နံနက်စာစားဖို့တောင် အခက်အခဲ ဖြစ်နေတဲ့ နေ့ရက်တွေကို ဘယ်လိုကျေ်ာဖြတ်မလဲ

အရမ်းကြပ်တည်းပြီး နံနက်စာစားဖို့တောင် ငွေမရှိတဲ့ဘဝမျိုးကို ကြုံခဲ့ဖူးမလား။ အဲဒီလိုအခြေအနေမျိုးသာ ကြုံလာခဲ့ရရင် သင်ဘယ်လိုများကျော်ဖြတ်မလဲ။ အောက်မှာ လုပ်သင့်တဲ့အချက်လေးတွေ ရေးပေးထားပါတယ်။ ၁) အဖြေရှာပါ။ ဘာကြောင့် ဒီလိုအခက်အခဲတွေဖြစ်လာရတာလဲ။ သင်အသုံးမကျခဲ့လို့လား၊ ပတ်ဝန်းကျင်ကြောင့်လား ဘာကြောင့်လဲဆိုတဲ့ အဖြေကို သင့်ကိုသင်အမှန်အတိုင်းပေးနိုင်ဖို့က နံနက်စာစားဖို့ထက်တောင် အရေးကြီးပါသေးတယ်။ ဟာသတစ်ခုအနေနဲ့ဆိုရင် နံနက်စာစားဖို့ မရှိရင်တောင် ရေသောက်ဗိုက်မှောက်နေလို့ရသေးတယ်မဟုတ်လား။ ရေတောင်သောက်ဖို့မရှိဘူးဆိုရင်ကော……။ ဟုတ်တယ်၊ အဲဒါ ပြဿနာပဲလေ။ ဘာလို့များ ဒီလိုအခြေအနေမျိုးဖြစ်လာရတာလဲ…..အဖြေကို သိဖို့က အားလုံးထက်အရေးကြီးပါတယ်။ အဖြေသိမှ အကောင်းဆုံးလုပ်လို့ရမှာပေါ့။ အဖြေကိုသိဖို့ သင့်ကိုသင်တောင်မလိမ်ညာမိပါစေနဲ့နော်။ ၂) အဖြေကိုသိပြီးတဲ့နောက် သင့်ကိုသင်ခိုင်းပါ။ ဟုတ်ပါပြီ….အဖြေကတော့ သင်ဘာမှမလုပ်လို့ဘဲဆိုပါစို့ အဲဒါဆို တစ်ခုခုတော့လုပ်မှဖြစ်တော့မှာပေါ့ လွယ်ပါတယ်။ မဟုတ်ဘူး…..သင်လုပ်နေရင်းနဲ့ကို ဖြစ်မလာသေးတာပါ။ သင်ဖြစ်ချင်တာကို ရှေ့ဆက်လုပ်ဆောင်နေရင်းနဲ့ကို ဒီလိုမျိုးဖြစ်နေရတာပါပဲ ၊ ဒါဆိုရင်တော့ ကောင်းပါတယ်…..အခုကြုံနေရတာက အခိုက်အတန့် အခက်အခဲတစ်ခုပါပဲ။ သင်လုပ်စရာရှိတာကို ရှေ့ဆက်လုပ်ဆောင်သွားပါ။ အဲလိုလည်းမဟုတ်သေးပါဘူး……ကျွန်တော်တော့ ကြိုးစားနေရင်းနဲ့ ကျွန်တော့်အပေါင်းအသင်းမှားကြောင့်၊ ကျွန်တော့်ပတ်ဝန်းကျင်ကြောင့်၊ ကျွန်တော့်အမှားကြောင့် ကျွန်တော့်ဘဝကြီးတစ်ခုလုံး ဒီလိုအခြေအနေမျိုးကြုံသွားရပါတယ်ဆိုပါစို့။ အဲဒါဆို အဲဒီ့ပတ်ဝန်းကျင်၊ အဲဒီ့အပေါင်းအသင်းရဲ့ဆိုးကျိုးကို သင်သိသွားပြီမလား။ သင့်ရဲ့အမှားကို သင်သိသွားပြီမလား၊ သင်ခန်းစာယူပြီး နောက်မဖြစ်အောင် ကြိုးစားလိုက်ပါ။ အဓိကက အခြေအနေတွေအားလုံးကို