စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ၁၀ ဖိုးယူပြီး ၁၁ ကျပ်ဖိုးဘယ်လိုပြန်ပေးမလဲ။

နိုင်ငံခြားသွားဖူးတဲ့သူတွေတို့ ၊ တကယ့်ကို ဆိုင်တကာ့ဆိုင်တွေပါတ်ပြီးစားနေကျ ဝယ်နေကျ သူတွေဆို ဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်ဆိုတာနဲ့ ဒီဆိုင်က ဝန်ဆောင်မှုအပိုင်းမှာ ဘာတွေကောင်းတယ် ဘာတွေလိုအပ်တယ် ဘာတွေတော့ညံ့တယ်ဆိုတာကို ချက်ချင်းသတိထားမိတတ်ကြပါတယ်။ စားသုံးသူတွေအနေနဲ့ကလည်း များသောအားဖြင့် ဝန်ဆောင်မှုကို အချိန်တိုင်း လန်ပျံနေအောင်တောင်းဆိုနေတတ်တာမျိုးတော့ မဟုတ်ကြပါဘူး။ ကိုယ်ပေးထားတဲ့ တန်ဖိုးနဲ့ထိုက်သင့်တဲ့ တန်ဖိုးပြန်ရချင်တာမျိုးလောက်ပါပဲ။


လမ်းဘေးက ဝက်သားတုတ်ထိုးစားပြီး အဲကွန်းမအေးဘူးလောက်တော့ complain တက်မယ်လို့တော့မထင်ပါဘူး(ရှိရင်တော့လည်းရှိမှာပါလေ)။ ဒါပေမယ့် ဟင်းတစ်ပွဲ ၃ ၄ သောင်းလောက်ပေးရတဲ့ ဆိုင်ကြီးမှာစားတဲ့အခါတော့ ဖွင့်ထားတဲ့ သီချင်းသံလေးက ကျယ်နေရင်ဖြစ်ဖြစ် ၊ ထိုင်ရတဲ့ထိုင်ခုံက သက်တောင့်သက်သာ မရှိရင်ဖြစ်ဖြစ် ၊ ဝန်ဆောင်မှုပေးတဲ့သူက လက်သည်းတွေရှည်နေတာပဲဖြစ်ဖြစ် အခြားနေရာမှာအောင့်အည်းသည်းခံခဲ့သော်လည်း ကိုယ်ဒီလိုဈေးနှုန်းပေးနေရတဲ့ နေရာမျိုးမှာတော့ တော်ရုံတန်ရုံသည်းခံကြမှာ မဟုတ်ပါဘူး။
ဒါကလည်း စားသုံးသူအနေနဲ့ သင့်တင့်မှန်ကန်သော တောင်းဆိုမှုပါပဲ။ ၁၀ ဖိုးပေးရမယ့်ဆိုင်မှာ ၁၀ဖိုးလိုချင်တယ်။ ၁ သောင်းဖိုးပေးရတဲ့ဆိုင်မှာ ၁ သောင်းဖိုးပြန်လိုချင်တာကတော့ သဘာဝပဲလေ။
အပြိုင်အဆိုင်တွေများလာတဲ့ဒီလိုခေတ်ကြီးမှာ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေအနေနဲ့လည်း အခြားသူတွေထက် နှာတစ်ဖျားသာအောင် လုပ်ချင်လာကြတာတွေ့နေရပါတယ်။ ဒါပေမယ့် အတွေ့အကြုံအရကြောင့်ပဲလား ၊ လုံလောက်တဲ့သင်ကြားမှုမရှိကြတာပဲလား ၊ ဝန်ထမ်းတွေကို လစာကောင်းကောင်းမပေးထားလို့ ပညာတွေပြနေတာပဲလားတော့မသိ လိုအပ်ချက်တွေကို ဘယ်သွားသွား တွေ့နေရပါသေးတယ်။
