သင့်ရဲ့နေ့စဉ်အချိန်ဇယားမှာ စာဖတ်ဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲ။

သင့်ရဲ့ညဘက်အချိန်တွေမှာ သင်ဖတ်လက်စ စာအုပ်ကို ပြန်ဖွင့်မဖတ်ဖြစ်တာကြာပြီလား။ ဒါမှမဟုတ် တလလုံးမှာ စာအုပ်ကို ကောက်မကိုင်ဖြစ်တာတောင်ကြာနေပြီလား။ စာဖတ်ဖို့အချိန်သီးသန့်သတ်မှတ်ရတာ ခက်ခဲပါတယ်။ သင်အလုပ်ရှုပ်နေတဲ့အခါ ပိုဆိုးတာပေါ့။ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ တကယ်တော့မဟုတ်ပါဘူး။ အခုဖော်ပြမယ့်နည်းလမ်းအချို့ကတော့ အလုပ်များပြီး အောင်မြင်နေပါတယ်ဆိုသူတွေရဲ့ စာကိုဘယ်လိုမရရအောင် အချိန်ပေးပြီးဖတ်သလဲဆိုတဲ့နည်းလမ်းပါပဲ။ ထိုနည်းလမ်းတွေကို အသုံးပြုပြီး ဒီနေ့ကစပြီး စာဖတ်ကြရအောင်ပါ။


၁) စာဖတ်ခြင်းကို ဘာမှမလုပ်ခင် အရင်ဆုံးဖတ်တာမျိုး ဒါမှမဟုတ် အလုပ်တွေအားလုံးပြီးလို့ နောက်ဆုံးမှဖတ်တာမျိုးလုပ်ပါ။
ကျွန်တော်တို့ရဲ့ ရှုပ်ထွေးလှတဲ့တစ်နေ့တာ အချိန်ဇယားမှာ စာဖတ်ဖို့အချိန်သီးသန့်သတ်မှတ်ရတာခက်ပါတယ်။ ဒါပေမယ့် စာဖတ်မှ တိုးတက်မယ်ဆိုတာလည်း ကျွန်တော်တို့သိပြီးသားပဲလေ။ အဲဒီ့တော့ မနက်အိပ်ရာနိုးပြီး သင့်ရဲ့ အချိန်ဇယားထဲက အလုပ်တွေမလုပ်မီ ၁၅မိနစ်ခန့်မှာ သင်ဖတ်မယ့်စာအုပ်ကို ကောက်ကိုင်ပြီး စာဖတ်လိုက်ပါ။ ညဘက် သင်မအိပ်ခင် ၁၅မိနစ်လောက်စာဖတ်လိုက်ပါ။ အဲဒါဆိုရင်ပဲ မိနစ် ၃၀ခန့် (တစ်နေ့တာအတွက်) စာဖတ်ဖြစ်သွားပါလိမ့်မယ်။ ဖတ်ရင်းနဲ့ပြန်ပြီးအရှိန်ရလာတဲ့အခါမှာတော့ နေ့တိုင်းလိုမဖတ်ဖြစ်တာမျိုးမရှိတော့ပါဘူး။
၂) သင့်ရဲ့ပြက္ခဒိန်ပေါ်မှာ စာဖတ်ဖို့အချိန်ကို သတ်မှတ်ထားပါ။
သင့်ရဲ့အချိန်ဇယားမှာ စာဖတ်ဖို့အချိန်တစ်ချိန် မရရအောင်သတ်မှတ်ထားခြင်းကလည်း သင့်ကို စာဖတ်ဖြစ်စေမှာပါ။ သင့်စိတ်ထဲမှာလည်း ထိုအတွက် အချိန်ကို မရရအောင် အချိန်ယူမယ်လို့ ဆန္ဒပြင်းပြစွာရှိပါ။
၃) အလုပ်အားလပ်ချိန်မှာ စာဖတ်ပါ။
အလုပ်အားလပ်ချိန်မှာ ဖတ်လို့ရသလောက်စာဖတ်ပါ။ တစ်နေ့မှာ နာရီဝက်လောက်ဖြစ်ဖြစ် အချိန်ရတုန်း စာဖတ်တဲ့အကျင့်လုပ်ပါ အလုပ်အားနေတဲ့အချိန်မှာ သင့်ဦးနှောက်ကလည်း သင်ယူစရာမရှိဘဲ အာရုံစိုက်စရာမရှိတာကြောင့် ထိုအချိန်စာဖတ်ရင် သင်လည်း ပိုပြီးမှတ်မိလွယ်စေပါတယ်။
၄) လူမှုကွန်ရက်တွေကို အနားပေးတဲ့အချိန်စာဖတ်ပါ။
