ခုချက်ချင်းရပ်တန့်ပစ်သင့်သော အကျင့်ဆိုးများ

မကောင်းတဲ့အကျင့်ဆိုးတွေက သင့်ဘဝကို နှောင့်ယှက်နိုင်ပါတယ်။ သင့်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ဖို့ အဟန့်အတားဖြစ်စေပါတယ်။ သင့်ကျန်းမာရေး၊ သင့်ပျော်ရွှင်မှု၊ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ နဲ့ သင့်ရဲ့ကျရှုံးမှုတွေကိုသာ ဖြစ်ပေါ်စေနိုင်တာပါ။ ထိုအကျင့်ဆိုးတွေကြောင့် သင့်ရဲ့အချိန်တွေ အလကားကုန်ဆုံးသွားစေသလို၊ သင့်ရဲ့စွမ်းအင်တွေရောပေါ့။ အဲဒါကြောင့် ခုချက်ချင်းရပ်တန့်ပစ်လိုက်သင့်တဲ့ အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) မိမိကိုယ်ကို မကောင်းသောသူတွေနဲ့ ဝန်းရံထားမိခြင်း

သင့်ဘဝအတွက် မကောင်းတဲ့သူတွေ၊ ဒါမှမဟုတ် သင့်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့သူမျိုး၊ သင့်ကို မကောင်းသောအမြင်တွေချည်းယူဆောင်လာပေးတတ်တဲ့သူမျိုးတွေပေါ့။ အဲဒီ့လူတွေက သင့်ရဲ့ခံစားချက်တွေကိုပါ ဆိုးဝါးစေသလို၊ မကောင်းတဲ့အတွေးတွေ တွေးမိလာစေပါတယ်။ သင့်ရဲ့အတွေးတွေက မကောင်းတဲ့ဘက်ကို ဦးတည်နေပြီဆိုရင် သင့်ဘဝလည်း ကောင်းလာနိုင်ချေနည်းပါတယ်။ အဲလိုလူမျိုးတွေက သင့်ရဲ့ပတ်ဝန်းကျင်မှာ၊ သင့်အလုပ်မှာ၊ သင့်ကျောင်းမှာ ဒါမှမဟုတ် သင့်ရဲ့မိသားစုဝင်ထဲမှာ၊ သူငယ်ချင်းမိတ်ဆွေထဲမှာ ရှိနေနိုင်ပါတယ်။
သင့်မှာ သူတို့နဲ့ မလွှဲသာမရှောင်သာ ပတ်သက်နေရပြီး အမြဲလို သူတို့နဲ့သာ နီးစပ်နေရတယ်ဆိုရင် ထိုသူတွေရဲ့ မကောင်းတဲ့အတွေးအခေါ်တွေက သင့်ခံစားချက်တွေကိုပါ မကောင်းစေနိုင်ပါဘူး။ သူတို့က မကောင်းတဲ့အကျိုးသက်ရောက်မှုတွေကိုသာ ရရှိစေပါတယ်။ သင့်ရဲ့ကိုယ်၊ စိတ်ကျန်းမာရေးသာမက သင့်ရဲ့အောင်မြင်မှုတွေအပေါ်မှာရောပေါ့။ သင့်ကိုသင်တန်ဖိုးထားမှုနဲ့ သင့်ရဲ့ယုံကြည်မှုတွေကိုပါဖျက်စီးပစ်နိုင်ပါတယ်။
အဲလိုဆက်သွယ်ပတ်သက်နေမိတဲ့ မကောင်းတဲ့လူတွေကို သင့်ဘဝထဲကနေ ထုတ်ပစ်လိုက်ဖို့လိုပါတယ်။ သင့်ကိုသင်ပြန်ဆန်းစစ်ကြည့်ပါ၊ အချိန်တိုင်းသူတို့ကိုအချိန်ပေးမိနေသလား၊ ပြီးတော့ သင့်ကိုအကောင်းမြင်စိတ်ဖြစ်ပေါ်စေတဲ့သူတွေကိုသာ သင့်ဘဝထဲမှာ ဝန်းရံပါ။ သင့်ဘဝအတွက် ကောင်းမွန်စေတဲ့သူတွေက သင့်ကို စိတ်ဓာတ်တက်ကြွစေတယ်၊ သင်လိုအပ်ချိန်မှာ အကူအညီပေးနိုင်ပြီး သင့်လမ်းစပျောက်နေချိန်မှာ သင့်ကို လမ်းပြပေးနိုင်တဲ့သူမျိုးတွေပါ။
အဲဒါကြောင့် သင့်ကို မကောင်းတဲ့အမြင်တွေနဲ့ သင့်ဘဝကို အောက်ကိုဆွဲချနိုင်သူတွေကို သင့်ဘဝထဲက ထုတ်ပစ်ဖို့ နောက်ဆုတ်မနေသင့်ပါဘူး။