ဝန်ဆောင်မှုကောင်းအောင်လုပ်ဖို့ဆိုတာ အချိန်တွေ၊ ပညာတွေ အများကြီးလိုအပ်တယ်ဆိုတာကို လုပ်ငန်းရှင်အချို့ကလည်း သိကြတဲ့အတွက် စားသုံးသူတွေဆွဲဆောင်နိုင်အောင် ဈေးလေ ျှာ့ပေးတဲ့ အလွယ်နည်းလိုက်လာတာကိုလည်းတွေ့ရမှာပါ။
ခက်ခဲတဲ့လမ်းကို မလိုက်တော့ပဲ ခဏတာ အဆင်ပြေဖို့ ဈေးတွေအပြိုင်အဆင် လေ ျှာ့ချပေးကြတာ ပြီးရင် အဲ့ဒီလို ဆိုင်တွေ ကြာတော့မခံနိုင်ပဲ ပြုတ်သွားကြတာ တွေ့ဖူးကြမှာပါ။ ဈေးလေ ျှာ့ပေးတာ စာသုံးသူအတွက် ကောင်းတယ်ဆိုပေမယ့် ဒါဟာရေရှည်အတွက် အကျိုးပြုမယ့် နည်းလမ်းမျိုးမဟုတ်ပါဘူး။
ကိုယ့်ရဲ့ ဝန်ဆောင်မှုကိုကောင်းသထက်ကောင်းအောင် စားသုံးသူက ဘယ်သွားရင်ကောင်းမလဲစဉ်းစားလိုက်တာနဲ့ သြော်ငါပိုင်တဲ့ဆိုင်လေးကိုသွားမယ်ကွာလို့ဖြစ်အောင် ဆိုင်တွေအနေနဲ့ကြိုးစားရမှာပါ (ပိုင်တယ်ဆိုတဲ့နေရာမှာ ကိုယ်သွားလိုက်တာနဲ့ ကိုယ့်အကြိုက်ကိုသိပြီးသား ကိုယ်နဲ့ အာလာပသာလာပပြော ဂရုစိုက်တာမျိုးကိုပြောတာပါ)။ ကိုယ့်သူငယ်ချင်းတွေကို အဲ့လိုဆိုင်မျိုးခေါ်သွားရင် ကိုယ်လည်းမျက်နှာရတယ်လို့ ခံစားရတယ်လေ။ ဟေ့ရောင်သူငယ်ချင်းမင်းစိတ်ကြိုက်ကွာ ဒီဆိုင်ကငါ့အပိုင်ပဲ ဆိုတာမျိုးဂုဏ်ယူစွာနဲ့ပြောလေ့ရှိတာမျိုးပေါ့။
အဲ့လိုဆိုင်မျိုးတွေက ဘာကြောင့်သူများတွေထက်သာနေလဲဆိုတဲ့ ထင်ရှားတဲ့အချက်လေးတွေရှိပါတယ်။ ဥပမာပေးရရင် ပုံမှန်ဆိုင်မှာတော့ ကော်ဖီတစ်ခွက်မှာတယ် ကော်ဖီတစ်ခွက်ပေးလိုက်တယ် ငွေရှင်းတယ် ပြီးသွားတာပဲ။ ၁၀ ဖိုးကော်ဖီမှာတယ် ၁၀ ဖိုးကော်ဖီပြန်ရတဲ့ သဘောမျိုးပေါ့။ ဒါပေမယ့် ဝန်ဆောင်မှုဆိုတာကို အလေးပေးတဲ့ဆိုင်မျိုးဆိုရင်တော့ လာနေကျ ဧည့်သည်ကို ယဉ်ကျေးစွာ နာမည်လေးမေးတယ် မိတ်ဆက်တယ် မှတ်ထားတယ် ပြီးတော့ပြန်လာတဲ့အခါမှာ နာမည်တပ်ခေါ်ပြီး နှုတ်ဆက်တယ်။ ခေါ်ခံရတဲ့သူက နွေးထွေးမှုပါးပါးလေးတစ်ခု ခံစားလိုက်ရတာပေါ့ဗျာ။
