နာကျင်မှုတွေကနေ ရုန်းမထွက်နိုင်ရတဲ့အကြောင်းရင်းများ

လူတော်တော်များများက တစိမ့်စိမ့်ပြန်တွေးလိုက်နာကျင်လိုက်၊ အဲဒီ့နာကျင်မှုဖြစ်စေတဲ့လူ ဒါမှမဟုတ် အကြောင်းအရာတွေကနေလည်း ရုန်းမထွက်နိုင်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေက ဆေးကုလို့ပျောက်နိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကျတော့ ဆေးကုလို့ မပျောက်နိုင်ဘဲ တစ်သက်လုံးစာနာကျင်နေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့သူတွေကြောင့်သာ ကိုယ်ပိုပြီး နာကျင်ခံစားနေရတတ်ပါတယ်။ အဲဒီ့နာကျင်မှုတွေကနေ လွတ်မြောက်ဖို့က ကိုယ်တိုင်ကြိုးစားမှဖြစ်မှာပါ။ အဲဒါကြောင့် သင့်မှာ အောက်ပါအချက်တွေရှိနေသလားဆိုတာ သင်ပြန်လည်ဆန်းစစ်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။


၁) ပြုပြင်လာမည်ဟု မျှော်လင့်ချက်ထားနေခြင်း
နာကျင်မှုကို အမြဲတမ်း ပြန်ခံစားနေရတဲ့အကြောင်းရင်းက ကိုယ်ချစ်ရတဲ့သူက တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ ပြုပြင်တော့မှာပါဟု မျှော်လင့်ချက်ထားနေခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် ခွင့်လွှတ်ကြည့်လို့ မပြုပြင်တတ်သူကို မျှော်လင့်ချက်မထားခြင်းသာအကောင်းဆုံးပါပဲ။ ခွင့်လွှတ်လို့မပြုပြင်တဲ့သူမျိုးကို ပြုပြင်လာနိုးနဲ့ မျှော်လင့်နေမယ့်အစား စွန့်လွှတ်လိုက်တာအကောင်းဆုံးပါပဲ။

၂) အခါခါ အခွင့်အရေးပေးမိနေခြင်း
အထက်ကအချက်နဲ့တော့ ခပ်ဆင်ဆင်ပါပဲ။ ပြုပြင်လာနိုးနဲ့ အခါခါ ယုံကြည်လိုက် အခွင့်အရေးပေးလိုက်နဲ့ ထင်သလိုမဖြစ်လာတဲ့အခါ နာကျင်ရပြန်ပါတယ်။ တခါမျှော်လင့်ထားလိုက် ဖြစ်မလာလိုက်နဲ့ သင်တစ်ခါပြီးတစ်ခါ နာကျင်ရတာဖြစ်ပါတယ်။ အဲဒါကြောင့် အခွင့်အရေးကို အကန့်အသတ်နဲ့ပေးသင့်ပေးပါ။ အဆုံးစွန်ထိ မဖြစ်လာနိုင်တဲ့အခါ ထိုလူမျိုးကို စွန့်လွှတ်ခြင်းနဲ့ မေ့ပစ်ခြင်းကသာ သင့်နာကျင်မှုတွေကို ဖြတ်တောက်ပေးနိုင်တာဖြစ်ပါတယ်။