၂) ငွေကိုဖြုန်းတီးတတ်တဲ့ အကျင့်ဆိုး
ငွေကိုဖြုန်းတီးတယ်ဆိုတာက ငွေကို မစဉ်းစားမဆင်ခြင်ဘဲ သုံးပစ်လိုက်တာမျိုး၊ အလွန်အကျွံ့သုံးတာမျိုး၊ အလဟဿဖြစ်အောင်သုံးပစ်တာမျိုး ဖြစ်ပါတယ်။ ငွေကို ဖြုန်းတီးတတ်တဲ့အကျင့်က စွဲလွယ်ဖြစ်လွယ်ပါတယ်။ ငွေကို သုံးတာမဟုတ်ဘဲ ဖြုန်းတတ်သွားပြီဆိုရင် အကြွေးတင်လွယ်ခြင်းနဲ့ အခြားလူမှုရေးပြဿနာတွေရှိလာနိုင်ပါတယ်။ အကြွေးတွေပုံလာခြင်းက သင့်ကိုစိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ဆပ်နိုင်ရင် ကိစ္စမရှိပေမယ့် မဆပ်နိုင်တော့တဲ့အထိ လွယ်လွယ်ချေးငှား လွယ်လွယ်ဖြုန်းတတ်လာပြီဆိုရင်တော့ သင့်ရဲ့ဘဝကို ဆိုးကျိုးတွေသက်ရောက်လာနိုင်ပါတယ်။
လတိုင်းမှာ ငွေကြေးနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေ ချမှတ်ထားသင့်ပါတယ်။ ငွေကို တစ်လမှာ ဘယ်လောက်စုဆောင်းမလဲ ဆိုတာမျိုး၊ သင့်ရဲ့အသုံးစရိတ်ကို ဘယ်လောက်လျော့ချမလဲဆိုတာမျိုး ၊ တစ်လမှာ နောက်ထပ်အပိုဝင်ငွေဘယ်လောက်ရအောင် ထပ်ပြီး ကြိုးစားမယ်ဆိုတာမျိုးပေါ့။
သင့်ရဲ့ငွေကြေးဆိုင်ရာ အထိန်းအကွပ်မဲ့တာကို ထိန်းချုပ်ဖို့ကြိုးစားပါ။ ငွေကို နည်းနည်းပဲဖြစ်စေ စုဆောင်းခြင်းက လုံးဝမစုဆောင်းတာထက်စာရင် ပိုကောင်းပါတယ်။ သင့်ရဲ့ ငွေကို ဉာဏ်ရှိစွာသုံးစွဲခြင်းကြောင့် ငွေကိုပိုပြီး စုမိဆောင်းမိဖို့လွယ်ကူလာစေပါတယ်။
အဲဒါကြောင့်ငွေကို ဖြုန်းတီးမိတတ်တဲ့အကျင့်ကို ခုချက်ချင်း ရပ်တန့်ပစ်သင့်ပါတယ်။

