ခွင့်လွှတ်ပေးခဲ့ပေမယ့် အခါခါ လိမ်ညာတတ်သူနဲ့ကြုံလာခဲ့ရင်………

ကျွန်တော်တို့ဘဝမှာ အလိမ်ခံရဖူးမှာပါ။ လူတိုင်းနီးပါးလိုလည်း ကိုယ်ယုံကြည်ထားတဲ့လူရဲ့ မမျှော်လင့်ဘဲ လိမ်ညာခံရခြင်းကိုလည်း ကြုံဖူးကြမှာပါ။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ဆက်ဆံမှုကြားမှာ အရေးကြီးတာက ယုံကြည်မှုလည်းပါပါတယ်။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လိုမျိုး ရှေ့ဆက်လက်တွဲပြီး အကောင်းဆုံးဆက်ဆံရေးအဖြစ်နေထိုင်သွားကြမလဲ။ လူရဲ့သဘောကိုက တစ်ခါလောက်လိမ်ညာခံရဖူးရင် နောက်လူတွေကိုလည်း သံသယနဲ့ဆက်ဆံတတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အမြဲတမ်း “ငါ့ကိုလိမ်ညာနေသလား…..” ဆိုတဲ့ သံသယစိတ်က အလိမ်ခံလိုက်ရတဲ့လူအပေါ်မှာ လွှမ်းမိုးနေတတ်သလို၊ လိမ်ဖူးတဲ့လူမှာလည်း အမြဲလိမ်အုံးမှာပဲလို အထင်ခံနေရနိုင်ပါတယ်။ အဲဒါကြောင့် လိမ်ညာခြင်းက နှစ်ဦးနှစ်ဖက်လုံးအတွက် အရိပ်မည်းကြီးဖြစ်လာနိုင်ပါတယ်။


လူတစ်ယောက်ကို သင်ယုံကြည်ဖို့အတွက် အကောင်းဆုံးအချက်ကတော့ ယုံကြည်ပေးလိုက်တာပါပဲတဲ့။ ဘယ်သူပြောတဲ့စကားလည်းတော့ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဒီစကားက ဟုတ်သလိုလိုတော့ရှိပါတယ်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို မယုံကြည်ဘူးဆိုတဲ့ သံသယဆက်ဆံရေးထက် အရင်ဆုံးယုံကြည်ပေးလိုက်တာက ပိုကောင်းပါတယ်။ ၁၀၀ရာခိုင်နှုန်း ယုံကြည်မှုပေါ့။ ဘာကိုမှမတွေးမထင်၊ သံသယမထားဘဲနဲ့ပေါ့နော်။

ဒါပေမယ့် အဲဒီလို ၁၀၀ရာခိုင်နှုန်းယုံကြည်ပေးလိုက်ပြီးမှ အလိမ်ခံခဲ့ရတယ်ဆိုရင်တော့ သင့်ရဲ့စိတ်ကို ပြင်ဆင်ထားဖို့လိုအပ်လာပါပြီ။ လူတွေက အရမ်းယုံကြည်ပေးလိုက်တဲ့လူတစ်ယောက်က လိမ်ညာခြင်းကိုခံလိုက်ရတဲ့အခါ အရမ်းထိခိုက်နာကျင်သွားတတ်ပါတယ်။ အဲဒီလိုထိခိုက်နာကျင်မှုကို တသသပြန်တွေးပြီး “သူကတော့ ငါ့ကိုလိမ်ရက်လေခြင်း……” လို့ခံစားရမှာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီ့လွှမ်းမိုးမှုကိုခံပြီး ကိုယ့်ရဲ့နေ့ရက်တိုင်းကို အမှောင်ချထားလို့မဖြစ်ပါဘူးနော်။ လောကမှာ လူညာတတ်သူက တစ်ယောက်တည်းရှိတာမဟုတ်ပါဘူး။ အဲဒီလိုလိမ်ညာမှုမျိုးကို အခါခါ ခံရနိုင်တယ်ဆိုတာ သတိထားရမှာဖြစ်သလို၊ လူတိုင်းဟာလည်း လိုက်ပြီးလိမ်ညာနေတာမဟုတ်ဘူးဆိုတာလည်း သတိကပ်ရပါလိမ့်မယ်။ တနည်းအားဖြင့်တော့ သင့်ရဲ့အတွေးတွေကို အစွန်းမရောက်စေချင်တာပေါ့။

