ကလေးကိုအချိန်ပေးခြင်းရဲ့ကောင်းကျိုးများ

ကလေးကိုအချိန်ပေးခြင်းက ကလေးလိုချင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေဝယ်ပေးခြင်းထက်စာရင် အများကြီးအကျိုးရှိနိုင်ပါတယ်။ ကလေးအတွက် ကလေးလိုချင်တာရော၊ မလိုချင်တာရော အရုပ်တွေ, မုန့်တွေ၊ ကစားစရာတွေ အားလုံးကိုဝယ်ပေးလိုက်ရုံနဲ့ ကလေးကိုချစ်ခင်ပြခြင်းမပြီးပြည့်စုံနိုင်ပါဘူး။ ကလေးကိုတကယ်ချစ်တယ်ဆိုရင် ကလေးရဲ့စိတ်ခံစားချက်ကိုနားလည်နိုင်အောင်ကြိုးစားပါ, ကလေးနဲ့အတူ ဆော့ကစားပါ၊ စာဖတ်ပြပါ၊ ကလေးကိုအချိန်ပေးခြင်းတွေကသာ ကလေးကို အမှန်တကယ်ချစ်ခင်ရာကျမှာပါ။


အဲဒီလိုကလေးကိုအချိန်ပေးခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးတွေရနိုင်ပါတယ်။

၁) ရင်းနှီးပွင့်လင်းမှုပိုရလာနိုင်ခြင်း
ကလေးနဲ့အချိန်ပေးခြင်းက ကလေးနဲံမိဘကြားမှာ ပိုပြီး ရင်းနှီးပွင့်လင်းမှုရလာနိုင်ပါတယ်။ ကလေးက မိဘကို ပိုပြီးချင်ခင်စိတ်ဖြစ်လာသလို၊ တခုခုဆိုရင် သူငယ်ချင်းလို သူဖြစ်ချင်တာလေး၊ လုပ်ချင်တာလေး၊ သူ့စိတ်ထဲရှိတာလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ပြောပြဖော်ရလာနိုင်ပါတယ်။ အဲဒီ့အတွက် ကလေးစိတ်ကို ပိုသိလာနိုင်ပါတယ်။ ကလေးက အိမ်ရှိလူတွေအပေါ်ဘယ်လိုခံစားနေနိုင်သလဲ။ ပတ်ဝန်းကျင်ရှိလူတွေအပေါ်အမြင်ဘယ်လိုရှိသလဲဆိုတာမျိုး မိဘက သိလာနိုင်ပါတယ်။

၂) ကလေးရဲ့တိုးတိုးဖေ်ဖြစ်လာနိုင်ခြင်း
ကလေးကို ငယ်စဥ်ကတည်းက အချိန်ပေးတတ်တဲ့အခါ ကလေးအရွယ်တခုရောက်လာရင်တောင် ကလေးက အားကိုးတကြီးနဲ့မိဘကို ပြောပြတတ်လာစေပါတယ်။ တစ်ခုခုဆို အပြင်သူစိမ်းကို ရင်ဖွင့်မယ့်အစား မိဘကို ပိုပြီးရင်းနှီးယုံကြည်မှုရှိနေခြင်းက ဆယ်ကျော်သက်အရွယ်မှာ ထိန်းကျောင်းဖို့ရာ အများကြီးအကျိုးရှိပါတယ်။

၃) ကလေးရဲ့စိတ်ကိုနားလည်နိုင်လာခြင်း
ကလေးရဲ့သဘောကိုက သူသဘောကျတဲ့လူ၊ သူ့ခံစားချက်ကို နားလည်ပေး၊ နားထောင်ပေးတဲ့လူဆိုရင် ပိုပြီး ခင်တွယ် ရင်းနှီးတတ်တာကြောင့် ကလေးကပိုပြီးရင်ဖွင့်တတ်လာပါတယ်။ အဲဒါကြောင့်အချိန်ပေးလေ ပိုရင်းနှီးလေ ပိုပြီးယုံကြည်လေ ကလေးရဲံစိတ်ခံစားချက်တွေကို ပိုသိလာနိုင်လေလေပါပဲ။ ကလေးစိတ်ကိုနားလည်နိုင်တဲ့အခါ ကလေးနဲ့ ကိုယ်အလိုရှိသလို ဆွေးနွေးနိုင်လာပါတယ်။