၃) အခြားသူများနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်ခြင်း
အခြားသူများနဲ့ သင့်ကိုသင် နှိုင်းယှဉ်ခြင်းက ဆိုးရွားတဲ့ခံစားချက်ခံစားမိစေဖို့ အလွယ်ဆုံးနည်းလမ်းပါပဲ။ အခြားသူတွေ ဘာလုပ်နေသလဲဆိုတာကို ကြည့်ပြီး အဲလူတွေကို အားကျစိတ်၊ ကိုယ်ကသူတို့လိုမဟုတ်ပါလားဆိုတဲ့စိတ်ဖြစ်လာပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ လူမှုကွန်ရက်ရဲ့ newsfeeds တွေမှာ မြင်ရတာတွေ၊ ပျော်ရွှင်နေကြတာတွေ စတာတွေကိုကြည့်မိမှာပါ။ အဲဒီ့အခါ အခြားလူတိုင်းက သင့်ထက်ပိုပြီး သာနေတယ်၊ သင့်ထက်ပိုပြီး ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နေပါလားဆိုတဲ့ ခံစားချက်မျိုးဖြစ်လာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်လည်း ငြူစူမိလာပါလိမ့်မယ်။ “ငါက ခုထိ ဘာမှမဖြစ်သေးပါလား၊ ငါကခုထိ သူတို့လောက်တောင် အဆင်မပြေသေးပါလား” စသည်ဖြင့်ပေါ့။
ဥပမာ၊ အခြားသူတွေက ပိုလစာကောင်းတဲ့အလုပ်ရတာတို့၊ အရမ်းမိုက်တဲ့ကားအသစ်တစ်စီး ဝယ်လိုက်တာတို့လိုမျိုးပေါ့။ အဲဒီ့နောက်မှာတော့ သူတို့တွေနဲ့ သင့်ကိုသင်နှိုင်းယှဉ်မိတဲ့အခါ သင့်ကိုသင် သေးသိမ်သွားသလိုခံစားရမယ်၊ မနာလိုဝန်တိုစိတ်ဖြစ်လာမယ်၊ ပြီးတော့ ကျရှုံးနေသလို ခံစားလာရပါလိမ့်မယ်။ အဲဒီ့မကောင်းတဲ့ခံစားချက်တွေကနေမှ တဆင့် သင့်ထံမှာ စိတ်ဖိစီးမှုတွေ၊ ပူပန်ကြောင့်ကြမှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေ ၊ သင့်ကိုသင်အားမရမှုတွေဖြစ်လာပါတယ်။
ဒီလိုပူလောင်မှုတွေနဲ့ ရှင်သန်သွားဖို့ရာ ဘဝဆိုတာ သိပ်ကိုတိုတောင်းလွန်းပါတယ်။ အခြားသူများထက်ကို ပိုကောင်းနေစရာမလိုပါဘူး။ သင့်မှာ ရှိထားသမျှ၊ ရှိနေသမျှကို သင်ကချစ်နေဖို့၊ တန်ဖိုးထားတတ်ဖို့ပဲလိုတာပါ။ သင်လုပ်နေသမျှ အရာတိုင်းနဲ့ သင်ပိုင်ဆိုင်သမျှ အရာတိုင်းကိုပေါ့။ အဲဒါကသာ သင့်အတွက် ရောင့်ရဲခြင်းဖြစ်လာမယ်၊ သင့်ကိုသင်ကျေနပ်အားရမယ်၊ ပျော်ရွှင်လာမယ်၊ အဲဒါမှ ရှင်သန်ရတဲ့ဘဝတိုတိုလေးမှာ ရှင်သန်ရကျိုးနပ်မှာပါ။

၄) သင့်မှာ ရှိထားသမျှကို တန်ဖိုးထား အသိအမှတ်ပြုပါ။
အခြးသူတွေရဲ့ ဘဝရှင်သန်မှုကိုကြည့်ပြီး စိတ်ညစ်နေမယ့်အစား သင့်ထံမှာရှိနေတဲ့ အကောင်းဆုံးတွေကို မြင်အေင်ကြည့်ပါ။ သင့်ထံမှာ ရှိနေပြီးသား အရာတိုင်း၊ တစ်ခုစီကို အသိအမှတ်ပြုပါ၊ သူတို့ရဲ့ကောင်းကွက်တွေနဲ့ သူတို့ရဲ့တန်ဖိုးကို သိပါ။ သင်လုပ်သမျှတိုင်းကို တန်ဖိုးထား ပျော်ရွှင်ပါ။ ပန်းတစ်ပွင့်က အခြားပန်းတွေ ပွင့်မပွင့် မတွေးကြဘဲ သူကိုယ်တိုင်ဖူးပွင့်ဖို့သာ တွေးကြပါတယ်။ ကိုယ့်မှာ ရှိပြီးသားကို တန်ဖိုးထားတတ်ပြီး သူတို့ရဲ့တန်ဖိုးကိုသိခြင်းက ပျော်ရွှင်ခြင်းပါပဲ။ ကိုယ့်မှာ မရှိထားတာ၊ မပိုင်ဆိုင်ထားတာကို လိုချင်စိတ်ဖြစ်နေခြင်းက သင့်ကိုပူလောင်စေပါတယ်။

