ချစ်ခြင်းမေတ္တာနဲ့ မတန်တဲ့သူကို ပြတ်သားစွာ စွန့်လွှတ်ပါ။
စွန့်လွှတ်ခြင်းဆိုတဲ့စကားက ယေဘုယျအားဖြင့် ကိုယ့်ဆီက တစ်စုံတစ်ရာကို ပိုင်ဆိုင်ခွင့်ဆုံးရှုံးသွားရတာမျိုးပေါ့။ တခါတလေကျတော့ စွန့်လွှတ်ခြင်းတွေမှာ ကိုယ့်ဆန္ဒမပါဘဲ ဖြစ်ပေါ်လာရတာမျိုးရှိပါတယ်။ တခါတရံကျပြန်တော့ ကိုယ်တိုင်ကိုက လိုလားစွာ စွန့်လွှတ်ပစ်ဖို့လိုပါတယ်။ ဘယ်လောက်နာကျင်ပါစေပေါ့။ ကိုယ့်အတွက် စွန့်လွှတ်ဖြစ်မှ ပိုကောင်းလာမယ့်အရာမျိုးတွေအတွက်ပါ။ အဲဒီ့အထဲမှာမှ ခုပြောပြပေးချင်တဲ့စွန့်လွှတ်ခြင်းက ချစ်ခြင်းတရားအားဖြင့်စွန့်လွှတ်ခြင်းမျိုးပါ။ ချစ်ခြင်းတရားအားဖြင့် စွန့်လွှတ်ခြင်းက သူနဲ့ကိုယ်နဲ့ချစ်နေရက်နဲ့ မဖြစ်သင့်တဲ့အခြေအနေတွေကြောင့် စွန့်ကိုစွန့်မှရမှာမို့ စွန့်လွှတ်ခြင်းမျိုး၊ နှစ်ဖက်လုံးနာကျင်နေရတယ်ပေါ့။
အချို့ချစ်သူရည်းစားတွေမှာ အမြဲတမ်းဆက်ဆံရေးအဆင်မပြေဘူး၊ ပြဿနာတက်ကြတာများပြီး တငိုငိုတရယ်ရယ်နဲ့ဖြစ်နေတတ်ကြပေမယ့် သူတို့စုံတွဲပြတ်လားဆိုတော့ မပြတ်ကြပြန်ပါဘူး။ များသောအားဖြင့်က ချစ်သူရည်စားတွေ မပြတ်ကြတာ ကောင်းတဲ့ကိစ္စလို့သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အပြည့်အဝမမှန်ပါဘူး။ ကိုယ့်ချစ်သူက ဘယ်လိုလူမျိုးလဲ။ ကိုယ့်ကိုအမြဲတစေ မျက်ရည်ကျအောင် လုပ်ပြီးမှ ပြန်လည်ပြုပြင်ပါ့မယ်လို့ ကတိပေးတတ်သူမျိုးလား၊ ကတိကော တည်တတ်ရဲ့လား၊ ကိုယ်ကတော့ ချစ်ခြင်းတရားကြောင့် မပြတ်နိုင်ဘဲ သည်းခံပြီးဆက်လက်တွဲနေတာလားဆိုတာ စဉ်းစားရပါလိမ့်မယ်။ ဖောက်ပြန်တတ်တဲ့သူမျိုးလား၊ ကိုယ့်တွေ့ရင် သည်းသည်းလှုပ်ပြီး နောက်ကွယ်ရောက်ရင်မေ့သွားတတ်သလား။ ချစ်သူရည်းစားဘဝဆိုတာ သူ့အကြောင်းကို သူပြောမှကိုယ်ကသိရတာဖြစ်တဲ့အတွက် သူပြောသမျှ မျက်လုံးမှိတ်အားလုံးယုံလို့မဖြစ်ပြန်ပါဘူး။ သံသယချည်းပဲလည်း ထားနေလို့မဖြစ်ပြန်ပါဘူး။ ပြောချင်တာက ချစ်သူရည်းစားဘဝဆိုတာက သူ့နဲ့ကိုယ် ဘဝတစ်ခုကို