သင့်ကိုသင်တောင်မလိမ်ညာဖို့ပါပဲ။ အဖြေကိုအမှန်အတိုင်းမြင်ပြီးတဲ့နောက် သင့်ကိုသင်ခိုင်းပါတော့။ အလုပ်မရှိရင် အလုပ်လုပ်ခိုင်းပါ။ ပြုပြင်စရာရှိပြုပြင်ခိုင်းပါ။ သင်ယူစရာရှိ သင်ယူခိုင်းပါ။ တစ်ခုခုလုပ်နေတာက ဒီနေ့အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေပြီး မနက်ဖြန်အတွက် အကျိုးအများကြီးရနိုင်မှာပေါ့။ ယုတ်စွအဆုံး ဒီနေ့ နံနက်စာစားဖို့မရှိဘူးဆိုရင်တောင် မနက်ဖြန်အတွက် နံနက်စာလောက်ကတော့ ရှာပြီးသားဖြစ်သွားမှာပါ။ တစ်ခုရှိတာက ဒီနေ့ရှာ၊ နောက်နေ့ပြန်အိပ်နေလို့မဖြစ်တာပါပဲ။ ၂) အလွယ်နည်းမလိုက်ပါနဲ့။ ကိုယ့်ကိုကိုယ်အားကိုးဖို့ပဲ စဉ်းစားပါ။ တစ်ချို့ကတော့ ထိုကဲ့သို့အခြေအနေမျိုးကို ခံနိုင်ရည်မရှိကြပါဘူး။ အဲဒီ့အခါ ဘာအကျိုးဆက်တွေဖြစ်လာသလဲဆိုတော့ အလွယ်နည်းလိုက်ကြတာပါပဲ။ မိန်းကလေးတွေ အနေအစားချောင်ဖို့အတွက် မလုပ်သင့်တာတွေကို လုပ်ရဲလာကြပါတယ်။ သူများအိမ်ထောင်ရေးဖျက်ဆီးပစ်ဖို့၊ သူများရဲ့ အငယ်အနှောင်းဖြစ်ဖို့လည်း ဝန်မလေးကြတော့တာမျိုးပေါ့။ အလွယ်နည်းလိုက်ခြင်းက လက်ရှိမှာ အဆင်ပြေစေပေမယ့် ရေရှည်အတွက်လုံးဝအဆင်မပြေနိုင်ပါဘူး။ ပြီးတော့ သင့်ကိုသင်ဖျက်ဆီးခြင်းပါပဲ။ ဘယ်အခက်အခဲမဆို အဖြေဆိုတာရှိပါတယ်။ သင့်မှာ လက်ထဲငွေတပြားမှမရှိဘူး၊ သင်ရဲ့အရင်းနှီးဆုံးအပေါင်းအသင်းကို သင်ငွေသွားချေးမယ်ဆိုပါစို့၊ ကံကောင်းစွာနဲ့ သူက သင့်ကိုသနားခြင်းအားဖြင့် ငွေအနည်းငယ်ချေးပေးလိုက်တယ်ဆိုရင် ခုလက်ရှိသင့်မှာ စားဖို့သောက်ဖို့ရသွားပါပြီ။ ဒါပေမယ့် အဲဒီ့အကြွေးကိုဆပ်ဖို့တော့ သင်ထိုင်နေလို့မရဘူးလေ။ အလုပ်တစ်ခုတော့ သင်ရှာကြံလုပ်ရတော့မှာပေါ့။ သင့်သူငယ်ချင်းက သင့်ကိုလုံးဝကိုမချေးမငှားဘူးဆိုရင်ကော ဘာဖြစ်သေးလဲ၊ လောကမှာ လက်နှစ်ဖက်ခြေနှစ်ချောင်းနဲ့ လူတစ်ယောက်အဖြစ်ရှိနေသေးတာက သင့်အတွက် များစွာသော လာဘ်လာဘပါပဲ။ မသေမချင်း သင်ငွေရှာနိုင်သေးတာပဲလေ။ အဓိကက စိတ်ဓာတ်ပါ။ လဲကျနေရင် ပြန်ထမယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်ပြီး ငွေမရှိရင် ရိုးသားသောစိတ်ဓာတ်ဖြင့် ငွေရှာမယ်ဆိုတဲ့စိတ်ဓာတ်ပေါ့။ ခုလက်ရှိနံနက်စာစားဖို့မရှိရင် နောက်နေ့နံနက်စာစားဖို့မရှိဘူးဆိုတာ မဖြစ်ရအောင် ဒီနေ့ကတည်းက ပြင်ဆင်ခွင့်ရှိတယ်လေ၊ အဲဒီ့တော့ သင်အိပ်နေအုံးမှာလား။ ကိုယ့်အားကိုယ်ကိုးပြီး နောက်နေ့စားစရာမရှိဘူးဆိုတာ မဖြစ်ရအောင် အလုပ်လုပ်ပါ။ ၃) ကမ္ဘာကြီးပျက်စီးသွားရင်တောင် ကိုယ့်ကိုကိုယ်မဖျက်ဆီးဘူးဆိုတဲ့စိတ်ဓာတ်မွေးပါ။ လူဆိုတာမျိုးက အခက်အခဲတွေအရမ်းကြုံလာရတဲ့အခါ ကမ္ဘာမီးလောင်ရင် သားကောင်တောင်ချနင်းတတ်ကြသေးတာမျိုးပါ။ အဲလိုလူတွေထဲမှာ ကိုယ်မပါပါစေနဲ့။ သေလောက်မယ့်အခက်အခဲမျိုး ကြုံလာရရင်တောင် ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကိုဖျက်ဆီးပြီးမှ ရမယ့်အလုပ်မျိုး လုံးဝမလုပ်မိပါစေနဲ့။ အဲဒီ့စိတ်ဓာတ်က သင့်ကို သူများနဲ့မတူတဲ့ဘဝတစ်ခုဖြစ်လာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ မယုံမရှိပါနဲ့နော်……ငွေတွေမချမ်းသာရင်တောင် သင်စိတ်ချမ်းသာနေရပါလိ့မ်မယ်။ အဲဒီ့တော့ ကိုယ်ရဲ့နံနက်စာတောင်စားဖို့မရှိတဲ့အခက်ခဲကို ရိုးသားဖြောင့်မတ်ခြင်းဖြင့် ကျော်ဖြတ်ပါ။ ၄) အားတင်းပါ၊ တကယ်လုပ်ပါ၊ ဇွဲရှိပါ၊ ကိုယ့်ကိုကိုယ်ယုံကြည်ပါ။ ကြားဖူးနေကျ စကားလုံးလေးတွေပါပဲ။ ဒါပေမယ့် တော်တော်ထိရောက်ပါတယ်နော်။ အဲလိုအချိန်မှာ သင့်ကိုသင် ကြားလောက်အောင် “အားတင်းထား….၊ ဒီတိုင်းမနေဘူး တကယ်ပြန်ထနိုင်အောင် ကြိုးစားမယ်” လို့ ခပ်ကျယ်ကျယ်လေး ပြောကြည့်ပါလား။ ချက်ချင်းအားပြန်တက်လာပါလိမ့်မယ်။ ပြောပြီး တကယ်လုပ်ပါ။ တကယ်လုပ်ဖို့လိုသလို ဇွဲရှိရှိလုပ်ဖို့လုပ်ပါတယ်။ ပြီးတော့ ကိုယ်လုပ်နိုင်တယ်…….ကိုယ်ကျော်ဖြတ်နိုင်တယ်……ကိုယ်အောင်မြင်နိုင်တယ်လို့လည်း ကိုယ့်ကိုကိုယ်ယုံကြည်ထားပါ။ ကိုယ့်ကိုကိုယ်ယုံကြည်နေတဲ့သူက သူများထက်ကို ပိုပြီး ခွန်အားပြည့်နေတတ်ပါတယ်။ မယုံမရှိနဲ့နော်……..