၅) လူမှုကွန်ရက်ပေါ်မှာ သင့်အကြောင်းမှန်သမျှ မျှဝေမှုများခြင်း
သင့်ဘဝအကြောင်းကို လူမှုကွန်ရက်ပေါ် ရွေးချယ်ပြီးတင်သင့်မှ တင်သင့်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ သင့်ရဲ့စိတ်ခံစားမှုတိုင်း၊ အတွေးတိုင်း၊ အခမ်းအနားတွေတိုင်း နဲပ ပုံရိပ်တွေတိုင်းကို တင်လိုက် Share လိုက် လုပ်လွန်းတာက ကောင်းတဲ့အချက်မဟုတ်ပါဘူး။ သင် share လိုက်တိုင်း သင်ရောက်ရှိနေတဲ့နေရာနဲ့ ဘာကြောင့်လဲဆိုတဲ့အကြောင်းအရာတွေက အရေးကြီးတဲ့အကြောင်းအရာတွေဖြစ်နေရင် ပြဿနာရှိနိုင်ပါတယ်။
သင် share လိုက်တဲ့အကြောင်းအရာက သင့်ဘဝကို ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာ သင်ဘယ်လိုမှမသိနိုင်ပါဘူး။ ဒီနေ့ခေတ်မှာ အလုပ်နဲ့ဆိုင်တာပဲဖြစ်ဖြစ် တစ်ချို့သော အလုပ်ရှင်တွေက လူမှုကွန်ရက်ပေါ်မှာ သင်ဘယ်လိုအကြောင်းအရာတွေကို တင်ပြီး share နေသလဲဆိုတဲ့အပေါ်ကို ကြည့်တတ်ကြပါတယ်။ သင့်ရဲ့တစ်နေ့တာမှန်သမျှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားလုံး ခရေစေ့တွင်းကျ တင်ပြီး share လုပ်နေခြင်းကို ရပ်တန့်ပစ်သင့်ပါတယ်။

၆) အားလပ်ရပ်တိုင်းကို အလဟဿ အချိန်ဖြုန်းတတ်ခြင်း
တစ်ပတ်လုံး အလုပ်လုပ်ပြီးတဲ့အခါတိုင်း သင့်ရဲ့ရုံးအားရက်တွေမှာ သင့်ကိုယ်သင် အပန်းဖြေဖို့ အချိန်ပေးသင့်ပါတယ်။ အိပ်ရေး၀၀အိပ်တာမျိုး၊ ကြိုက်တာလေးချက်စားတာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုးတွေပေါ့။
သင့်စိတ်ကော ခန္ဓာကိုယ်ရော အနားပေးဖို့ အချိန်ထားသင့်ပါတယ်။ အားလပ်ရက်မှာ ကောင်းစွာ အပန်းဖြေခြင်းက ရုံးပြန်တက်ရမယ့်နေ့အတွက် ခွန်အားကိုဖြစ်စေပါတယ်။

၇) အရေးပေါ်အခြေအနေအတွက် ငွေမစုဆောင်းထားခြင်း
အရေးပေါ်အခြေအနေမျိုးကြုံလာတဲ့အခါ ဖြေရှင်းဖု့ိ ဘဏ်အကောင့်ထဲကို ပုံမှန်ငွေစုထားတဲ့အကျင့်လုပ်သင့်ပါတယ်။ ရုတ်တရက် ကျန်းမာရေးချို့ယွင်းချက်မျိုး၊ အဲကွန်းပျက်လို့ပြင်ရမှာမျိုး၊ အလုပ်ပြုတ်သွားတာမျိုး၊ ဝင်ငွေလျော့ကျသွားတာမျိုးတွေ အတွက်ပေါ့။
အခြားသော မမျှော်လင့်နိုင်တဲ့အခက်အခဲတွေလည်း ရှိလာနိုင်ပါသေးတယ်။ အဲဒါကြောင့် အရေးပေါ်အခြေအနေအတွက် ရေရှည်စုငွေထားတဲ့အကျင့်လုပ်သင့်ပါတယ်။ ဝင်ငွေမှန်သမျှ အကုန်သုံးပြစ်တတ်ပြီး အရေးပေါ်အတွက် စုငွေမထားတဲ့အကျင့်ကို ခုချက်ချင်းပြင်သင့်ပါတယ်။ ငွေပမာဏအများကြီးမစုဖြစ်ရင်တောင် ပုံမှန်စုဖြစ်တဲ့ နိုင်သလောက် ပမာဏသတ်မှတ်ပြီး ပုံမှန်စုဖြစ်လတဲ့အခါ ငွေပမာဏများလာတာပါပဲ၊

