ဘဝမှာဆောင်ရမယ့် “မ” ၅လုံး

သင့်ဘဝမှာ မမေ့မလျော့ဆောင်ထားသင့်တဲ့ “မ” ၅လုံးရှိပါတယ်။ အဲဒါကတော့ မမုန်းပါနဲ့။ မလိမ်ညာပါနဲ့။ သစ္စာမဖောက်ပါနဲ့။ လက်မလျှော့ပါနဲ့။ အမြင့်ဆုံးမှန်းပါ။ ဆိုတဲ့ “မ”တွေပါပဲ။ အဲဒီ့ “မ”တွေ ကို မှတ်သားထားခြင်းက သင့်ဘဝကို ပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်မယ့်အပြင် သင်မှန်းထားတဲ့အရာတွေကိုလည်း သင်ရယူနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။


၁) မမုန်းပါနဲ့
မမုန်းပါနဲ့ဆိုတာက သင့်ရဲ့စိတ်ထဲမှာ လူတစ်ယောက်ကို မုန်းတီးမှုကြောင့် လေးပင်နေတာတွေမဖြစ်စေဖို့ ဆောင်ထားသင့်တဲ့ “မ” တစ်လုံးပါပဲ။ လူတစ်ယောက်ကို မုန်းတီးနေခြင်းဟာ သင့်အတွက် ဘဝမှာ အမြဲ ပူလောင်လေးကန်နေရပါလိမ့်မယ်။ သင်မုန်းတီးပြီး အမြဲရန်လိုနေတဲ့လူတစ်ယောက်ကို သင်မြင်နေတိုင်း သင်ပဲအရင်ပူလောင်နေရမှာပါ။ ထိုလူကတော့ မေ့ချင်မေ့သွားပေမယ့် သင်ကသူ့ကိုမုန်းတီးနေတဲ့အတွက်ကို သင်ပဲ ပူလောင်နေရမှာဖြစ်ပါတယ်။ အဲဒါကြောင့် လူတစ်ယောက်ကို မမုန်းပါနဲ့။ မေ့ပစ်သင့်တာမေ့လိုက်ပါ။ လွှတ်ချသင့်တာလွှတ်ချလိုက်ပါ။ အဲဒါက သင့်ဘဝကို ပေါ့ပါးစေပါတယ်။

၂) မလိမ်ညာပါနဲ့
နောက်တစ်ခုကတော့ မလိမ်ညာဖို့ပါပဲ။ သေးသေးလေးကအစ လိမ်ညာခြင်းဟာ သင့်ကို လူအထင်သေးစေသလို၊ မယုံကြည်တော့ပါဘူး။ နောက်ထပ် ဘာမှမဟုတ်တဲ့အရာလေးတွေကစပြီး ကြီးမားတဲ့ကိစ္စတွေမှာတောင် လိမ်ညာနေမှာပဲ ဆိုတဲ့စိတ်က သင့်အပေါ်ယုံကြည်မှု့ကို ဖျက်ဆီးလိုက်မှာပဲဖြစ်ပါတယ်။ အဲဒီ့အတွက် လိမ်ညာလိုက်တဲ့အသေးအဖွဲလေးကနေ သင့်အပေါ် အမြဲ သံသယနဲ့ ဆက်ဆံတာကို ခံနေရမှာပဲဖြစ်ပါတယ်။ အဲဒါက သင့်ရဲ့တစ်သက်တာလုံးကို “သူလိမ်နေကျပဲ၊ အခုကိစ္စမှာလည်း လိမ်မှာပဲ” ဆိုတဲ့ မျက်မှန်အမည်းကြီးနဲ့သာ မြင်သွားပါလိမ့်မယ်။ အဲဒီလို အထင်မခံချင်ရင်၊ သံသယနဲ့ဆက်ဆံတာ မခံချင်ရင် ဘယ်တော့မှ အသေးအဖွဲလေးက အစ မလိမ်ညာပါနဲ့။

၃) သစ္စာမဖောက်ပါနဲ့
ဒါလည်းအတူတူပါပဲ။ သစ္စာဖောက်ဖူးတဲ့လူတစ်ယောက်ကိုလည်း ဘယ်တော့ထပ်ပြီး သစ္စာဖောက်မလဲဆိုတဲ့ မျက်လုံးနဲ့သာ ကြည့်ကြပါလိမ့်မယ်။ တစ်ခါမှားဖူးတဲ့အရိပ်မည်းဟာ သင့်ကို တစ်သက်လုံးလွှမ်းမိုးနေမှာပါ။ အဲဒါကြောင့် ကိုယ့်ကျင့်တရားနဲ့ပတ်သက်တဲ့ကိစ္စမှာ လုံးဝကို သစ္စာမဖောက်သင့်ပါဘူး။

၄) လက်မလျှော့ပါနဲ့
ဒါကတော့ သင့်ဘဝနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ပတ်သက်ရင် လွယ်လွယ်ကူကူလက်မလျှော့ဖို့ပြောချင်တာပါ။ အခက်အခဲဆိုတာတော့ ထုံးစံပဲမို့ ကြုံရမှာပါပဲ။ ပြဿနာပေါင်းသောင်းခြောက်ထောင်ဆိုတာလည်း ကြုံရမှာပါပဲ။ ရည်မှန်းချက်ဆိုတာလည်း လွယ်လွယ်နဲ့ဖြစ်လာတယ်ဆိုတာ ဘယ်တုန်းကမှ မရှိပါဘူး။ အဲဒါကြောင့် ဘယ်အရာမှာမဆို ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုတဲ့စကားလို ကိုယ်လုပ်မယ်လို့ရည်ရွယ်ထားတဲ့ ကိစ္စတွေကို လွယ်လွယ်လက်မလျှော့ဘဲ ကျားကုတ်ကျားခဲကြိုးစားပါလို့ ပြောချင်တာပါ။ ဒီ “မ” တစ်လုံးကတော့ ဘဝမှာ ဒုက္ခသုတ်ခတွေကြုံရတိုင်း သတိလိုက်ပါနော်။

၅) အမြင့်ဆုံးမှန်းပါ။
ဒီ “မ” ကတော့ အမြင့်ဆုံးမှန်းခြင်းက သင်ရည်ရွယ်ရာကို ပိုပြီး ရောက်နိုင်ဖို့ တွန်းအားဖြစ်စေပါတယ်။ အမြင့်ဆုံးမှန်းထားတဲ့အတွက်ကို အမြင့်ဆုံးရောက်ဖို့ ပိုပြီး အားစိုက်ရပါလိမ့်မယ်။ အဲဒီ့အခါ ကိုယ်တတ်နိုင်တာထက်ကို ပိုပြီး အစွမ်းကုန်ကြိုးစားကြမှာဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ဆုံး ကိုယ်ရည်မှန်းထားတာ အလုံးစုံမဖြစ်နိုင်ရင်တောင် ခရီးတစ်ဝက်တော့ ရောက်မှာပါပဲ။ အဲဒီ့ “မ” ကိုဆောင်တဲ့အတွက်တော့ နစ်နာစရာမရှိပါဘူးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။