ခုချက်ချင်း ပြုပြင်သင့်သော ငွေကြေးနဲ့ပတ်သက်တဲ့ အကျင့်ဆိုးများ

ငွေဆိုတာ သုံးတတ်ကိုယ့်အတွက်အများကြီး အကျိုးရှိစေတဲ့ ကျွန်လိုခိုင်းစေနိုင်ပြီး အသုံးမတတ်ရင်တော့ ကိုယ့်ရဲ့ သခင်လို ကိုယ့်ကို ပြန်ပြီး ခိုင်းစေသွားမှာဖြစ်ပါတယ်။ အဲဒါကြောင့် ငွေကြေးနဲ့ပတ်သက်ရင် သတိကြီးကြီးထားပြီး မကောင်းတဲ့အကျင့်တွေရှိရင် ချက်ချင်းပြုပြင်သင့်ပါတယ်။ အဲဒီ့ထဲကမှ ငွေကြေးနဲ့ပတ်သက်ပြီး လုံးဝနလန်မထူနိုင်စေမယ့်အကျင့်ဆိုးတွေကို ဖော်ပြလိုက်ရပါတယ်။


၁) ကြွားဝါဖို့ရန် ငွေကို အသုံးပြုခြင်း
ကိုယ့်မှာ ပိုလာသမျှငွေကို မှန်ကန်တဲ့နေရာမှာ အသုံးချတာမျိုး မလုပ်ဘဲ အခြားသူတေါကို ကြွားဝါဖို့သက်သက် အသုံးချတတ်တဲ့အကျင့်ဟာ မကောင်းပါဘူး။ ကိုယ့်ဘဝမှာလည်း ငွေတွေအလုံးလိုက်အရင်းလိုက် ပြန်ဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ လက်ထဲငွေမြဲမှာမဟုတ်ပါဘူး။ အဲဒီ့အပြင် အခြားသူကို ကြွားဝါချင်နေတဲ့စိတ်ကြောင့် ငွေရဲ့ကျွန်သာဖြစ်နေပါလိမ့်မယ်။

၂) ဝင်ငွေတိုးရန် အလုပ်ပိုလုပ်ရမှာကို အပျင်းကြီးခြင်း
သမာအာဇီဝနဲ့ အလုပ်လုပ်ပြီး ကိုယ့်ရဲ့ဝင်ငွေတိုးလာမှာကို ပျင်းနေတာ၊ ရှက်ကြောက်တာ စသဖြင့် မမှန်ကန်တဲ့အကြောင်းပြချက်တွေနဲ့ ပျင်းရိနေခြင်းဟာလည်း ငွေကြေးနဲ့ပတ်သက်၇င် ဘယ်တော့မှ နလန်မထူစေမယ့် အကျင့်ဆိုးပါပဲ။ ဥပမာ။ ကံကောင်းပြီးငွေအပြုံလိုက်၇လာမှာကိုသာ ထိူင်စောင့်နေတတ်ပြီး လမ်းဘေးမှာ စျေး‌ရောင်းဖို့ကျတော့ တွန့်ဆုတ်ရှက်ကြောက်နေတာမျိုးပေါ့။ တကယ်တော့ ကိုယ့်အတွက် လိုအပ်တဲ့ငွေကို သမာအာဇီဝနည်းလမ်းနဲ့ငွေရှာသင့်ရင် ရှာရမှာပါပဲ။ အဲဒါက သင့်အတွက် ပိုပင်ပန်းနိုင်ပေမယ့် စိတ်ရှင်းပေါ့ပါးစေသလို အကြွေးလည်းကင်းစေပါတယ်။ သေချာအချိန်သတ်မှတ်ရည်မှန်းချက်ချပြီးလုပ်နိုင်မယ်ဆိုရင် ကိုယ့်ဘဝအတွက် အများကြိးအဆင်ပြေလာစေပါတယ်။

၃) အကြွေးနွံ့ထဲနစ်နေခြင်း
လွယ်လွယ်လေးနဲ့ ငွေချေးပြီး သုံးပစ်လိုက်တာမျိုးပေါ့၊ သမာအာဇီဝနဲ့ ငွေရှာဖို့တော့ ပျင်းနေတယ်၊ ရှက်ကြောက်နေတယ်ဆိုပြီး အကြွေးယူဖို့တော့ မကြောက်ဘူးဆိုရင်တော့ သေချာပါပြီ ဘဝမှာ ငွေနဲ့ပတ်သက်ပြီး နလန်မထူမယ့်အကျင့်ဆိုးပါပဲ။ မပြင်ရင်တော့ ဘယ်တော့မှ ငွေရှင်ဖြစ်လာမှာမဟုတ်ပါဘူး။

၄) မူးယစ်ဆေးတစ်ခုခု စွဲလမ်းနေခြင်း
နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးဖြစ်တဲ့ အရက်၊ ဘီယာ၊မူးယစ်ဆေး၊ စိတ်ကြွဆေး စတဲ့အရာတစ်ခုခုကို တရားလွန်စွဲလမ်းနေခြင်းပါပဲ။ အဲဒီလိုစွဲလမ်းနေတတ်တဲ့သူက အလုပ်တစ်ခုခုကို ရေရှည်တစိုက်မတ်မတ်လုပ်နိုင်စွမ်းအားနည်းပါတယ်။ ကိုယ့်ရဲ့စွဲလမ်းမှုနောက်ကိုသာ လိုက်နေတတ်တာမို့ တိုးတက်မှာမဟုတ်ပါဘူး။ ဝင်လာသမျှငွေကိုလည်း အဲဒီ့စွဲလမ်းမှုနောက်ကိုပဲလိုက်ပြီး အသုံးချနေမှာပါ။

၅) ငွေကိုစနစ်တကျ မစီမံနိုင်ခြင်း
နောက်တစ်ခုကတော့ ဝင်လာသမျှငွေကို သေချာမစီမံမခန့်ခွဲနိုင်ခြင်းပါပဲ။ ရှိရင် ပေးစရာတွေကို သေချာစီစဥ်ပြီးပေးဖို့မစီမံတတ်ဘဲ မြင်ရာ၊ လိုချင်ရာကို ဝယ်ယူလိုက်ပြီးမှ နောင်တရနေတာမျိုးပေါ့။ အဓိကက စိတ်အလိုလိုက်တတ်သူမျိုးပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။