ဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ကိုဘယ်လိုပြင်မလဲ။

ကိုယ့်မှာ ဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ရှိပါသလား။ ရုတ်တရက် ထပြီး ဒေါသတကြီး တုံ့ပြန်မိတာမျိုးပေါ့။ ဒေါသတကြီးပေါက်ကွဲပြီးမှ သွေးအေးသွားတဲ့အခါ ပြန်တွေးပြီး ဘာလို့ဒီလိုမျိုးတုံ့ပြန်မိပါလိမ့်ဆိုပြီး ပြန်တွေးမိနေတတ်တာမျိုးဖြစ်နေတတ်သလား။ အဲဒီလိုဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။ များသောအားဖြင့်က ကိုယ့်ရဲ့စိတ်ကို ရုတ်တရက် မထိန်းလိုက်နိုင်ဘဲ စိတ်ကိုလွှတ်ပေးလိုက်သလိုဖြစ်တဲ့အခိုက်အတန့်မျိုးမှာ ဒေါသကပေါက်ကွဲသွားတာမျိုးပါ။ အဲဒါကြောင့် အဓိကက စိတ်ကို တည်ငြိမ်အောင် ထားဖို့လိုပါတယ်။


၁) ဒေါသထွက်စရာတစ်ခုခုဖြစ်ပေါ်တဲ့အခါ စိတ်ထဲကနေ နံပါတ်စဉ်တွေရွတ်ကြည့်ပါ။
ဒေါသထွက်စရာတစ်ခုခုဖြစ်ပေါ်တာမျိုး ကြုံလာတဲ့အခါ စိတ်ကိုသတိထားပြီး နံပါတ်စဉ် တစ်ကနေ စိတ်ငြိမ်သွားတဲ့အထိ ရွတ်ကြည့်လိုက်ပါ။ စိတ်မငြိမ်မချင်းပေါ့။ ကိုယ့်စိတ်ငြိမ်ပြီလို့ထင်တဲ့အခါမှသာ အဆိုးဘက်ကမဟုတ်ဘဲ အကောင်းဆုံးဖြစ်အောင်ဘယ်လိုတုံ့ပြန်မလဲလို့ စဉ်းစားပါ။

၂) ရေသောက်လိုက်ပါ။
ရုတ်တရက်ဒေါသဖြစ်စရာကြုံလာတာနဲ့ ဝုန်းဒိုင်းဆို စိတ်ထဲရှိရာပြောလိုက်တာထက် ရေသောက်လိုက်မယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ရေတစ်ခွက်လောက်သောက်လိုက်ပြီးတဲ့အခါ စိတ်အပြောင်းအလဲဖြစ်သွားသလို၊ စိတ်ထဲမှာ တင်းနေတာတွေလည်း အနည်းငယ်ပြေလျော့သွားပါလိမ့်မယ်။

၃) အလုပ်တွေပိုတိုးလုပ်ပါ။
နောက်ထပ်နည်းလမ်းတစ်ခုကတော့ အလုပ်တွေတစ်ခုပြီးတစ်ခုလုပ်တာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်နဲ့ အယူအဆမတူဘဲ အမြဲတစေ ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးပြီး ဒေါသထွက်စေတဲ့လူမျိုး ရှိနေရတယ်ဆိုရင် ဒီနည်းလမ်းက အင်မတန်ထိရောက်ပါတယ်။ အလုပ်တစ်ခုပြီးရင် နောက်တစ်ခုအဆင်သင့်လုပ်စရာရှိနေတာမျိုး၊ ကိုယ့်ဦးနှောက်ထဲမှာလည်း ဒီအလုပ်ပြီးရင် ဘာဆက်လုပ်မယ်၊ ဘာစီစဉ်ရမလဲဆိုတာမျိုးကို ကြိုတွေးထားတာက ဒေါသထွက်စရာဖြစ်လာတဲ့အခါ “ငါအလုပ်တွေလုပ်ရအုံးမယ်၊ အလုပ်မပြီးလို့မဖြစ်ဘူး” ဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးလိုက်ပါ။ အလုပ်တွေအရံသင့်ရှိနေတာကြောင့်လည်း ဒေါသထွက်လိုက်ရင်အချိန်ကုန်မယ်၊ အလုပ်မပြီးဘူးဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ်သတိထားလိုက်တဲ့အခါ ဒေါသနဲ့ပေါက်ကွဲမယ့်အစား အလုပ်ကိုသာဖိပြီးလုပ်မိစေပါတယ်။