ခုပဲပြောလိုက်ပါ။ ၅) အောင်မြင်မှုကို မြင်ယောင်ကြည့်ပါ။ သင့်ဘဝရဲ့အခက်ခဲဆုံးနေ့ရက်တွေမှာ အောင်မြင်မှုကို စိတ်ကူးယဉ်ကြည့်နေတာက သင့်ကိုပြန်လည် အားတက်စေနိုင်ပါတယ်။ “သင့်ရဲ့ရည်မှန်းထားတာတွေဖြစ်လာတဲ့အခါ…… သင်ဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ………. သင်အောင်မြင်ချင်တာတွေအောင်မြင်လာမယ့်အချိန်…………” စသည်ဖြင့် စိတ်အညစ်နေဆုံးအချိန်မှာ အဲလိုလေးတွေးပြီး မြင်ယောင်ကြည့်လိုက်တာက ပြန်အားတက်လာစေပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့………မြင်ယောင်ပြီး စိတ်ကူးယဉ်နေရုံနဲ့တော့ ဘာမှမဖြစ်လာပါဘူး။ ဒီနေရာမှာ အောင်မြင်မှုကို မြင်ယောင်စိတ်ကူးယဉ်ကြည့်ခြင်းက သင့်ရဲ့စိတ်ဓာတ်တက်ကြွလာဖို့ ကူညီနိုင်တာတစ်ခုပဲ။ စိတ်ဓာတ်ပြန်လည်တက်ကြွလာတဲ့နောက်တော့ အောင်မြင်မှုဆီ၊ သင်ဖြစ်ချင်တာတွေဆီသွားမယ့်လမ်းပေါ်မှာ ပြန်ထပြီး လမ်းလျှောက်ပါ။ ၆) ကိုယ့်ကိုကိုယ်အားပေးပါ။ တလောကလုံးကလူတွေက သင်ကို အားမပေးပါစေနဲ့၊ ကိစ္စမရှိပါဘူး….သင့်ကိုသင်အားပေးနေဖို့သာအရေးကြီးတာပါ။ ကျွန်တော့်တို့ အခက်အခဲတွေကြုံလာတိုင်း “ကိုယ်ကြိုးစားနေတာပဲ……ဒါတွေက အခိုက်အတန့်ပါ၊ ပြီးတော့လည်း ပြီးသွားမှာပါပဲ၊ ဆက်ကြိုးစားခြင်းဖြင့် ကျော်ဖြတ်ရမှာပဲ။” ဆိုတာကို သင်သိထားရပါမယ်။ အမြဲတွေးနေရပါမယ်။ အမြဲသင့်ကိုသင်အားပေးနေဖို့က အရေးကြီးပါတယ်။ သင့်ကိုသင်တောင်အားမပေးနိုင်တော့ဘူးဆိုရင် ဘုရားတောင်မှ လာကယ်လို့မဖြစ်နိုင်တော့ပါဘူး။ တကမ္ဘာလုံးကလူတွေ အားမပေးရင်တောင်နေပါစေ၊ ငါ့ဟာငါအားတင်းမယ်…..ဆိုတဲ့စိတ်မွေးပါ။ အထက်ပါအချက်လေးတွေကြောင့် သင့်ရဲ့နံနက်စာတောင်စားဖို့မရှိလောက်အောင် ခက်ခဲနေတဲ့နေ့ရက်လေးတွေမှာ ခွန်အားသေးသေးလေးဖြစ်နိုင်ခဲ့ရင် ကျေနပ်နိုင်ပါပြီ။ ဒီနေ့နံနက်စားဖို့မရှိခြင်းက နောက်နေ့အထိမဖြစ်ပါစေနဲ့နော်။ ခုပဲလုပ်စရာရှိတာလုပ်ပြီး အားတင်းကျော်ဖြတ်လိုက်ပါတော့။#BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။