လက်တွဲဖို့အပြန်အလှန် အသင့်တော်ဆုံးလက်တွဲဖော်ဖြစ်နိုင်မဖြစ်နိုင် ခန့်မှန်းဖို့အတွက် လက်မထပ်မီ ကြားကာလ အခြေအနေတစ်ခုပါပဲ။ အဲဒါကြောင့် သူ့ကို အလုံးစုံမျက်လုံးမှိတ်မယုံသင့်ပါဘူး။ အားလုံးလည်း ယုံပြီးမပုံအပ်သင့်သေးပါဘူး။ အမျိုးသားမှ အမျိုးသမီးမှရယ် မဟုတ်ပါဘူးနော်။ ကိုယ်ကော သူကော အပြန်အလှန် လေ့လာဆန်းစစ်နေကြတဲ့ကာလမို့ပါ။ ချစ်သူရည်းစားဘဝမှာတင် ကိုယ့်ကိုအမြဲတစေ မျက်ရည်ကျအောင်၊ စိတ်ထိခိုက်အောင် ၊ အပြောတမျိုးအလုပ်တမျိုးလုပ်တတ်နေရင် ကတိမတည်ရင် ထိုလူမျိုးကို ဘာအတွက်နဲ့ ဆက်လက်သည်းခံပြီးလက်တွဲနေစရာလိုပါသလဲ။ ကိုယ့်အပေါ်ခုကာလလေးမှာတောင် မကောင်းနိုင်တဲ့သူမျိုးက တစ်ဘဝလုံးလက်တွဲရင် သင့်အပေါ်ကေင်းနိုင်မယ်ထင်လို့လား။ ပြန်တွေးပါ။ ကိုယ့်အတွက်မကောင်းနိုင်တဲ့သူကို ဘာကြောင့်များ မစွန့်လွှတ်နိုင်ရပါသလဲ။ ဒီနေရာမှာ ငွေချမ်းသာခြင်း၊ အမွေရခြင်း၊ ငွေဂုဏ်၊ ရာထူးဂုဏ်ရှိခြင်းက သင့်အပေါ် တစ်ဘဝလုံးလက်တွဲပြီး စိတ်ချမ်းသာအောင်ထားနိုင်မယ်လို့ ယူဆလို့မရနိုင်ပါဘူးနော်။ လူတစ်ယောက်နဲ့တစ်ယောက်ပတ်သက်ခြင်းမှာ အပြန်အလှန်နားလည်ပြီး ဖေးမကူညီခြင်းနဲ့စိတ်ချမ်းသာစေခြင်းက အဓိကကျပါတယ်။ ငွေနဲ့ဂုဏ်တွေကို အဓိကထားပြီး လူကို ရွေးချယ်လို့မရပါဘူး။ ငွေရှိတဲ့လူက သင့်ကိုစိတ်ချမ်းသာအောင်ထားမယ်လို့မပြောနိုင်သလို ငွေမရှိဂုဏ်မရှိတဲ့သူကလည်း သင့်ကို စိတ်ဆင်းရဲစေမယ်လို့ တရားသေမပြောနိုင်ပြန်ပါဘူး။ အဓိကက သင့်ကို အပြည့်အဝနားလည်ပြီး သင်တို့ချင်း ဘဝတစ်ခုကို အတူပြည့်စုံလာအောင် ကြိုးစားချင်စိတ်ရှိဖို့ပါပဲ။ အဲဒါကြောင့် သမီးရည်စားဘဝမှာ ကတည်းက ကိုယ့်အပေါ်မကောင်းတဲ့သူကို ရဲဝင့်ပြတ်သားစွာစွန့်လွှတ်ရဲဖို့လိုပါတယ်။
