာ သူ့ကိုဘယ်သူကမှ မချစ်ဘူး၊ သူဘာလုပ်လုပ် အပြစ်တင်အော်ဟစ်လိမ့်မယ်၊ဆိုတဲ့အတွေးက ဖုံးလွှမ်းနေတာကြောင့် သူစိတ်ထဲမှာ ကြောက်စိတ်သာကြီးစိုးနေပြီး ကလေးပီပီ တက်ကြွရွှင်လန်းထက်မြင်မှုပျောက်ဆုံးနေတတ်ပါတယ်။

၄)အရှုံးကိုလက်ခံတတ်ပြီး ပြန်အနိုင်ရအောင်ကြိုးစားတတ်ဖို့သင်ပေးပါ။
ကလေးနဲ့အတူဆော့ကစားတဲ့အခါ အစပထမမှာတော့ ကလေးပျော်အောင် ကလေးကို အနိုင်ပေးတာမျိုး၊ ကိုယ်ကအရှုံးကို ကျေနပ်စွာလက်ခံတာမျိုး နမူနာပြပါ။ အချို့အခေါက်တွေမှာ ကလေးကို အရှုံးနဲ့ထိတွေ့ပါစေ။ ကစားခြင်းမှာကြုံတွေ့ရတဲ့အရှုံးကို လက်မခံချင်တဲ့ကလေးကို ဖက်ထားပြီး နှစ်သိမ့်ပါ၊ အတူဆော့ကစားရာမှာ ကိုယ်နိုင်တဲ့အလှည့်ရှိသလို ၊ ကိုယ်ရှုံးတဲ့အလှည့်လည်းရှိလာနိုင်ကြောင်း ပြောပြပါ။ ဘဝမှာလည်း အလားတူဖြစ်ရပ်မျိုးတွေရှိနိုင်ကြောင်းပြောပြပေးပါ။ တကယ်လို့ အရှုံးနဲ့ကြုံရလဲ အရေးမကြီးကြောင်း ကလေးက အရှုံးကိုလက်ခံပြီး နိုင်သွားတဲ့လူအတွက် ပျော်ပေးတဲ့စိတ်ထားမျိုးထားသင့်ကြောင်း၊ ကိုယ့်ရဲ့အရှုံးထဲကနေ ဘာကြောင့်ရှုံးလဲဆိုတာသိအောင်လုပ်ပြီး ပြန်အနိုင်ရအောင်ကြိုးစားနိုင်ကြောင်း ရှင်းပြပေးပါ။ အဲဒါမှသာ ဘဝမှာ အနိုင်အရှုံးရှိတာကို နားလည်လက်ခံတတ်လာပြီး အရှုံးနဲ့ကြုံရရင်လည်း ပြန်ကြိုးစားနိုင်ကြောင်း ပြန်ပြီးအနိုင်ရယူနိုင်ကြောင်း သိလာမှာဖြစ်ပါတယ်။

၅) အမှားလုပ်မိတိုင်း ဆူပူကြိမ်းမောင်းတာမျိုးမလုပ်ပါနဲ့။ အကျိုးသင့်အကြောင်းသင့်ရှင်းပြပါ။
နံပါတ်တစ်ကလိုပါပဲ။ အမှားလုပ်မိတဲ့အခါ ဆူပူကြိမ်းမောင်းလိုက်တာ၊ အော်ဟစ်ဆဲဆိုတာ၊ ရိုက်နှက်လိုက်တာမျိုးက ကလေးကို နောက်တစ်ခါအမှားမလုပ်မိဖို့ အဟန့်အတားမဖြစ်စေပါဘူး။ အဲဒါကို မိဘက နားလည်မှရပါလိမ့်မယ်။ “ငါရိုက်လိုက်လို့ ရိုက်မှာကို ကြောက်ပြီးနောက်တစ်ခါ အလားတူအမှားမျိုးလုပ်ရဲတော့မှာမဟုတ်ဘူး” လို့တွေးရင် မှားပါတယ်။ ကလေးရဲ့သဘောအရ အရိုက်ခံရတာကို ကြောက်ပါတယ်။ ဒါပေမယ့် ဒီအမှားဟာဘာကြောင့်မှားတာလဲ......ဆိုတဲ့ အကြောင်းပြချက်ကို မသိမချင်း ကလေးဟာ မိဘမသိအောင် အလားတူအမှားကို ထပ်လုပ်အုံးမှာဖြစ်ပါတယ်။ မီးခြစ်ကို ဆော့မိလို့ရိုက်လိုက်တယ်ဆိုရင် ချောက်ကနဲ ခြစ်လိုက်လို့ မီးထတောက်တာကို စိတ်ဝင်စားနေတဲ့ကလေးဟာ ဒီမီးတောက်ဘာကြောင့်ထွက်လာသလဲဆိုတာကို မိဘကွယ်ရာမှာ ထပ်စပ်စုအုံးမှာပါ။ ကလေးရဲ့စူးစမ်းချင်တဲ့စိတ်ကြောင့်ပါ။ အဲဒီမှာ မိဘက