၃) စိတ်ပိုင်းဆိုင်ရာအားဖြင့်မှီခိုနေခြင်း
စိတ်ပိုင်းဆိုင်ရာအားဖြင့်မှီခိုနေခြင်းဆိုတာ ကိုယ့်အတွက် ဘယ်သူမှ မရှိနေဘူးဆိုတဲ့အတွေးမျိုးနဲ့ ဒီလူတစ်ယောက်မှ ကိုယ်နဲ့မပတ်သက်တော့ရင် ကိုယ့်ကိုဘယ်သူကမှ အဖက်လုပ်တော့မှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုးဖြစ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ သူမှမရှိရင်ဘယ်ဖြစ်မလဲ….ဆိုတဲ့အတွေးမျိုးနဲ့ ထိုလူကြောင့် နာကျင်ရတဲ့ခံစားမှုကို နာကျင်ရက်နဲ့ဖက်တွယ်ထားမိတာမျိုးပါ။ တကယ်တော့ အဲဒါက စိတ်ထဲက ထင်မြင်ယူဆချက်သာဖြစ်ပါတယ်။ တကယ်တမ်း ကိုယ့်ကို နာကျင်စေတဲ့လူကို လွှတ်ချလိုက်တဲ့အခါမှသာ ကိုယ့်ဘဝက ပိုပြီးပေါ့ပါးသွားမှာ ဖြစ်ပါတယ်။ ထိုလူမပါဘဲ လျှောက်လှမ်းမယ့် ကိုယ့်ဘဝကိုတော့ ကြိုတင်စီစဉ်ထားဖို့တော့လိုတာပေါ့။ ထိုလူမပါဘဲ ကိုယ့်ဘဝကို ရှေ့ဆက်လျှောက်လှမ်းလို့မဖြစ်ပါဘူးလို့ထင်မြင်နေတာကိုက စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိုလူကို မှီခိုနေတာပဲဖြစ်ပါတယ်။

၄) ရုပ်ပိုင်းဆိုင်ရာအားဖြင့်မှီခိုနေခြင်း
နောက်တစ်မျိုးကတော့ စားဝတ်နေရေးအရဖြစ်ဖြစ် ငွေကြေးအရဖြစ်ဖြစ်၊ ရုပ်ဝတ္ထုပစ္စည်းအရဖြစ်ဖြစ် ထိုလူကို မှီခိုနေရတယ်ဆိုတဲ့အတွေးမျိုးကြောင့်ပါ။ သူရှိမှ ငါ့အတွက်စားဝတ်နေရေးအဆင်ပြေမှာမို့သည်းခံနေတာဆိုတဲ့စိတ်နဲ့ ထိုလူကြောင့် နာကျင်ခံစားနေရသမျှကို ကြိတ်ခံနေတာမျိုးပေါ့။

၅) လွှတ်ချဖို့မဖြစ်နိုင်ဟုထင်နေခြင်း
ဒီအချက်ကလည်း အထက်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၂ချက်လုံးကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်ကိုက ထိုလူကြောင့် နာကျင်ခံစားနေရတာကို သိပေမယ့် ထိုလူကို ဘယ်လိုမှ မစွန့်လွှတ်နိုင်ဘူး၊ လွှတ်ချဖို့မဖြစ်နိုင်ဘူးလို့ ယတိပြတ်ထင်နေတဲ့စိတ်ကြောင့်ပါပဲ။ အဲဒါကြောင့် နာကျင်မှုကိုဆက်လက်ဆုပ်ကိုင်ထားသလိုဖြစ်နေတာပါ။ အဲဒီ့အတွက်ကြောင့်ပဲ နာကျင်မှုတွေဆီက ရုန်းမထွက်နိုင်သလို၊ နာကျင်မှုတွေကို လွှတ်မချနိုင်ပါဘူး။ မပြတ်နိုင်ပါဘူး။

တကယ်လို့များ သင့်ကိုနာကျင်စေတဲ့လူတစ်ယောက်ယောက်ထံကနေ သင်လွတ်မြောက်ချင်တယ်ဆိုရင် သင့်ကိုယ်သင်အားကိုးပါ။ အခြားသူကြောင့်နာကျင်နေမယ့်အစား သင်စိတ်ပါဝင်စားရာတစ်ခုခုကိုအာရုံစိုက်ပါ။ သင့်အရည်အချင်းတွေပိုပြီးတိုးတက်လာဖို့ကို အာရုံစိုက်ပါ။ သင့်စိတ်ကိုလည်း တည်ငြိမ်မှုရအောင် လုပ်ပါ။ ပြတ်သားခြင်းနဲ့စွန့်လွှတ်ခြင်းကသာ သင့်ရဲ့နာကျင်မှုတွေဆီက လွတ်မြောက်ရာလမ်းပဲဖြစ်ပါတယ်။
========================

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။