ခွေးလေးတွေကို မကျွေးသင့်သော အစားအစာများ

အညိုရောင်မျက်လုံးရွဲကြီးတွေနဲ့ သင့်ကိုကြည့်ပြီး သင့်အနားမှာ လာပြီး ပွတ်ကာသီကာချွဲနွဲ့နေတဲ့ ခွေးကလေးတွေကို သင်မချစ်ဘဲ နေနိုင်ပါ့မလား။ သင်ချစ်ရတဲ့ခွေးကလေးတွေကို အခြားသူတွေ နာကျင်အောင်လုပ်ရင်ကော သင်ခံနိုင်ပါ့မလား။ တခါတလေမှာ အမှတ်မထင်ဘဲ သင်ချစ်ရတဲ့ခွေးကလေးတွေကို သင်ကိုယ်တိုင် နာကျင်အောင် လုပ်မိတာမျိုးတွေ၊ သူတို့နဲ့မတည့်တဲ့အစာလေးတွေ ကျွေးမိတာမျိုးတွေ မတော်တဆဖြစ်တတ်ပါတယ်။ အဲလိုမျိုးတွေ မဖြစ်ရအောင် ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ရပါတယ်။


Xylitol ဓာတ်ပါဝင်သောစားစရာများ
သကြားလုံးတွေ၊ ပီကေတွေ၊ သွားတိုက်ဆေး၊ ဖုတ်ထားသောအစားအစာတွေစတဲ့စားစရာတွေမှာ အချိုများပြီး xylitol ဓာတ်ပါဝင်ပါတယ်။ အဲဒီ့အစားအစာတွေက သင့်ရဲ့ခွေးကလေးအတွက် သွေးထဲက သကြားဓာတ်ကို ကျဆင်းစေပြီး အသည်းကိုထိခိုက်စေနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ အော့အန်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းအပြင် အခြားဆက်စပ်ရောဂါတွေ ဖြစ်နိုင်ပါတယ်။
ထောပတ်သီး
ခွေးကလေးတွေကို ထောပတ်သီးကျွေးမိတဲ့အခါ အော့အန်ခြင်းနဲ့ ဝမ်းလျောခြင်းကဲ့သို့ ပြဿနာတွေဖြစ်နိုင်ပါတယ်။ အကယ်၍များ သင့်အိမ်မှာ ထောပတ်သီးအပင်ရှိတယ်ဆိုရင် သင့်ခွေးကို အပင်နဲ့ဝေးဝေးမှာနေပါစေ။ ထောပတ်သီးမှာပါတဲ့ ဓာတ်တစ်မျိုး persin က ထောပတ်သီးရဲ့ အရွက်တွေ၊ အစေ့တွေနဲ့ သစ်ခေါက်တွေမှာ ပါဝင်ပါတယ်။ ထောပတ်သီးအစေ့က သင့်ခွေးရဲ့ အူတွေ၊ အစာအိမ်တွေထဲ ရောက်သွားမယ်ဆိုရင် အသက်ရှုလမ်းကြောင်းပိတ်ဆို့ပြီး သေစေနိုင်ပါတယ်။
အရက်
အရက်ကလည်း သင့်ခွေးရဲ့အသည်းထဲမှာ ဆိုးဝါးတဲ့သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ဦးနှောက်လည်း ပျက်စီးနိုင်ပါတယ်။ ဘီယာ၊ ဝိုင်၊ အဖျော်ယမကာနဲ့ အယ်လ်ကိုဟောနဲ့ပြုလုပ်ထားသမျှ အစာတွေက အကုန်ဆိုးဝါးစေနိုင်ပါတယ်။ သင့်ခွေးကို အော့အန်စေမယ်၊ ထိုင်းမှိုင်းလေးလံစေမယ်၊ အသက်ရှုပြဿနာဖြစ်မယ်၊ ကိုမာကဲ့သို့ရောဂါမျိုးဖြစ်မယ်၊ အသက်သေဆုံးနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။
ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ၊ နီ ၂မျိုးလုံးကို အမှုန့်လုပ်ထားတာမျိုး၊ ကြော်ချက်ထားတာမျိုး စသည်တို့ကို သင့်ခွေးနဲ့ဝေးဝေးမှာထားပေးပါ။ ကြက်သွန်က သင့်ခွေးရဲ့ သွေးနီဥဆဲလ်တွေကို သတ်ပစ်လိုက်နိုင်ပါတယ်။ အဲဒါကြောင့် သွေးအားနည်း၊ ဖျော့တော့တဲ့ရောဂါမျိုးဖြစ်လာနိုင်ပါတယ်။ ရှားရှားပါးပါး အနည်းငယ်လောက်ကျွေးမိတာမျိုးက အဆင်ပြေကောင်းပြေနိုင်ပေမယ့် အလွန်အကျွံကျွေးမိတာမျိုးက အဆိပ်ဖြစ်စေပါတယ်။
ကော်ဖီ၊ လက်ဖက်ရည် နဲ့ အခြားကဖင်းဓာတ်ပါသောအစားအစာများ
ကိုကာကိုလာ၊ ချောကလက်၊ ခွန်အားဖြည့်အချိုရည်နဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေက သင့်ရဲ့ခွေးကို မကျွေးသင့်ပါဘူး။ အဲဒါတွေက အသက်အန္တရာယ်တောင်ထိခိုက်နိုင်ပါတယ်။ အနာသက်သာစေတဲ့ဆေးနဲ့ အဖျားပျောက်ဆေးတစ်ချို့မှာ ကဖင်းဓာတ်တွေပါဝင်နေတတ်ပါတယ်။ အကယ်၍များ သင့်ခွေးကို ကဖင်းပါတဲ့အစားအစာတွေ ကျွေးမိနေတယ်ဆိုရင် တိရိစ္ဆာန်ဆရာဝန်နဲ့ အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်မြန်ပြလိုက်ပါ။
စပျစ်သီးနဲ့ စပျစ်သီးခြောက်များ
စပျစ်သီးနဲ့ စပျစ်သီးခြောက်တွေ ကျွေးခြင်းက သင့်ခွေးရဲ့ကျောက်ကပ်ကို ထိခိက်စေနိုင်ပါတယ်။ ပမာဏအနည်းငယ်လေးသာ ကျွေးမိတယ်ဆိုရင်တောင် ဖျားနာခြင်းဖြစ်စေနိုင်ပါတယ်။ အော့အန်ခြင်းက ပထမဆုံးပြတဲ့လက္ခဏာပါပဲ။ ရက်အနည်းငယ်ကြာတဲ့အခါ သင့်ခွေးက စိတ်ဓာတ်ကျခြင်းနဲ့ နှေးကွေးလေးလံထိုင်းမှိုင်းလာပါလိ့မ်မယ်။
နို့နဲ့ အခြားနို့ထွက်ပစ္စည်းများ
ပူပြင်းတဲ့နေ့တွေမှာ သင့်ခွေးကို ရေခဲမုန့်တွေကျွေးမိနေသလား။ သူ့ကို ရေတိုက်မယ့်အစား နို့နဲ့ နို့်ကိုအခြေခံထားတဲ့အစားအစာများက ဝမ်းလျောခြင်းနဲ့ အခြားအစာခြေစနစ်နဲ့ဆိုင်သောပြဿနာတွေဖြစ်စေပါတယ်။ ထိုအစားအစာတွေက သူတို့အတွက် အလာဂျီဖြစ်စေပြီး ယားယံစေနိုင်ပါတယ်။
အဆီတွေနဲ့ အရိုးတွေ
အသားက ရတဲ့အဆီတွေနဲ့ အရိုးတွေက ချက်ပြုတ်ထားတာပဲဖြစ်စေ၊ မချက်ပြုတ်ထားတာပဲဖြစ်စေ သင့်ရဲ့ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ ထိုအစာတွေက သူတို့ရဲ့ ပန်ကရိယကို ထိခိုက်စေပါတယ်။ ပုံမှန်လိုမျိုး အရိုးတွေကျွေးနေကျဆိုပေမယ့် အရိုးလေးတွေက သူ့ကို အသက်ရှုကြပ်စေနိုင်ပါတယ်။ သစ်သားစတွေ ရှသလိုမျိုး သူ့ရဲ့လည်ချောင်းကို ရှစေနိုင်ပြီး ပိတ်ဆို့စေတတ်ပါတယ်။
