ငွေက တန်ဖိုးရှိသလား၊ အချိန်က တန်ဖိုးရှိသလား

ဒီခေါင်းစဉ်ကိုမြင်တဲ့အခါ ဘယ်လိုအဖြေမျိုးပေးမိပါသလဲ။ ငွေက တန်ဖိုးရှိပါတယ်လို့ ယူဆရင်လည်း မှန်သင့်သလောက်တော့မှန်တာပါပဲ။ ငွေမရှိဘဲ ရုပ်ပိုင်းဆိုင်ရာအရ အလိုရှိသမျှ အရာတော်တော်များများကို မရနိုင်ဘူးလေ။ အချိန်ကတန်ဖိုးမရှိတာလားဆိုပြန်တော့လည်း မဟုတ်ပါဘူး ။ အချိန်ကိုသေချာခွဲတမ်းချနိုင်ရင် ငွေရှာနိုင်ပြန်ပါတယ်။ အဲဒီ့တော့ အချိန်ကလည်း ငွေနဲ့အလားတူ တန်ဖိုးရှိတယ်လို့ သတ်မှတ်နိုင်ပြန်ပါတယ်။


တနည်းအားဖြင့် ငွေရော၊ အချိန်ရော နှစ်မျိုးစလုံးဟာ သူ့ဟာသူတော့ တန်ဖိုးရှိနေကြပါတယ်။ ဒါပေမယ့် လူတစ်ယောက်အတွက်တော့ ဘယ်အရာကပိုတန်ဖိုးရှိသလဲဆိုရင် အဖြေက မတူတော့ပြန်ပါဘူး။ ငွေမပေါတဲ့လူတစ်ယောက်အတွက် အချိန်ကိုသေချာစီမံနိုင်ရင် ငွေရလမ်းတွေအများကြီးရှာဖွေနိုင်သလို ဝင်ငွေလည်း တိုးလာစေနိုင်ပါတယ်။ ငွေပေါတဲ့လူတစ်ယောက်အတွက်ကျပြန်တော့ အခြားလူတစ်ယောက်ရဲ့အချိန်တွေကို ဝယ်နိုင်ပြန်ပါတယ်။ အချိန်တွေပိုလျှံနေတဲ့လူတစ်ယောက်ရဲ့အချိန်တွေကို ငွေပေးပြီး ဝယ်နိုင်ပြန်ပါတယ်။ တနည်းအားဖြင့် ငွေနဲ့လုပ်အားရယ်၊ အချိန်ရယ်ကို ဝယ်လိုက်တာပေါ့။ ကျွန်တော်တို့လို သာမန်လူတွေအတွက်တော့ ငွေမပေါတဲ့အခါ အလကားရထားတဲ့အချိန်ကိုသာ တန်ဖိုးထားရမှာပါပဲ။ ခုချိန်မှာ သင်က ငွေမပေါဘူးဆိုပါတော့ ငွေကိုထပ်ပြီးရှာနိုင်ဖို့အတွက် အချိန်ကိုသေချာစီစစ်လိုက်တဲ့အခါ အလကားကုန်နေတဲ့အချိန်တွေကို မြင်လာပြီး အချိန်ပိုတွေကို ကောင်းကောင်းအသုံးချလို့ရလာပါလိမ့်မယ်။ အချိန်ပိုတွေကနေ ငွေဖြစ်လာပါလိမ့်မယ်။ ဥပမာ။ သင်က အလုပ်ချိန်၈နာရီအပြီးမှာ အားလပ်ချိန်အဖြစ်ဆိုပြီး လက်ဖက်ရည်ဆိုင်ထိုင်မယ်၊ သူငယ်ချင်းတွေနဲ့အာလပသလပပြောမယ်၊ ရုပ်ရှင်ကြည့်မယ်၊ ဂိမ်းဆော့မယ်ဆိုရင် အချိန်တွေအလကားကုန်ဆုံးသွားမှာပါပဲ။ အဲဒီ့အချိန်တွေကို အချိန်ပိုင်းအလုပ်တစ်ခုပုံမှန်လုပ်ဖို့ စဉ်းစားပြီးလုပ်မယ်ဆိုရင် သင့်အတွက် နောက်ထပ်ဝင်ငွေတစ်ခုတော့ တိုးလာမှာအမှန်ပါပဲ။ အဲဒါက သင့်အချိန်ကို သင်သေချာစီစစ်ပြီး ငွေရှာလိုက်တာပါပဲ။ အဲဒီ့လိုအချိန်ကိုသေချာစီစစ်လိုက်ပြီး သင့်အတွက် အိပ်ချိန်၊ စားချိန်၊ အားလပ်ချိန်ရယ်လို့ သေချာပြန်ခွဲတမ်းချလိုက်မယ်ဆိုရင် သင့်အတွက် အချိန်တိုင်းက တန်ဖိုးရှိနေမှာအသေအချာပါပဲ။ သင့်အတွက်အချိန်ပိုမထွက်ထွက်လာအောင် သင်ကြိုးစားပြီး အလကားအချိန်ကုန်သွားမယ့်အချိန်တွေအတွက် သင်လုံးဝအချိန်ပေးမိတော့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အချိန်ကို သေချာအသုံးချလေ သင့်အတွက် ဝင်ငွေပိုတိုးလာလေမို့ပါပဲ။

Work hard နဲ့ work smart သေချာခွဲခြားတတ်ပြီး အလုပ်ကိုအသေးစိတ်သေချာလုပ်ဖို့ အချိန်နဲ့ပြန်ညှိမယ်ဆိုရင် ဘယ်အချိန်ဘာလုပ်မယ်ဆိုတဲ့ schedule ဆွဲထားလိုက်တဲ့အခါ အချိန်တွေက သူ့နေရာနဲ့သူတန်ဖိုးရှိသွားပါလိမ့်မယ်။ အဲဒီလိုတန်ဖိုးရှိမှန်းသိလာတဲ့အခါ အချိန်ကို အလကားကုန်ဆုံးမှာကို နှမြောရကောင်းမှန်းသိလာမှာပါ။ ဖတ်ဖူးတဲ့ပုံပြင်တိုလေးတစ်ပုဒ်မှာ လူတစ်ယောက်ရဲ့ဘဝမှာ အသည်းအသန်ငွေကို ရှာဖွေပြီး ဘဝကို ကြီးပွားချမ်းသာဖို့သာ ကြိုးစားခဲ့ပါတယ်တဲ့ ။ ထိုလူရဲ့ဘဝမှာ သက်တောင့်သက်သာနဲ့ စည်းစိမ်ချမ်းသာနဲ့နေနိုင်တဲ့အချိန်ရောက်တဲ့အခါမှာတော့ ကျန်းမာရေးဆိုးဝါးလာပြီး သေလုမြောပါးဝေဒနာကိုခံစားရပါလေတော့တယ်။ သေခါနီးလူချမ်းသာရဲ့အနားမှာ သားသမီးတွေက အမွေတောင်းကြပါတော့တယ်။ လူချမ်းသာကို အမွေတောင်းရင်း “ ဘဝအတွက် သင်ခန်းစာတစ်ခုလောက် ပြောပြပေးခဲ့ပါ” လို့ ပြောတဲ့အခါ လူချမ်းသာကပြန်ပြောပါတယ် “နင်တို့ကို ဘဝအတွက်သင်ခန်းစာလေးပေးဖို့ပြောပြချင်လို့ ငါ့ကို အချိန်လေးနည်းနည်းလောက် ဝယ်ပေးပါ” လို့တောင်းပါတယ်။ သားသမီးတွေ “ဟာ…အဖေကလည်း ဒါတော့ဘယ်ဝယ်လို့ရပါ့မလဲ” လို့ပြန်ပြောပါတယ်။ အဲဒီ့အခါမှာ အဖေလုပ်သူကပြန်ပြောခဲ့ပါတယ် “အဲဒါက သင်ခန်းစာပဲလေတဲ့….