၄) ကလေးကို အထီးမကျန်စေခြင်း
ကလေးကို အထီးကျန်စေတာက ကလေးရဲ့စိတ်ခံစားချက်ကို ဆိုးဝါးစေပါတယ်။ အဲဒီ့အခါ ကလေးမှာ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ အားငယ်မှု၊ သိမ်ငယ်မှုတွေဝင်လာနိုင်ပါတယ်။ “ငါ့ကိုမချစ်ခင်ကြဘူး၊ ငါ့ကို အချိန်မပေးဘူး၊ ငါ့ကိုအလေးမထားဘူး” ဆိုတဲ့ခံစားချက်တွေအပြင် ဒေါသကြီးခြင်း၊ အခြားလူရဲံအာရုံစိုက်ခံရဖို့အတွက် ဘာပဲလုပ်ရလုပ်ရဆိုတဲ့စိတ်ခံစးာချက်မျိုးဖြစ်လာနိုင်သလို၊ အခြားဆိုးရွားတဲ့ လုပ်ရပ်မျိုးလည်း ပြုလုပ်လာနိုင်ပါတယ်။ တချို့မိဘတွေက ကလေးက ဘယ်လောက်အလိုလိုက်လိုက် ဆိုးတယ်ဆိုတာမျိုး ညည်းညူကြတာကြားဖူးမှာပါ။ အဲဒီ့အခါမှာ ဒီအချက်လို ကလေးကို ဘယ်သူကမှ အရေးတယူနဲ့အချိန်မပေးကြ၊ စကားမပြောကြ၊ အတူဆော့မကစားပေးကြဘူးလားဆိုတဲ့အချက်ကို ထည့်သွင်းစဥ်းစားကြည့်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးကို အချိန်ပေးခြင်းက ကလေးကိုအထီးမကျန်စေဘဲ ပျော်ရွှင်စေနိုင်ပါတယ်။

၅) ဆော့ရင်းကစားရင်း ဆုံးမသွန်သင်နိုင်ခြင်း
ကလေးကို အချိန်ပေးတဲ့အခါ ကလေးနဲ့ပိုပြိး ချစ်ခင်၊ ရင်းနီးလာမယ်၊ ကလေးကလည်း ပိုပြီး ယုံကြည်လာမယ်၊ စကားတွေပြောရင်း ကလေးစိတ်ခံစားချက်ကို ပိုသိလာနိုင်မယ်၊အဲဒီ့အခါ ကလေးရဲ့ စိတ်ထဲကခံစားချက်ကနေ ပြောလာတဲ့ စကားတွေကို နားထောင်ရင်း ကလေးရဲ့မှားနေတဲ့အမှားတွေကို ပြုပြင်ပေးနိုင်လာပါတယ်။ ကလေးကလည်း တုတ်တစ်ချောင်းကိုင်ပြီး ကြောက်အောင် ရိုက်ပြီး ဆုံးမတာမျိုးထက် သူကချစ်ခင်လေးစားတဲ့လူက ချိုသာစွာပြောဆိုရင်း ပုံပြင်လေးတွေပြောပြရင်း ကလေးမှားတာကိုထောက်ပြတာမျိုးကို ပိုပြီး နားဝင်တတ်ပါတယ်။ အဲဒါကြောင့် ကလေးစိတ်ခံစားချက်ကိုသိလေလေ ကလေးကို ပိုပြီး အကျိုးအကြောင်းပြောပြဆုံးမလို့ လွယ်ကူစေပါတယ်။ ကလေးကလည်း သူချစ်ခင်ရင်းနှီးပြီး အဆင်ပြေသူမို့ သင်ပြောတဲ့စကားကို အလေးထားနားထောင်လာပါလိမ့်မယ်။ သင်နဲ့အတူ ဆက်ဆံရေးအဆင်ပြေနေတာကို လိုချင်တဲ့အတွက် သင့်စိတ်ထဲအဆင်မပြေမယ့်ကိစ္စဖြစ်မယ်လို့ထင်ရင်ကလေးအတွေးလေးနဲ့တွေးရင်း သူ့ဟာသူပြုပြင်ဖို့ကြိုးစားလာပါလိမ့်မယ်။
အဲဒါကြောင့် ကလေးကိုအချိန်ပေးခြင်းဟာ ကလေးရဲ့စိတ်ခံစားချက်ကို ပိုသိလာပြီး ကလေးကိုလည်း ပိုထိန်းကျောင်းရလွယ်လာစေပါတယ်။ ကလေးအတွက်လည်း အထီးမကျန်ဘဲ ပျော်ရွှင်ပြီး စိတ်ခံစားချက်ပိုကောင်းလာစေပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးကို မရိုက်နှက်ဘဲ စည်းကမ်းလေးနဲ့ ထိန်းကျောင်းလို့ အဆင်ပြေလာစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။