သမီးရည်းစားဘဝမှာ ပြုပြင်လာမှာပါ……ဆိုတဲ့အတွေးနဲ့ မကောင်းတဲ့လူကို ဆက်လက်တွဲနေခြင်းက မဖြစ်မနေ အိမ်ထောင်ပြုမိသွားတဲ့အခါ သင့်အိမ်ထောင်ရေးမှာ အများကြီးထိခိုက်လာစေနိုင်ပါတယ်။ သင့်အနာဂတ်ကိုလည်း သင့်စိတ်ကြိုက်ဖန်တီးခွင့်မရနိုင်တော့ပါဘူး။ အိမ်ထောင်ပြုပြီးမှ တည်ပြီးဘုရားမဖျက်ကောင်းဆိုသလို အိမ်ထောင်ရေးကို လွယ်လွယ်ဖျက်ဆီးရလည်း ခက်လာပါတယ်။ ပြုပြင်တယ်ဆိုတာလည်း ရှားပါတယ်။ လူတစ်ယောက်ကို လူတစ်ယောက်ပြုပြင်နိုင်တယ်ဆိုတာ မြန်မာဇာတ်ကားတွေထဲမှာပဲပေါတာပါ။ အဲဒါအပြင် သားသမီးတွေပါ ရှိလာတဲ့အခါမှာလည်း စရိုက်မတူတဲ့မိဘတွေရဲ့ဒဏ်၊ မိဘတွေရဲ့အပြစ်တွေက ကလေးတွေရဲ့စိတ်ခံစားချက်ကို လာပြီး ထိခိုက်စေပါတယ်။ အဲဒီ့အခါ အပြစ်မရှိတဲ့သားသမီးလေးတွေက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာတဲ့အခါ လူတောမတိုးရဲတာ၊ အခြားကလေးတွေ တိုးတက်သလို မတိုးတက်တာ၊ မတတ်မြောက်တာ၊ မဖွံ့ဖြိုးတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ပြောရရင်တော့ လူကြီးနှစ်ယောက်ရဲ့အမှားကြောင့် အပြစ်မရှိတဲ့ကလေးရဲ့အနာဂတ်ပါ စုတ်ပြတ်သတ်သွားနိုင်ပါတယ်။ အဲဒီ့အချိန်မှ သင်နောင်တရမယ်ဆိုရင်တော့ သင့်ကြောင့် သင့်ရင်သွေးတွေအဆပေါင်းများစွာနာကျင်နေရပါပြီ။
အဲဒီ့မှာ ကလေးတွေ မိတကွဲဖတကွဲဖြစ်မယ်ဆိုတဲ့ဘေးက ပြောစကားကို နားထောင်ပြီး ကိုယ့်ဘဝအတွက် လက်တွဲဖော်ကောင်းမဟုတ်တဲ့သူကို ဆက်ပြီးလက်တွဲထားမယ်ဆိုရင် လူ့ငရဲကို ရင်ဆိုင်နေရတာနဲ့အတူတူပါပဲ။ ဖေ့ဘုတ်ပိုစ့်တခုရဲ့ ကွန့်မန့်တစ်ခုမှာ ဆေးနဲ့အရက်ကြောင်နေတဲ့အမျိုးသားက အမျိုးသမီးကို အမြဲတမ်းတံခါးပိတ်ရိုက်နှက်တတ်ပါတယ်တဲ့။ အမျိုးသမီးကို ရိုက်နှက်နေတိုင်းလည်း ငါးနှစ်အရွယ်သားလေးက အမြဲမြင်ပြီး အော်ဟစ်ငိုယိုလေ့ရှိပါတယ်တဲ့။ ပတ်ဝန်းကျင်က ထိုအမျိုးသမီးကို မြင်တိုင်း ကွာရှင်းလိုက်ဖို့ တိုက်တွန်းပေမယ့် အမျိုးသမီးက သူမသားလေး အဖေမဲ့ဖြစ်မယ်ဆိုတဲ့စိတ်နဲ့သည်းခံနေပါတယ်တဲ့။ ထိုအခြေအနေကို သုံးသပ်ကြည့်ရအောင်ပါ။ အဖေမဲ့ဖြစ်မယ်ဆိုတဲ့စိတ်ထက် အမေကို အဖေက ရိုက်နှက်နေတာကို