၄) ရှောင်ထွက်သွားလိုက်ပါ။
ဒေါသထွက်စေတဲ့လူကို ရှောင်လို့ရရင် ရှောင်လိုက်ပါ။ ရုတ်တရက် ကိုယ်ဒေါသထွက်လာတဲ့အခါမှာ ထိုဒေါသထွက်စေတဲ့လူရဲ့ အဝေးကို ထွက်သွားလိုက်တာမျိုးပါ။ တည့်တည့်ရင်ဆိုင်နေရတဲ့အခါ ဒေါသအလျောက်မလုပ်သင့်တာ ၊ မပြောသင့်တာတွေလုပ်မိပြောမိမှာစိုးတာကြောင့် ရှောင်သွားလိုက်တာ ပိုကောင်းပါတယ်။ အိမ်ပြင်ထွက်ပြီး လေညင်းခံတာဖြစ်ဖြစ်၊ စိတ်ပြေလက်ပျောက်တခုခုလုပ်နေတာဖြစ်ဖြစ် ၊ ဂစ်တာတီးနေလိုက်တာဖြစ်ဖြစ် တခုခုပေါ့။ စိတ်အပြောင်းလဲဖြစ်သွားမှ ပြန်လာတာပိုကောင်းပါတယ်။

၅) ယုံကြည်ရာဘာသာရေးတစ်ခုခု ပုံမှန်လုပ်ပါ။
ရုတ်တရက်ဒေါသကြီးတတ်ခြင်း၊ ပေါက်ကွဲတတ်ခြင်းရဲ့အဓိက ပြဿနာက စိတ်ကိုမထိန်းနိုင်တာပါပဲ။ စိတ်မထိန်းနိုင်တာကြောင့် စိတ်ရှိတိုင်းပေါက်ကွဲမိတာပါ။ အဲဒါကြောင့် စိတ်ကိုအဓိက လေ့လာပြီး ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ရမှာပါ။ အထူးသဖြင့် စိတ်ကို ပြန်ပြီးဆန်းစစ်နိုင်တာကတော့ ကိုယ့်ရဲ့ယုံကြည်ရာဘာသာရေးတစ်ခုခုလုပ်တာမျိုးပါ။ ဗုဒ္ဓဘာသာဆိုရင် တရားထိုင်တာ တစ်နေ့ဘယ်အချိန်မှာဘယ်နှစ်နာရီထိုင်မယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်ဟာကိုယ်သတ်မှတ်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ဘုရားစာရွတ်ဖတ်တာ၊ ပုတီးစိတ်တာမျိုးတွေလုပ်သင့်ပါတယ်။ အဲလိုမဟုတ်ရင်လည်း ယောဂကျင့်တာမျိုးပေါ့။ စိတ်ကိုအဓိကတည်ငြိမ်သွားအောင်ကျင့်ယူရတဲ့လေ့ကျင့်ခန်းမျိုး၊ ကိုယ့်ရဲ့အာရုံစူးစိုက်မှုတွေကို စုစည်းပြီးလုပ်ရတဲ့ ဝါသနာပါရာတစ်ခုခုကို ပုံမှန်လုပ်သင့်ပါတယ်။ ချက်ချင်းတော့မရပါဘူး။ အချိန်မှန်မှန်နဲ့ အကျင့်ဖြစ်လာတဲ့အခါ စိတ်က တဖြည်းဖြည်းသိသာစွာတည်ငြိမ်လာတာကိုတွေ့ရပါတယ်။
ကိုယ့်က ဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ရှိတယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်တိုင်သိဖို့ကလည်း ကိုယ့်ဟာကိုယ်ဆန်းစစ်ဖို့လိုပါတယ်။ ကိုယ့်ဟာကိုယ်သိပြီး ကိုယ့်စိတ်ကိုကိုယ် သတိလေးနဲ့ထိန်းနိုင်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။