ဘဝအတွက် အချိန်ရှိတုန်းကြိုးစား၊ လုပ်သင့်တာလုပ်ဖို့အရေးကြီးတယ်၊ အချိန်ဆိုတာ ငွေနဲ့ပြန်ဝယ်မရဘူး” လို့ သင်ခန်းစာပေးခဲ့ပါတယ်။ ဒီပုံပြင်တိုလေးက ဘာမှအကြောင်းအရာမယ်မယ်ရရမဟုတ်ပေမယ့် အချိန်က ဘယ်လောက်တန်ဖိုးရှိမှန်းပြောပြထားတာလေးပါပဲ။ တကယ်လည်း အဲဒီလို ဘဝရဲ့နောက်ဆုံးအချိန်ကျမှ ကိုယ်လုပ်ချင်တာတွေအတွက် အချိန်ပိုတွေပြန်လိုချင်လို့မရနိုင်ပါဘူး။ အဲဒီလိုပါပဲ ကိုယ်ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ ၊ လုပ်သင့်တာတွေ၊ လုပ်ချင်တာတွေကို မလုပ်ခဲ့ရဘဲ အချိန်မရှိတော့မှ နောင်တရတာမျိုးမဖြစ်ရအောင် “အချိန်ရှိခိုက် လုံ့လစိုက်”ဆိုတဲ့စကားပေါ်လာခဲ့တာပါပဲ။ ငွေမပေါတဲ့လူက ပိုတဲ့အချိန်နဲ့ ငွေရှာနိုင်မယ်၊ ကိုယ့်ထပ်တိုးလာတဲ့ဝင်ငွေနဲ့ ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ငွေမရှိပေမယ့် အချိန်ရှိတဲ့အတွက် အချိန်ကတန်ဖိုးပိုရှိတာပေါ့။

ငွေပေါတဲ့လူကျပြန်တော့ ပိုလျှံနေတဲ့ငွေနဲ့ အခြားလူတွေရဲ့အချိန်နဲ့ လုပ်အားကို ဝယ်ပြီး ကိုယ့်အတွက်အချိန်ကို ပြန်သဲ့ယူရပြန်တဲ့အတွက် အချိန်ကပိုတန်ဖိုးရှိပြန်ပါတယ်။ အဲဒီ့တော့ ငွေဆိုတာက လူတစ်ယောက်ရဲ့ဘဝအတွက် လိုအပ်သမျှကို ဝယ်ယူနိုင်တာအမှန်ပါပဲ။ ဒါပေမယ့် အချိန်ကိုတော့ ပြန်ဝယ်လို့မရဘူးဆိုတာ သတိရပါ။ လိုအပ်တာတွေဝယ်ယူနိုင်ဖို့အတွက် ငွေကိုလိုအပ်သင့်သလောက်လိုအပ်သလို အချိန်ကလည်း ငွေနဲ့ဝယ်မရတဲ့အတွက် အရေးပါတာပါပဲ။ အဲဒါကြောင့် ငွေကပိုတန်ဖိုးရှိသလား၊ အချိန်က ပိုတန်ဖိုးရှိသလားဆိုတာ စဉ်းစားချင့်ချိန်ရင်း ငွေနောက်လိုက်ရင်း အချိန်ကုန်တာမျိုးလည်း မဖြစ်ရအောင်၊ အချိန်ကပိုတန်ဖိုးရှိတာမို့ ငွေမရှာဘဲ အချိန်တိုင်းမှာ ဘဝအတွက်လေးနက်မှုမရှိ ပေါ့ပျက်ပျက်မနေလိုက်ဖို့လည်း (ပျော်ရွှင်တာနဲ့မတူပါဘူးနော်) တွေးတောနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။