၈) အိပ်ရေး ၀၀မအိပ်ခြင်း
အိပ်ချိန်မပြည့်ဝခြင်းက သင်တွေးထားတာထက်ကို ဆိုးကျိုးများပါတယ်။ ရေတိုပဲဖြစ်ဖြစ် ရေရှည်ပဲဖြစ်ဖြစ်ပေါ့။ နှေးကွေးလေးလံခြင်း၊ ပုံမှန်မဖြစ်ခြင်း၊ စိတ်မရှည်ခြင်း သင့်ကိုသင်အကောင်းဆုံးဖြစ်အောင် မပြုမူနိုင်တော့ပါဘူး။
အိပ်ရေး၀၀မအိပ်တဲ့အကျင့်က သင့်ရဲ့ ကျန်းမာရေးအားလုံးကို ထိခိုက်နိုင်သလို၊ သင့်ရဲ့စွမ်းရည်ကိုပါ ထိခိုက်နိုင်ပါတယ်။
အဲဒါကြောင့် အိပ်ရေး ၀၀ မအိပ်ဘဲ အိပ်ရေးပျက်ခံတတ်တဲ့အကျင့်ကို ခုပဲပြုပြင်လိုက်ပါတော့နော်။

၉) သင့်ကိုသင်အတွက် အချိန်မပေးခြင်း
ဘယ်လောက် အလုပ်ရှုပ်ပါစေ ကိစ္စမရှိပါဘူး။ အရေးကြီးတက သင်အာရုံစိုက်သင့်တဲ့ အရေးကြီးတဲ့ကိစ္စတွေကိုသာ အစီအစဉ်လုပ်ပြီး သတ်မှတ်ထားရင် အားလုံးအေးအေးသာသာနဲ့ တဆင့်ခြင်းပြီးဆုံးအောင် လုပ်ဆောင်နိုင်မှာပါ။ ပြီးရင် သင့်ကိုသင်လည်း ဂရုစိုက်ဖို့ အချိန်ရတာပေါ့။ သင့်ကိုယ်သင်အချိန်ပေးခြင်းက သင့်အတွက် အကျိုးသက်ရောက်မှုများပါတယ်။ ဘယ်လောက်အလုပ်များပါစေ အချိန်ဇယားအလိုက် အရေးကြီးတာကိုသတ်မှတ်ပြီး အဓိက အာရုံစိုက်လုပ်ဆောင်ပါ။ သင့်ကိုသင်အတွက်အချိန်ပေးပါ။ သင်နှစ်သက်တာလေးတွေလုပ်ပြီး သင့်ရဲ့တင်းကြပ်မှု၊ ဖိစီးမှုမှန်သမျှကို လျော့ကျဖို့ အချိန်ပေးတာပေါ့။ ပန်းချီဆွဲတာနှစ်သက်ရင် ပန်းချီဆွဲတာမျိုး၊ သီချင်းနားထောင်တာမျိုး၊ အပင်လေးတွေစိုက်တာမျိုးပေါ့။ အဲဒါက သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေလို့ နောက်ထပ်လုပ်ရမယ့်အလုပ်တွေအတွက်လည်း ခေါင်းအေးအေးနဲ့ အလုပ်လုပ်နိုင်အောင် အထောက်အကူဖြစ်စေမှာပါ။ အဲဒါကြောင့် ဘယ်လောက်အလုပ်ရှုပ်ရှုပ် သင့်ကိုယ်သင် အချိန်ပေးဖို့ကလည်း အရေးကြီးပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီးပြီးချင်းပဲ သင့်ကိုသင်ပြန်ဆန်းစစ်လိုက်ပါ။ သင့်မှာရှိတဲ့အကျင့်ဆိုးတွေကို စာရင်းလုပ်ပြီး ခုချက်ချင်းပြုပြင်သင့်တာပြုပြင်လိုက်ပါတော့နော်။
https://www.thoughtsabove.com/list-of-bad-habits/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။