ခုလက်ရှိအချိန်မှာ သင်ဒါတွေလုပ်နေရင် သင်နောက်ကောက်ကျသွားနိုင်ပါတယ်။

ခေါင်းစဉ်ကိုမြင်လိုက်တာနဲ့ ဘယ်လိုခံစားသွားရပါသလဲ။ ဒီစာကိုဖတ်နေတဲ့အချိန်မတိုင်မီမှာ သင်ဘာတွေလုပ်နေမိသလဲ။ လူတိုင်းက တစ်နေ့မှာ ၂၄နာရီမျှမျှတတရကြပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့သူရယ်၊ ထူးချွန်ထက်မြက်ပြီး ကျော်ကြားတဲ့သူရယ်၊ ဘဝမှာပိုပြီးအဆင်ပြေတဲ့သူရယ် စသဖြင့် အများကြီးကွာခြားသွားပါတယ်။ ဘာကြောင့်ပါလဲ။ သင်ကကော ဘယ်လိုလူထဲမှာပါသလဲ။ သင်ဖြစ်ချင်တာတွေမဖြစ်သေးဘူး၊ သင်လုပ်ချင်တာတွေမဖြစ်မြောက်သေးဘူးဆိုရင် ခုလက်ရှိအချိန်မှာ သင်ဒီအချက်တွေလုပ်နေမိလို့လားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်သင့်ပါတယ်။


၁) အချိန်ဖြုန်းခြင်း
အဓိကကတော့ လက်ရှိအချိန်ကို အကျိုးရှိရှိအသုံးမချဘဲ အချိန်ကိုအလကားဖြုန်းတီးပစ်ခြင်းပါပဲ။ လုပ်စရာရှိတာကို အရင်ဆုံးပြီးအောင်လုပ်မယ်၊ ပြီးမှ အားလပ်ချိန်ယူတာမျိုး ဒါမှမဟုတ်ရင်လည်း အရေးကြီးတဲ့အလုပ်ကိုအရင်လုပ်ဖို့ ဦးစားပေးသင့်တာကို သိဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ အလကားအချိန်ဖြုန်းနေခြင်းက မကြာမီကာလမှာ သင်နဲ့ရွယ်တူတွေက သင့်ထက်အများကြီးသာတဲ့အဆင့်တစ်နေရာရောက်နေတာတွေ့မှ သင်နောင်တရမိနေစေမှာပါ။

၂) ဆိုရှယ်မီဒီယာကို အချိန်ပြည့်သုံးခြင်း
အားတယ်လို့ထင်လိုက်တာနဲ့ ဖေ့ဘုတ်ပေါ် ပုံတင်ဖို့လောက်စဉ်းစားနေမိလား၊ ကိုယ့်ရဲ့ပုံအောက်က ကွန်မန့်တွေကိုဖတ်ဖို့စိတ်စောနေမိလား၊ အဲဒါဆိုသေချာပါပြီ။ သင့်ရဲ့တစ်နေ့တာအချိန်တော်တော်များများက ထိုဆိုရှယ်မီဒီယာပေါ်မှာသာ အချိန်ကုန်နေပါပြီ။ ခုလတ်တလော ဘာသတင်းတွေဖြစ်နေသလဲဆိုတော့ သင်သိချင်သိပါလိမ့်မယ်။ သင့်ရဲ့ပြင်ပလောကက အလုပ်တွေ မပြီးစီးနိုင်တော့ပါဘူး။

၃) လမ်းဟောင်းကြီးထဲက မဖောက်ထွက်ခြင်း
ခေတ်မီတယ်…..ဆိုတာက ခေတ်ရဲ့တိုးတက်လာတဲ့ပညာတွေကို အမီလိုက်ဖို့ကြိုးစားတာကိုပြောတာပါ။ လမ်းဟောင်းကြီးထဲကနေမထွက်ရင် လမ်းသစ်ကိုမဖောက်နိုင်ပါဘူး။ တိုးတက်လာတဲ့ပညာရပ်တစ်ချို့မှာ ကိုယ့်အတွက် အပ်စပ်တဲ့ပညာမျိုးဆိုရင် ခေတ်သစ်ပညာရပ်ကိုလည်း လေ့လာဆည်းပူးသင့်ဆည်းပူးရမှာပါပဲ။ ကိုယ့်ရဲ့ယဉ်ကျေးမှုကိုလည်း မသွေဖယ်၊ ခေတ်ရဲ့တိုးတက်မှုနဲ့ ဆန်းသစ်နိုင်တာကိုလည်း ဆန်းသစ်မှ တိုးတက်နိုင်မှာပါ။ အဲလိုမဟုတ်ဘဲ ခေတ်ဟောင်းရဲ့အတွေးအခေါ်ဟောင်းတွေနဲ့သာ ပတ်ချာလည်နေရင်တော့ သင်ကျန်ခဲ့ပါလိမ့်မယ်။

၄) စာမဖတ်ခြင်း
စာဖတ်တဲ့နေရာမှာ ဗဟုသုတရစရာတွေ၊ နည်းပညာအကြောင်းကိုယ်မသိတာတွေ၊ ကိုယ့်အတွက် သင့်တော်မယ်ထင်တဲ့ပညာရပ်တွေကို စာအုပ်တွေရှာဖတ်လို့ရပါတယ်။ စာမဖတ်ခြင်းကလည်း သင်နောက်ကောက်ကျသွားနိုင်တဲ့အကြောင်းရင်းပါပဲ။

၅) သင်ယူသင့်တာကို မသင်ယူခြင်း
ကိုယ့်အတွက်အနာဂတ်မှာ အသုံးတည့်နိုင်မယ့်ပညာမျိုးဖြစ်နိုင်ရင် လေ့လာသင်ယူသင့်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကို မြင့်တင်ပေးနိုင်တဲ့ပညာရပ်မျိုးဆိုရင် လျစ်လျူရှုမထားသင့်ပါဘူး။ ခေတ်က ဒီတိုင်းနေမှာမဟုတ်ပါဘူး။ ရေရှည်မှာ အကျိုးရှိလာနိုင်တယ်ဆို သင်ယူသင့်တာကိုသင်ယူသင့်ပါတယ်။

၆) ငွေဖြုန်းခြင်း
ငွေကိုခုနေရှာနိုင်နေတုန်းမှာ နောင်ရေးအတွက် စုမိဆောင်းမိတယ်လို့မရှိဘူးဆိုရင် သင်နောင်တရရပါလိမ့်မယ်။ သင့်ရဲ့အသက်က ငယ်သွားမှာမဟုတ်တဲ့အတွက်ကို သင်ခုချိန်လောက် ငွေမရှာနိုင်တဲ့အခါ သင်စုဆောင်းထားတဲ့ငွေက သင့်အတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ အဲဒီလိုမတွေးဘဲ ခုရှာနိုင်တာကို ထင်သလိုဖြုန်းနေရင်တော့ နောင်တချိန်သင့်အတွက်မလွယ်ပါဘူး။
စာဖတ်သူတွေမှာကော သိရက်နဲ့မရုန်းထွက်နိုင်တဲ့အကျင့်ဆိုးတွေရှိရင် ခုပဲ ပြုပြင်လိုက်ပါ။အချိန်မနှောင်းသေးပါဘူးနော်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။