Child Abuse ဆိုတာ ဘာလဲ။

Child Abuse ဆိုတာက ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရ၊ လိင်ပိုင်းဆိုင်ရာအရ ထိခိုက်စေခြင်းဖြစ်ပါတယ်။ နာမကျန်းဖြစ်အောင်လုပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ လျစ်လျူရှုခြင်း ဒါမှမဟုတ် ကလေးငယ်တွေရဲ့လုံခြုံမှုကို ထိခိုက်စေခြင်းတို့လည်း ပါဝင်ပါတယ်။


စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း
စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းက ကလေးရဲ့စိတ်ခံစားချက်ကို ထိခိုက်အောင်လုပ်တာမျိုး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်စေတာမျိုး၊ လူမှုအသိုင်းအဝန်းမှာ အဆိုးမြင်စိတ်ဖြစ်သွားအောင် လုပ်တာမျိုးပါ။ ဘယ်လိုပုံစံမျိုးက အနိုင်ကျင့်တဲ့ပုံစံဖြစ်သလဲဆိုရင် အပြင်းအထန်ဝေဖန်ရှုံ့ချခြင်း၊ အပြစ်တင်ခြင်း၊ နှိမ်ခြင်း၊ လျစ်လျူရှုအဖက်မလုပ်ခြင်း၊ ဖယ်ကျဉ်ထားခြင်း၊ လှောင်ပြောင်ရယ်မောခြင်း၊ မခံချင်အောင် စနောက်ခြင်း၊ မရိုးသားခြင်းစတဲ့အမူအကျင့်မျိုးတွေပါဝင်ပါတယ်။
ထိုသို့ဆက်ဆံခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲဆိုရင် မိသားစု ဒါမှမဟုတ် ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ လူမှုဆက်ဆံရေးအဆင်မပြေတော့ခြင်း၊ တစ်ဦးတည်းသီးခြားဖြစ်လာခြင်းတွေဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းက ပုံစံအမျိုးမျိုးနဲ့ ကျွန်တော်ပတ်ဝန်းကျင်က ကလေးသူငယ်တွေထံမှာ ဖြစ်ပေါ်နေတတ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရခြင်းရဲ့ဆိုးကျိုးတွေက ချက်ချင်းမသိနိုင်သလို၊ မြင်လည်းမမြင်နိုင်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ကလေးက အရွယ်ရောက်လာမှသာ အခြားသူများအပေါ်ဆက်ဆံပုံ၊ အခြားသူများနဲ့ ပေါင်းသင်းဆက်ဆံရေး၊ အခြားသူများအပေါ် အနှောင့်အယှက်ပေးခြင်း စတဲ့ပုံစံတွေကနေမှတဆင့် တဖြေးဖြေးပေါ်လာနိုင်တာမျိုးဖြစ်ပါတယ်။

လျစ်လျူရှုထားခြင်း
လျစ်လျူရှုထားခြင်းက အပြုအမူပုံစံတစ်မျိုးဖြစ်ပါတယ်။ အချိန်ကာလတစ်ခုအတွင်းဖြစ်ပေါ်နေတာမျိုးဖြစ်ပေမယ့် ရလဒ်ကတော့ ကလေးရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေအပေါ်ကော ကလေးရဲ့ဖွံ့ဖြိုးမှုအပေါ်ကော သက်ရောက်မှုရှိပါတယ်။ တကယ်တော့ အဲဒါက ကလေးရဲ့အခြေံလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်တာပါပဲ။ အဲဒါသည်လည်း child abuse နဲ့ အကျုံးဝင်ပါတယ်။ ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာဂရုစိုက်မှုအနေနဲ့ “သားဒီနေ့ဘာတွေလုပ်သလဲ” “ကျောင်းမှာ ဘာတွေသင်ရသလဲ” “သူငယ်ချင်းနဲ့အဆင်ပြေရဲ့လား” “ကျောင်းမှာအဆင်ပြေလား” ဆိုတာမျိုးတွေနဲ့ ကလေးကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း
ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းမှာတော့ ကလေးကို ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်း၊ နာကျင်အောင်လုပ်ခြင်း စတဲ့အချက်တွေပါဝင်ပါတယ်။ မိသားစုထဲမှာဖြစ်ဖြစ် ပတ်ဝန်းကျင်ကဖြစ်ဖြစ် ကလေးကို အလွန်အကျွံ့နာကျင်စေအောင်ပြုမူခြင်း၊ ကလေးအရွယ်နဲ့မသင့်တော်အောင် နာကျင်စေခြင်း စတဲ့အရာတွေအကျုံးဝင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းက တစ်ခါတည်းနဲ့ ပြီးသွားနိုင်သလို၊ တစ်ချို့တွေကျတော့ နှစ်ရှည်လာများ အနိုင်ကျင့်ခံနေရခြင်းမျိုးလည်း ရှိပါတယ်။ ကလေးကို ထိခိုက်နာကျင်အောင်လုပ်ခြင်းမှာ အသေးဆုံး ရိုက်နှက်ပြီးနာကျင်စေခြင်းကနေ အကြီးဆုံး အရိုးတွေကျိုးလောက်အောင်နာကျင်စေခြင်း၊ နောက်ဆုံးသေဆုံးစေသည်အထိ နှိပ်စက်ခြင်းတို့ ပါဝင်ပါတယ်။

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်း
လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်ခြင်းမှာ အပြုအမူအားဖြင့်၊ အမူအကျင့်အားဖြင် ကလေးသူငယ်၊ အရွယ်ရောက်ပြီးသူ၊ အသက်အရွယ်ကြီးသူ ဒါမှမဟုတ် ပိုပြီး ကလေးအပေါ်အာဏာသက်ရောက်မှုရှိသူမျိုးက ကလေးကို လိင်ပိုင်းဆိုင်ရာအတွက် အသုံးချခြင်းဖြစ်ပါတယ်။
ထိုအထဲမှာ တခါမှ မသိဖူးသေးတဲ့ လူစိမ်းလည်း ပါဝင်နေနိုင်ပါတယ်။ အများအားဖြင့်တော့ ကလေးက အမြဲလိုမြင်တွေ့နေပြီး၊ ကလေးနဲ့ခင်မင်နေသူ၊ ကလေးကယုံကြည်နေသူမျိုးလည်း ပါဝင်နေတတ်ပါတယ်။
အနိုင်ကျင့်တဲ့အမူအကျင့်တွေထဲမှာ ကလေးရဲ့ရင်သားကို ကိုင်တွယ်ခြင်း၊ ကလေးကို လိင်ပိုင်းဆိုင်ရာရည်ရွယ်ချက်ဖြင့် ကလေးရဲ့မလျော်ကန်သောနေရာများကို စမ်းသပ်ကိုင်တွယ်ခြင်း၊ ကိုယ်ထိလက်ရောက်လိင်ပိုင်းဆိုင်ရာအရ ပြုမူခြင်း၊ ကလေးကို လိင်ပိုင်းဆိုင်ရာဗီဒီယိုဖိုင်များ ပြသခြင်း၊ ဓာတ်ပုံများပြသခြင်း စတဲ့အပြင် အခြားလိင်နဲ့ပတ်သက်တဲ့အပြုအမူပေါင်းများစွာ ပါဝင်ပါတယ်။
http://www.childmatters.org.nz/42/learn-about-child-abuse/what-is-child-abuse လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။