သင့်အတွက် စာဖတ်ဖြစ်ဖို့ကသာ ခက်ရင်ခက်နေပါလိမ့်မယ်။ ဖုန်းကိုင်ပြီး ဖေ့ဘုတ်သုံးဖို့ကတော့ ပိုပြီးလွယ်ကူပါတယ်။ အဲဒါကြောင့် စာဖတ်ဖို့အချိန်ကို အလေးပေးမယ်ဆိုရင် လူမှုကွန်ရက်တွေသုံးတော့မယ်လို့ တွေးမိတဲ့အချိန်မှာ စာဖတ်မယ်လို့ ကိုယ့်ကိုကိုယ်သတိပေးသင့်ပါတယ်။ သင့်ရဲ့တစ်နေ့တာမှာ လူမှုကွန်ရက်ကိုသုံးနေတဲ့အချိန်တော်တော်များများကို ပြန်ပြီး စီမံသင့်ပါတယ်။ ထိုထဲကအချိန်အချို့ကို ပြန်သုံးသပ်ပြီး သင့်အတွက်စာဖတ်မယ့်အချိန်ကို အစားထိုးလို့ရပါတယ်။
၅) audio book တွေနဲ့အဆင်ပြေမပြေ စဉ်းစားကြည့်ပါ။
နေရာတစ်ခုကို သတ်မှတ်ပြီး ငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်ဖို့ဆိုတာ အမြဲတမ်းတော့မဖြစ်နိုင်ပါဘူး။ သင့်မှာအလုပ်ရှုပ်နေတဲ့နေ့တွေရှိမယ်၊ အပြင်ကိုမသွားချင်ဘဲ သွားရတဲ့နေ့တွေရှိမယ် စသဖြင့်ပေါ့။ အဲဒါကြောင့် သင့်ရဲ့စာဖတ်ချိန်ကို အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်ပြီး အေးဆေးထိုင်ဖတ်နိုင်မယ်လို့ မျှော်လင့်ထားလို့မရပါဘူး။ အဲဒီ့အတွက် စာဖတ်ဖြစ်ဖို့သာ အဓိက အာရုံထားရမယ့်နေ့တွေရှိမှာပါ။ ထိုနေ့တွေမှာတော့ audio book ကို နားကြပ်နဲ့နားထောင်တာမျိုး လုပ်လို့ရပါတယ်။
၆) သင့်ဖုန်းထဲမှာ E – book ထည့်ထားပါ။
နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော အလွယ်တကူသယ်သွားလို့ရတဲ့ဖုန်းထဲမှာ e – book တွေထည့်ထားပြီး အားတာနဲ့ ဖုန်းဖွင့်ပြီး စာဖတ်တာပါပဲ။ အဲဒါကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲနော်။ အဲဒါက စာဖတ်ဖို့တောင် အချိန်သီးသန့်သတ်မှတ်စရာမလိုတော့ပါဘူး။ ၁၀မိနစ်၊ ၁၅မိနစ်ခန့် အားလပ်ချိန်မှာတောင် စာဖတ်နိုင်ပါတယ်။
၇) no လို့ ပြောသင့်တာပြောပါ။
ခုခေတ်မှာစာမဖတ်တော့ဘူး ဖေ့ဘုတ်ပဲသုံးတာလို့ပြောရင် နိုး…လို့သာ ရဲရဲပြန်ပြောလိုက်ပါ။ စာဖတ်ခြင်းလောက်ကောင်းတဲ့ ပညာသင်ယူခြင်း၊ ကမ္ဘာကိုလည်ပတ်ခြင်းမျိုး မရှိနိုင်ပါဘူး။ ဒီနေ့ခေတ်မှာက စာအုပ်ကိုင်ပြီးစာဖတ်နေတာမျိုး၊ ဖုန်းထဲကနေ e book နဲ့စာဖတ်နေတာမျိုးဆိုရင် အထူးအဆန်းလိုကြည့်တတ်ကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းက ဘယ်တော့မှ မရိုးနိုင်တဲ့သင်ယူခြင်းတစ်မျိုးပါ။ အဲဒါကြောင့် စာဖတ်ဖို့အချိန်ကို မရရအောင် ယူသင့်ပါတယ်။ သင့်ရဲ့စာဖတ်ဖို့သတ်မှတ်ထားတဲ့အချိန်ကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူမှန်သမျှကို ငြင်းဆန်ဖြစ်အောင် ငြင်းပါ။ အများအားဖြင့်က အလုပ်ပိတ်ရက် ကျောင်းအားရက်မျိုးမှာ စာအုပ်လေးတစ်အုပ်လောက်နဲ့နှပ်နေမယ်လို့တွေးတာနဲ့ “ဒီနေ့အားတယ်…ဘယ်သွားကြမယ်၊ ဘာဝယ်ကြမယ်၊ ဘာစားကြမယ်” လို့ တိုက်တွန်းပြီး သင့်ကိုအပါခေါ်မယ့် လူတွေကို စာဖတ်ဖို့အတွက် နဲ့ ငြင်းသင့်ငြင်းလိုက်ပါ။
၈) စာဖတ်ဖြစ်ဖို့ကို သိပ်အများကြီးမတွေးနေပါနဲ့။
ပြောချင်တာက အဓိကက စာဖတ်ဖြစ်ဖို့ပါပဲ။ ဖုန်းထဲ e book ထည့်သွားပြီး ကြုံသလိုစာဖတ်တာလည်း စာဖတ်ခြင်းပါပဲ။ အဓိကက စာဖတ်ဖြစ်ဖို့ပဲလေ။ ကော်ဖီလေးသောက်ပြီး ဆိတ်ငြိမ်ရာအရပ်မှာ ထိုင်နေမှ စာဖတ်ဖြစ်မယ်ဆိုရင် စီးပွားရေးသမားတွေ ၊ အောင်မြင်နေသူတွေလို အင်မတန်အလုပ်များနေတဲ့သူတွေ စာဖတ်ဖြစ်တော့မယ်မထင်ပါဘူးနော်။ အဲဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမှ စာဖတ်မယ်လို့ ကန့်သတ်မထားပါနဲ့။ သိပ်အများကြီး မတွေးနေပါနဲ့။ အားလပ်ချိန်လေးမှာ စာဖတ်လိုက်ပါ။ ထမင်းစားပြီးနားနေတဲ့အချိန် ၁၅မိနစ် နာရီဝက်လောက်မှာ စာဖတ်လိုက်ပါ။ ဘတ်စ်ကားတိုးစီးရင် ထိုင်ခုံရတုန်း စာဖတ်လိုက်ပါ။ ကားကို တိုးကြိတ်မစီးရခင် စာဖတ်လိုက်ပါ။ မှတ်တိုင်မှာ ကားစောင့်နေတုန်း စာဖတ်လိုက်ပါ။ ဖော်ပြထားတာတွေထဲက တစ်ချိန်မဟုတ်တစ်ချိန်မှာ စာဖတ်မယ်ဆိုရင်လည်း စာဖတ်ဖြစ်သွားတာပါပဲနော်။
အောင်မြင်နေတဲ့သူတွေမှန်သမျှ စာမဖတ်တဲ့သူမရှိပါဘူး။ အဲဒီ့တော့ သင်လည်း ခုရောက်နေတဲ့နေရာထက် ပိုပြီး အဆင်ပြေဖို့ ၊ အမြင်ကျယ်ဖို့ ၊ အမြင်ကျယ်လာတဲ့အခါ မျှတွေးတတ်လာပါလိမ့်မယ်။ မျှတွေးတတ်လာတဲ့အခါ စိတ်ချမ်းသာသလို၊ စိတ်ချမ်းသာလာတဲ့အခါ ကိုယ့်အတွက် အကျိုးရှိတာဘာ၊ ကိုယ့်အတွက် အကျိုးမရှိတာဘာဆိုတာ ရှင်းလင်းလာပါလိမ့်မယ်။
အဲဒါကြောင့် ဒီနေ့စပြီး အလုပ်များတယ်အကြောင်းမပြဘဲ စာဖတ်ဖြစ်အောင် ဖတ်ကြပါစို့နော်။
https://www.success.com/how-to-make-reading-part-of-your-daily-routine/ လင့်မှ ကိုးကားဖော်ပြပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။