အကျိုးအကြောင်းကိုမပြောပြဘဲ ကလေးကို “ဒါမကိုင်နဲ့.......” ဆိုပြီးတားလို့ မရနိုင်ပါဘူး။ မိဘလုပ်သူက” ဒါက မီးခြစ်လို့ခေါ်တယ်၊ မီးခြစ်ဆိုတာက ခြစ်လိုက်ရင် မီးတောက်လေးထွက်လာတယ်၊ မီးတောက်က ပူတယ်၊ သားရဲ့အသားကို ထိသွားတဲ့အခါ ပူပြီးအနာဖြစ်လာတတ်တယ်၊ အခြားအရာတွေကိုထိသွားရင်လည်း မီးလောင်နိုင်တယ်၊ အဲဒီ့တော့ အနာတရဖြစ်တတ်တာမို့လို့ သားကိုမကိုင်နဲ့လို့ပြောတာ.......မေမေပြောတာနားလည်လား” ဆိုပြီး အသေးစိတ် ကလေးနားလည်နိုင်မယ့်စကားမျိုးနဲ့ရှင်းပြလိုက်ပါမှ ကလေးဟာ ဘာကြောင့်ဆိုတဲ့အကြောင်းရင်းကိုနာလည်သွားမှာဖြစ်ပါတယ်။ အဲဒါမှသာ နောက်အခေါက်မှာလည်း မကိုင်မှာဖြစ်သလို မိဘရဲ့မျက်ကွယ်မှာလည်း အန္တရာယ်ကိုသိနေတဲ့အတွက်ကြောင့် နောက်ထပ်မကိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် အမှားလုပ်မိတဲ့ကလေးဟာ သူတို့မသိတာကို စူးစမ်းနေတာဖြစ်ပြီး အမှားကို အကျိုးကြောင်းရှင်းပြပေးတာကသာ အဖြေမှန်ဖြစ်ပါတယ်။ ကြောက်အောင်‌ခြောက်လိုက်တာမျိုး၊ ဆူပူလိုက်တာမျိုး၊ အော်ဟစ်လိုက်တာမျိုး ရိုက်လိုက်တာမျိုးက ကလေးရဲ့စူးစမ်းချင်စိတ်ကို အဟန့်အတားဖြစ်စေပြီး ကလေးကိုနောက်ကွယ်မှာတိတ်တိတ်လေးလုပ်ဖို့ တွန်းအားပေးသလိုဖြစ်စေပါတယ်။ လိမ်တတ်လာတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ အဲဒါအပြင် မကြာခဏဆူပူခံရတဲ့အခါ ကလေးဟာ ထူလာပြီး ပိုဆိုးပြီး ပိုပေတေတဲ့ကလေးဖြစ်လာနိုင်သလို၊ ကြောက်လန့်ပြီး ကြောက်စိတ်ကြီးစိုးတဲ့ကလေးမျိုးလည်းဖြစ်လာနိုင်ပါတယ်။

၆)အမှန်ပြင်ဖို့အခွင့်အရေးပေးပါ။
ကလေးက အမှားလုပ်မိတဲ့အခါမဆူမိဖို့အပြင် ကလေးကို နောက်ထပ်အခေါက်တွေမှာ အမှန်ပြင်မပြင် စောင့်ကြည့်မယ်ဆိုတဲ့ warning မျိုးလည်း ပေးထားသင့်ပါတယ်။ ဥပမာ။ သားခုတစ်ခေါက်မိသလို့ လုပ်မိတာ မေမေခွင့်လွှတ်လိုက်မယ်၊ အခုမေမေရှင်းပြလိုက်တာ သားနားလည်လား။ မနားလည်ရင် ထပ်ရှင်းပြပေးမယ်။ နားလည်တယ်ဆိုရင် နောက်အခေါက်မှာ ထပ်မလုပ်ရတော့ဘူးနော်။ ထပ်ပြီးလုပ်လားမလုပ်လား မေမေစောင့်ကြည့်မယ်၊ မေမေရှင်းပြတာ နားလည်ရဲ့သားနဲ့ထပ်လုပ်ရင် မေမေက သားကို တခုခုအပြစ်ပေးမှာနော်” ဆိုတဲ့စကားမျိုးနဲ့ ကလေးကို ကြိုတင်ပြောပြထားသင့်ပါတယ်။ အဲဒါမှသာ ကလေးဟာ အလားတူအမှားမျိုးလုပ်ဖို့ဖြစ်လာတဲ့အခါမှာ မလုပ်တော့ဘူးဆိုရင် မိဘက ကလေးကိုတော်ကြောင်း အမှန်ပြင်နိုင်ကြောင်းချီးကျူးပေးလိုက်ပါ။ ကလေးဟာလည်း နောက်ထပ်အမူအကျင့်ကောင်းတွေလုပ်ဖို့ စိတ်အားထက်သန်သွားပါလိမ့်မယ်။ အမှားကိုထပ်လုပ်တယ်ဆိုရင် ရိုက်နှက်တာမျိုးမဟုတ်ဘဲ ထိရောက်တဲ့အပြစ်ပေးခြင်း ဥပမာ။ သားဒီနေ့သားကြိုက်တဲ့စားစရာတစ်ခု မစားရတော့ဘူး......