တည်သီး၊ သစ်တော်သီးနဲ့ ဆီးသီးတွေ
ထိုအသီးတွေက အစေ့တွေကြောင့်သူတို့ကို ထိခိုက်နိုင်ပါတယ်။ သူတို့ရဲ့အူထဲမှာ ပိတ်ဆို့စေနိုင်ပါတယ်။ သစ်တော်သီးနဲ့ ဆီးသီး တွေမှာ Cyanide ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် သူတို့လေးတွေကို အဆိပ်ဖြစ်စေပါတယ်။
ဥအမျိုးမျိုး
မချက်ပြုတ်ထားတဲ့ ဥတွေကို ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ မချက်ပြုတ်ထားတဲ့ဥတွေကနေ ဘက်တီးရီးယားတွေကြောင့် အစာ အဆိပ်ဖြစ်စေနိုင်ပါတယ်။
အသားစိမ်း ၊ ငါးစိမ်းများ
ဥတွေလိုမျိုးပဲ အသားစိမ်း၊ ငါးစိမ်းတွေကို သင့်ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ ဆော်လမွန်၊ ထရောက်၊ ပင်လယ်ငါး၊ ငါးကြင်း စတဲ့ အစာတွေကို အစိမ်းကျွေးမိတဲ့အခါ အစာအဆိပ်ဖြစ်စေနိုင်ပါတယ်။ အသားတို့၊ ငါးတို့မှာ ကပ်ပါးကောင်တွေသေစေဖို့အတွက် ကျက်အောင်ချက်ပြုတ်ပြီးမှ ကျွေးသင့်ပါတယ်။
ဆား
ဆားများတဲ့အစားအစာများကို သင့်ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ ဆားများတဲ့အစားအစာကို စားမိတဲ့အခါ သူတို့မှာ ရေငတ်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဆားများတဲ့အစားအစာတွေ အစားများတဲ့အခါ အော့အန်ခြင်း၊ လေးလံခြင်း၊ ကိုယ်အပူချိန်တိုးခြင်း စတဲ့ပြဿနာတွေအပြင် အသက်သေဆုံးခြင်းအထိဖြစ်စေနိုင်ပါတယ်။
သောက်နေကျဆေးဝါးများ
လူတွေသောက်သုံးတဲ့ဆေးဝါးတွေကို ခွေးလေးတွေကို မတိုက်သင့်ပါဘူး။ သင့်ကလေးအတွက် ထားထားတဲ့ဆေးတွေကိုလည်း ခွေးလေးတွေ မရောက်နိုင်တဲ့နေရာမျိုးမှာ ထားသင့်ပါတယ်။ တစ်ချို့သောဆေးဝါးတွေက သင့်ခွေးလေးတွေကို သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။
အထက်ပါအချက်လေးတွေကို မှတ်ထားပြီး မတော်တဆ ကျွေးမိတာမျိုး ၊ သင်ချစ်တဲ့ခွေးလေးတွေကို အန္တရာယ်ဖြစ်စေတာမျိုးမဖြစ်ဖို့ ဂရုစိုက်လိုက်ပါနော်။
https://pets.webmd.com/dogs/ss/slideshow-foods-your-dog-should-never-eatလင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။
#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။