တစ်ခေါက်က သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ် သူ့အိမ်ပြန်ရောက်တာနဲ့ သူ့ပါးလေးတွေကို နှိပ်ရတယ်တဲ့။ တနေကုန် ပြုံးပြရတာညောင်းလို့တဲ့။ သူ့စကားလေးကိုပြန်စဉ်းစားကြည့်လိုက်ရင် ၁၀ တန် ကော်ဖီကို ဒီတိုင်းပေးလိုက်တာထက်စာရင် ကူးစက်လောက်အောင်ကို ချိုမြတဲ့ သဘာဝအပြုံးလေးတစ်ခုပေါင်းထည့်ပေးလိုက်ရင် ၁၁ ကျပ်ဖိုးတန်တဲ့ ကော်ဖီလေးတစ်ခွက်မဖြစ်သွားဘူးလားဗျာ။
အဲ့လိုပဲ နိုင်ငံခြားစာဆောင်တစ်ခုမှာဖတ်လိုက်ရတာက ဆိုင်တစ်ဆိုင်ကို အပါတ်တိုင်း ၃ ၄ ရက်လောက်လာစားတဲ့ ဧည့်သည်ရှိတယ်တဲ့။ အဲ့လိုအမြဲတမ်းလာစားနေရင်းကနေ ရုတ်တရက်အဲ့ဧည့်သည်ကမလာတော့ဘူးတဲ့။ ဆိုင်ကသူတွေလည်း နှစ်ပါတ်မြောက်တဲ့အခါမှာ တော်တော်စိုးရိမ်သွားကြတာပေါ့။ အဲ့ဒါနဲ့ပဲ မရရအောင် စုံစမ်းပြီးတဲ့အခါမှ သူ့အိမ်လိပ်စာရသွားပြီး ဆိုင်ကသူတွေ တံခါးသွားခေါက်တော့ သူတို့ရဲ့ ဧည့်သည်ကြီးထွက်လာတော့မှ ဟင်းကျပြီး စိတ်ပူလို့လာရောက်မေးမြန်းတာဖြစ်တဲ့အကြောင်းရှင်းပြတော့ သူ့ကိုဒီလောက်ဂရုစိုက်တဲ့သူတွေကို သဘောကျလို့ အွန်လိုင်းပေါ်တင်လိုက်တဲ့ အဲ့သတင်းလေးတောင်တော်တော်ပြန့်သွားပါသေးတယ်။
ဒီနေ့ဆိုလည်း ပါဆယ်မှာထားတဲ့ အိပ်ထဲကတစ်ရှုးပေါ်မှာ ဒီလိုလေးရေးထားတော့ လူကပျော်သွားတာပဲ ချစ်ဖို့ကောင်းတဲ့အပြုံးပိုင်ရှင်လို့အပြောခံရတာကိုး ဟီးဟီး။ ထိုက်သင့်တဲ့တန်ဖိုးပေးရတဲ့ ငါးပေါင်းစပ်စပ် Spicy Baked Fish လည်းစားလိုက်ရတယ်။ ပြီးတော့အပိုဆောင်းဖြစ်တဲ့ စကားချိုချိုလေးတစ်ခုလည်း လက်ဆောင်ရခဲ့တော့ စားသုံးသူအနေနဲ့ ကျေနပ်မိတာပေါ့။
လုပ်ငန်းတစ်ခုအနေနဲ့ ရလိုက်တဲ့ငွေကြေးထက် ပိုများတဲ့ ဝန်ဆောင်မှုတန်ဖိုးပေးတာကို Go The Extra Mile လို့သုံးနှုန်းကြပါတယ်။ အဲ့ဒီ Go The Extra Mile ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင်မှုတွေကတော့ နိုင်ငံခြားမှာ ခေတ်စားနေခဲ့တာကြာပါပြီ။ ကိုယ်နိုင်ငံမှာလည်း အဲ့သလို မိုင်အပိုဆောင်းလုပ်ပေးဖို့ ကြိုးစားနေတဲ့ စီးပွားရေးလုပ်ငန်းများများပေါ်ပေါက်လာအောင် ရည်ရွယ်ပြီး ဒီပို့စ်လေးကိုရေးလိုက်ခြင်းပဲဖြစ်ပါတယ်။ အားလုံးပဲကြီးပွားချမ်းသာအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။