သင့်အလုပ်ခွင်မှာ ပိုပြီးအဆင်ပြေစေဖို့လိုအပ်တဲ့ Soft Skills (၁၀)မျိုး

အလုပ်ခွင်မှာ ပရော်ဖက်ရှင်နယ်ဆန်ဆန်အောင်မြင်ဖို့လျှို့ဝှက်ချက်ကဘာလဲ။ အလုပ်ခွင်အတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာ skills တွေအစုံသင်ယူထားပေမယ့်လည်း Soft skills တွေလည်းလိုအပ်နေပါသေးတယ်။ IQ ကောင်းတဲ့လူထက် EQ ကောင်းတဲ့သူဟာ အလုပ်ခွင်မှာပိုအောင်မြင်တယ်လို့ ယူဆလာကြပါပြီ။ အဓိကအားဖြင့် Soft skills ကောင်းခြင်းဟာ သင့်ရဲ့အလုပ်ခွင်ကလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ပါပဲ (relationship skills) ။ hard skills တွေက သင့်ကိုအလုပ်ရအောင်ကူညီပေးနိုင်ပြီးတော့ Soft skills ကတော့ သင့်ကိုအလုပ်တည်မြဲစေတာဖြစ်ပါတယ်။ အဲဒါကြောင့် ဘာတွေလိုအပ်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ဆက်ဆံမှုစွမ်းရည်
အလုပ်ခွင်မှာတစ်ယောက်နဲ့တစ်ယောက်ကောင်းမွန်စွာဆက်ဆံတတ်ခြင်းဟာ သင့်အတွက်လိုအပ်တဲ့စွမ်းရည်ပါပဲ။ သေချာနားထောင်မယ်၊ အဓိပါ္ပယ်သေချာနားလည်ပြီး သင့်ကိုယ်သင့်သေချာဖော်ပြနိုင်မယ်၊ သင်ပြောချင်တာကိုလည်း ကောင်းမွန်စွာပြောပြတတ်မယ်၊ တဖက်လူကိုထိခိုက်မှုမရှိ၊ စိတ်ဝင်စားအောင်ပြောဆိုတတ်မယ်၊စတဲ့အချက်တွေက တကယ်လိုအပ်ပါတယ်။ မဟုတ်ရင် စကားကိုကန့်လန်ဘုကျကျပြောဆိုတတ်တဲ့လူမျိုးနဲ့ နားဝင်ပီသအောင် စကားမဆိုတတ်တဲ့လူမျိုးက အလုပ်ခွင်မှာအဆင်မပြေနိုင်ပါဘူး။

၂) အလိုက်သင့်ရှိခြင်း
ဘယ်လိုစီးပွားရေးမျိုးမှာမဆို အလိုက်သင့်လေးပြောင်းလဲနိုင်ဖို့လိုပါတယ်။ အခြေအနေတိုင်းမှာ အလိုက်သင့်ပြောင်းလဲနိုင်တဲ့လူမျိုးက
အလုပ်ခွင်မှာပိုအဆင်ပြေစေပါတယ်။ အတွေးသစ်တွေ၊ စီစဉ်ထားတဲ့အစီအစဉ်ကနေ ရုတ်တရက်ပြောင်းလဲသွားတဲ့အခါမျိုးမှာ အလိုက်သင့်အဆင်ပြေအောင် ပြောင်းလဲတတ်မယ့်သူမျိုးပေါ့။

၃) အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ခြင်း
အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါမှာ အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ဖို့လည်းလိုပါတယ်၊ အပြန်အလှန်ကူညီတာ၊ ငဲ့ညှာတာ၊ ထောက်ပြတာမျိုးတွေရှိမှ အဖွဲ့အစည်းကအောင်မြင်နိုင်မှာပါ။ ရည်မှန်းချက်တွေကိုလည်း ထိမိအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ဖို့လည်းလိုပါတယ်။

၄) အကောင်းမြင်စိတ်ရှိခြင်း
လုပ်ငန်းခွင်မှာ အခက်အခဲကြုံတာဖြစ်ဖြစ်၊ အဆိုးတွေဖြစ်လာတာဖြစ်ဖြစ် ရင်ဆိုင်ကျော်လွှားနိုင်ဖို့က အကောင်းမြင်စိတ်ရှိဖို့လိုပါတယ်။ အဲဒီ့လိုမဟုတ်ရင်တော့ အခက်အခဲနည်းနည်းကြုံနဲ့ ရှေ့မဆက်ချင်၊ အားလျှော့အရှုံးပေးချင်တဲ့စိတ်နဲ့ဆို ဘယ်လုပ်ငန်းမှ အဆင်ပြေမှာမဟုတ်ပါဘူး။