ကိုယ်မထင်မှတ်ထားတဲ့လူတစ်ယောက်က ကိုယ့်အပေါ် လိမ်ညာခြင်းကို ခံလိုက်ရတဲ့အခါ…… သင်ယူကြုံးမရဖြစ်ပါလိမ့်မယ်။ ခံစားပါ၊ နာကျင်ပါ၊ ဒါပေမယ့် သင်ခန်းစာယူဖို့မမေ့လိုက်ပါနဲ့။ ပြီးတော့ လူတိုင်းဟာ သင့်အပေါ်လိမ်ညာနိုင်တယ်ဆိုတာ မမေ့သင့်သလို၊ လူတိုင်းဟာလည်း သင့်အပေါ်လိမ်နေတဲ့လူတွေချည်းမဟုတ်ဘူးဆိုတာ သတိကပ်ပါ။ သင့်အပေါ် တစ်ခါလိမ်ညာဖူးသူကို သင်သတိထားပြီး သင်ခန်းစာယူပေါ့။ ပြုပြင်မယ်ပြောတဲ့အခါ အကန့်အသတ်တစ်ခုနဲ့ သင့်ဟာသင်ခွင့်လွှတ်ပေးကြည့်ပေါ့။ အဲဒါက သင့်စိတ်ကို ပေါ့ပါးသက်သာစေပါတယ်။ ဥပမာ။ သင့်ကို ပထမဆုံးအကြိမ်လိမ်ညာသူဟာ ဘာကြောင့်လိမ်ညာရတာလဲဆိုတဲ့အကြောင်းရင်းကို တွေးကြည့်ပါ။ သင်နာကျင်မှာစိုးလို့လား၊ သင့်အကျိုးစီးပွားအတွက်လား ဒါမှမဟုတ် သူ့အကျိုးစီးပွားအတွက်လား၊ သင့်ကိုချနင်းသွားတာလား စသဖြင့်ပေါ့။ သူ့အကျိုးအတွက်နဲ့ သင့်ကိုနစ်နာစေတဲ့လူမျိုးဆိုရင် ထိုလူကို သင်သတိလေးထားပြီး ပေါင်းသင်းရပါတော့မယ်။ အဲဒီလိုလူမျိုးက ပြုပြင်ပါ့မယ်….နောက်မလုပ်တော့ပါဘူးလို့ပြောရင် အကန့်အသတ်တစ်ခုနဲ့ခွင့်လွှတ်ပေးကြည့်ပြီး စောင့်ကြည့်လိုက်ပါ။

သင်သည်းခံနိုင်တဲ့အတိုင်းအတာကျော်လွန်သွားတဲ့အခါမှာတော့ သင့်အပေါ်လုံးဝကတိမတည်တဲ့လူကို ပြတ်သားစွာ စွန့်လွှတ်ဖို့ သင်စိတ်နာသင့်နေပါပြီ။ ဒါသည်သင့်အလွန်မဟုတ်တော့ပါဘူးနော်။ သင့်ယုံကြည်မှုကိုအခါခါ လိမ်ညာတတ်သူဟာ သင့်အနားမှာနေသရွေ့သင့်ကို ဒုက္ခအမျိုးမျိုးပေးနိုင်သလို သင့်ကိုလည်း အခါခါ နာကျင်စေပါလိမ့်မယ်။ အဲဒါကြောင့် သင့်နာကျင်မှုကို သင်ကာကွယ်ခြင်းအားဖြင့် ယုံကြည်မှုအခါခါ အလွဲသုံးစားလုပ်လာခဲ့မယ်ဆိုရင် ထိုလူမျိုးကို ပြတ်သားစွာစွန့်လွှတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ အဲဒါသည် သင့်ကိုသင်လေးစားမှုရှိခြင်းသာဖြစ်ပါတယ်။ သင်ဘယ်လောက်ယုံကြည်ပေးပါစေ…..လူချင်းမတူနိုင်တဲ့အတွက် အချို့ကတော့ သင်နာကျင်မှုမဖြစ်ရအောင် ပြုပြင်လာနိုင်သလို အချို့ကလည်း သင့်နာကျင်မှုကိုလျစ်လျူရှုပြီး သူတို့အကျိုးအတွက်သင့်ကိုချနင်းနိုင်ပါတယ်။ အဲဒါကြောင့် ယုံကြည်မှုအလွဲသုံးစား အခါခါ လိမ်ညာခံရတဲ့အခါ နာကျင်ပါ၊ ခံစားပါ၊ သင်ခန်းစာယူပါ၊ အကန့်အသတ်နဲ့ခွင့်လွှတ်ပေးလိုက်ပါ။ သည်းခံမှုကိုကျော်လွန်သွားတဲ့အခါ ပြတ်သားစွာစွန့်လွှတ်ပေးလိုက်တာက အကောင်းဆုံးအဖြေပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။