နေ့တိုင်းလိုလိုမြင်နေရတဲ့ကလေးရဲ့စိတ်ကို ဝင်ခံစားကြည့်လိုက်မယ်ဆိုရင် ဘယ်လောက်နာကျင်နေမလဲ။ နေ့တိုင်းလိုမြင်တွေ့နေခြင်းက ကလေးရဲ့စိတ်ကိုသတ်လိုက်နိုင်ပါတယ်။ အဲဒီလိုအခြေအနေကို နေ့တိုင်းမြင်ပြီး နေ့တိုင်းနာကျင်ခံစားနေမယ့်အစား အဖေသပ်သပ် အမေသပ်သပ်ကွာရှင်းလိုက်တာက ကလေးအတွက် ခံစားရပိုမသက်သာနိုင်ဘူးလား။ အဖေတွေ့ချင်ရင် အဖေနဲ့သွားတွေ့လိုက်၊ အမေတွေ့ချင်အမေနဲ့တွေ့လိုက်ရုံပါပဲ။ တစ်နေ့မှာတော့ ထိုအမျိုးသမီးဟာ သူမအမျိုးသားရိုက်နှက်တာကို ကြောက်လန့်တကြားပြေးရင်း နောက်ဖေးဝရံတာကနေ တွန်းချခံလိုက်ရတာလား၊ ပြုတ်ကျတာလားမပြောတတ်ဘဲ တိုက်ငါးလွှာကနေ ပြုတ်ကျသွားပါတယ်။
တကယ်တော့ လောကမှာ လူတိုင်းမှားတတ်ကြပါတယ်။ တခါမှားဖူးရင် တခါသင်ခန်းစာယူတတ်ရုံပါပဲ။ အဲဒါမှသာ အမှားနည်းလာတာဖြစ်ပါတယ်။ အမှားတွေလုပ်မိတဲ့အခါ ပြန်ပြီးပြင်ဆင်ဖို့ကြိုးစားခြင်းက အမှန်ဖြစ်လာစေမှာပါ။ ထိုမှားနေတဲ့အမှားကို ဆက်မမှားဖို့ကြိုးစားပါ။ ထိုအမှားတွေထဲမှာ ချစ်ခြင်းမေတ္တာနဲ့မတန်တဲ့သူကို ပေးမိတဲ့အမှား၊ ချစ်ခြင်းမေတ္တာနားမလည်သူကို တစ်ဘဝလုံးတွယ်ဖက်ထားတဲ့အမှားက အရမ်းနစ်နာပါတယ်။ သိသိခြင်း ပြုပြင်မှ ကိုယ့်တစ်ဘဝလုံး ပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သားသမီးတွေရှိနေရင်ပိုဆိုးပါသေးတယ်။ ကိုယ့်အမှားကြောင့် ကိုယ့်သားသမီးပါ အဆစ်ပါမှာပါ။ အဲဒါကြောင့် ချစ်ခြင်းမေတ္တာပေးဖို့မတန်သူကို စောစောစီးစီး စွန့်လွှတ်လိုက်ပါ။ မစွန့်လွှတ်နိုင်ရင် ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုတွေးကြည့်ပါ။ စွန့်လွှတ်ချိန်ခဏနာကျင်ပေမယ့် တစ်ဘဝလုံးအညွှန့်ကျိုးမှာထက်စာရင် အများကြီးသက်သာပါတယ်။ ကိုယ့်ဘဝအတွက် အဆိပ်လိုဘေးကနေ ဒုက္ခပေးမယ့်သူမျိုးတွေကို ရဲရဲကြီး စွန့်လွှတ်လိုက်ခြင်းက ကိုယ့်အတွက် အကောင်းဆုံးအဖြေပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။