၅) အလုပ်နဲ့ပတ်သက်တဲ့ ကျင့်ဝတ်ကိုနားလည်ခြင်း
အလုပ်ခွင်မှာ ဖြစ်တတ်တဲ့အမှားတွေကို အခြားသူအပေါ်လွှဲချခြင်း၊ လှောင်ပြောင်ခြင်း၊
မကူညီခြင်း၊ အလုပ်ခွင်မှာ စိန်ခေါ်မှုတွေရှိမယ်ဆိုတာကိုနားလည်ခြင်း၊ ကျော်ဖြတ်နိုင်ဖို့ကြိုးစားခြင်း၊ အလုပ်ခွင်မှာမခွဲခြားခြင်း စတာတွေကိုနားလည်ပြီးလိုက်နာသင့်ပါတယ်။

၆) လူရှေ့စကားပြောဆိုရဲခြင်း
လိုအပ်တဲ့အခါ လူရှေ့မှာ ပြောဆိုပြဖို့စွမ်းရည်လည်းလိုအပ်ပါတယ်။ အလုပ်ခွင်မှာလည်း အများနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက် ပြောတတ်ဆိုတတ်ဖို့လိုအပ်ပါတယ်။

၇) သမာသမတ်ကျခြင်း
သင်လုပ်နိုင်တယ်လို့ပြောထားတဲ့ကိစ္စကို တကယ်လုပ်နိုင်ခြင်း၊ အမှားတွေကိုတာဝန်ယူနိုင်ခြင်း ၊ မှန်ကန်ခြင်း၊ အပြစ်ကိုလွှဲမချခြင်း၊ ခေါင်းမရှောင်ခြင်း၊ ဘက်မလိုက်ခြင်း စတာတွေလည်းလိုပါတယ်။

၈) အချိန်ကိုစီမံခန့်ခွဲနိုင်ခြင်း
အချိန်ကိုစီမံခန့်ခွဲနိုင်ဖို့ကလည်း ခုခေတ်မှာပိုအရေးကြီးလာပါပြီ။ အလုပ်တာဝန်တွေကများပြားလာပေမယ့် အချိန်ကိုသေချာစီမံခန့်ခွဲနိုင်ပြီး ဘာလုပ်သင့်တယ်၊ ဘယ်အချိန်မှာဘာအရေးကြီးတယ်ဆိုတာ နားလည်ထားခြင်းက သင့်အတွက် ပေါ့ပါးစွာနဲ့အလုပ်တာဝန်ကိုထမ်းဆောင်နိုင်စေမှာဖြစ်ပါတယ်။

၉) အပြုအမူကောင်းတွေရှိခြင်း
အလုပ်ခွင်မှာ လူအများနဲ့မို့ အပြုအမူကောင်းတွေရှိဖို့လည်းအရေးကြီးပါတယ်။ အတင်းပြောခြင်း၊ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း၊ စောင်းမြောင်းခြင်းစတဲ့အကျင့်ဆိုးတွေနဲ့တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်နေရင် ထိုအလုပ်ခွင်က စိတ်ညစ်စရာဖြစ်လာမှာပါ။ အဲဒါကြောင့်အပြုအမူကောင်းတွေရှိဖို့လည်းလိုအပ်ပါတယ်။

၁၀) တီထွင်ဖန်တီးတွေးတောနိုင်စွမ်းရှိခြင်း
တီထွင်ဖန်တီးနိုင်စွမ်းဟာ အသစ်တွေကိုဖန်တီးနိုင်ပြီး သူများနဲ့မတူတဲ့အတွေးအမြင်တွေကြောင့် ဒီနေ့ခေတ်မှာပိုပြီးလိုအပ်လာပါပြီ။ ပြဿနာကိုဖြေရှင်းနိုင်ဖို့၊ အကန့်သတ်ဘောင်တွေရဲ့အပြင်ကနေတွေးခေါ်နိုင်ခြင်းကလည်း အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့လိုအပ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။