အပြစ်ပေးတာပဲ. ဆိုတဲ့ပုံစံမျိုးနဲ့အပြစ်ပေးပါ။ အဲဒါဆို နောက်အခေါက်တွေမှာ အလားတူအမှားမျိုး‌တွေ မလုပ်တော့အောင် တားဆီးသလိုဖြစ်စေပါတယ်။

၇)ကလေးနဲ့စကားပြောဖို့အချိန်ပေးပါ။
တစ်နေ့တာမှာ ကလေးရဲ့ရင်ထဲက စကားသံတွေကို နားထောင်ဖို့ ၊ ကလေးတစ်နေ့တာဘာဖြစ်သလဲဆိုတာကို သိဖို့အတွက် ကလေးနဲ့ စကားပြောဖို့အချိန်ပေးပါ။ ကလေးနဲ့စကားပြောတဲ့အခါ ကလေးရဲ့အသက်အလိုက် ကိုယ့်ရဲ့အသိဥာဏ်ကိုလည်း ကလေးနဲ့တန်းတူလို ညှိထားသင့်ပါတယ်။ ဥပမာ။ “သားသူငယ်ချင်းက သကြားလုံးတွေအများကြီးစားတယ်မေမေ.....” လို့ကလေးက ပြောလာရင် “အို....ဟုတ်လား....သူကကြိုက်လို့နေမှာပေါ့။ သားကရော မကြိုက်ဘူးလား” ဆိုသလို ကလေးနဲ့ရွယ်တူသူငယ်ချင်းတွေစကားပြောသလိုပြောပေးပါ။ အဲလိုမဟုတ်ဘဲ “ ဟဲ့.....သူ့ဟာသူ သကြားအများစားစား နင်ကမစားရဘူးလို့ နင့်ကိုငါပြောထားတယ်မလား” ဆိုပြီး လူကြီးအတွေးနဲ့ပြောလိုက်မယ်ဆိုရင် နောက်အခေါက်တွေမှာ ကလေးက သင့်ကို သူ့အကြောင်းနဲ့ပတ်သက်သမျှ ဘာမှ ပြောပြချင်တော့မှာမဟုတ်ပါဘူး။ “မေမေ့ကိုပြောပြလည်း အလကားပဲ၊ မေမေကငါ့ကိုပဲဆူမှာ” ဆိုတဲ့စိတ်မျိုးဖြစ်သွားတဲ့အခါ သူ့ရင်ထဲဘာဖြစ်နေသလဲဆိုတာ သင်သိနိုင်တော့မှာမဟုတ်ပါဘူး။ အဲဒီလို ကလေးကို ကလေးနဲ့ရွယ်တူသူငယ်ချင်းတစ်ယောက်လိုစကားပြောပေးခြင်းဟာ ကလေးအရွယ်ရောက်လာတဲ့အထိ အကျိုးထူးစေမှာဖြစ်ပါတယ်။ ကလေးရဲ့တစ်နေ့တာကိုလည်း သင်တစေ့တစောင်း အကဲခတ်နိုင်ပြီး ကလေးရဲ့စိတ်အခြေအနေကို လေ့လာနိုင်ပါတယ်။ အဲဒါအပြင် မိဘကို ပြောပြရင်ဖွင့်တတ်တဲ့ကလေးကို မိဘကလည်း လမ်းမှန်ကိုလမ်းညွှန်နိုင်ပါတယ်။ မိဘက နားလည်ပေးတယ်လိ့ လက်ခံသွားတဲ့ကလေးဟာ သူ့ကိုယ်သူလည်း ပိုပြီးယုံကြည်မှုတိုးလာစေပါတယ်။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာတဲ့ကလေးဟာ သူ့ဘဝရဲ့အလှည့်အပြောင်းတွေရဲ့ဒဏ်ကိုလည်း ခံနိုင်ရည်ရှိလာစေပါတယ်။ တခုခုဆို စိတ်ဓာတ်ကျပြီးလုပ်ချင်၇ာလုပ်မယ့်အစား မိဘကိုလည်း ပြောပြရင်ဖွင့်တတ်တဲ့အခါ မိဘကို ပြောပြနိုင်ပြီး အကြံတောင်းနိုင်တာမို့ စိတ်ညစ်ရင်တောင် ခဏတဖြုတ်ပဲဖြစ်မှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။