ဘဝမှာနားလည်ထားရမယ့် ကျင့်ဝတ် ၆ ခု

ဘဝမှာ ရှင်သန်လာရင်းနဲ့ သိလာရမယ့် အချက်တွေအများကြီးရှိပါတယ်။ အဲဒီ့ထဲကမှ မလုပ်မိခင်ကြိုတင်နားလည်ထားရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အဲဒီ့ကျင့်ဝတ်တွေကို နားလည်ထားတဲ့အခါ သင့်ဘဝအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေလုပ်နိုင်လာမှာပါ။


၁) ဆုမတောင်းခင် ယုံကြည်ချက်ရှိပါ။
ပြောချင်တာက ကိုယ်လုပ်မယ့်အရာတစ်ခုကို အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်ချက်မရှိဘဲ ဆုတောင်းနေလို့မရဘူးလို့ပြောချင်တာပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတဲ့လူတစ်ယောက်က ဆုတောင်းနေစရာကိုမလိုတော့ပါဘူး။ အဲဒါကြောင့် ဆုမတောင်းခင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။

၂) မပြောခင် နားထောင်ကြည့်ပါ။
တဖက်လူရဲ့စကားကို အပြည့်အဝနားမထောင်ရသေးခင်၊ နားမလည်ခင်မှာ ကိုယ်ထင်မြင်ယူဆချက်နဲ့တင် ဘယ်လိုပြန်ပြောလိုက်ရင်ကောင်းမလဲလို့တွေးတတ်ကြပါတယ်။ စကားလွန်တတ်ပြီး စကားကျွံ့ရင်နုတ်မရပါဘဲဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကိုယ်မပြောခင် တဖက်သားရဲ့စကားကိုဆုံးအောင်သေချာနားထောင်ပြီးမှ ကောက်ချက်ချပါ။ပြောပါ။

၃) မဖြုန်းခင် စုပါ။
ပိုက်ဆံကို မလိုအပ်ဘဲ ဝယ်မိတာမျိုးကို ဖြုန်းတယ်လို့အကြမ်းဖြင်းသတ်မှတ်ကြတာဖြစ်ပါတယ်။ တကယ်လိုအပ်ပြီးမဖြစ်မနေဝယ်ဖို့လိုတာမျိုးမှ သုံးတာလို့ဆိုလိုပြီး အဲဒီလို တကယ်လည်းမလိုအပ်သေးဘဲ ထပ်ခါထပ်ခါဝယ်တာမျိုးကိုတော့ ဖြုန်းတီးတယ်လို့သတ်မှတ်ကြပါတယ်။ အဲဒီလိုမဖြုန်းမိခင် ငွေကိုစုဖို့ဖယ်ထားပါလို့ပြောချင်တာဖြစ်ပါတယ်။

၄) မရေးခင် တွေးပါ။
တခုခုအတွက် ရေးတော့မယ်ဆိုရင် ဒီနေ့ခေတ်မှာဆိုရင်တော့ ဖေ့ဘုတ်ပေါ်ရေးတာမျိုးတွေပေါ့၊ မရေးခင်မှာ ကိုယ်ထင်နေတဲ့ဖြစ်ရပ်က တကယ်ဖြစ်နိုင်ရဲ့လား၊ တကယ်ဖြစ်နိုင်ချေရှိရဲ့လား၊ တွေးတောသုံးသပ်ပြီးမှ ရေးဖို့ဆိုလိုချင်တာပါ။

၅) အဆုံးမသတ်ခင် ကြိုးစားကြည့်ပါ။
လက်လျှော့တော့မယ်၊ အရှုံးပေးတော့မယ်လို့ တွေးနေပြီဆိုရင် အဆုံးမသတ်ခင် နောက်ဆုံးတစ်ခေါက်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်လိုက်မယ်လို့တွေးပြီး ကြိုးစားကြည့်ပါ။ ထိုနောက်ဆုံးအခေါက်နဲ့တင် သင်ကြိုးစားသမျှက အရာထင်လာနိုင်တယ်မဟုတ်ပါလား။ အဲဒါကြောင့် ဘာမှမတွေးဘဲ အရှုံးပေးတော့မယ်လို့မတွေးခင် နောက်ဆုံးအကြိမ်ကြိုးစားကြည့်လိုက်ပါနော်။

၆) မသေဆုံးခင် ရှင်သန်ပါ။
တနည်းအားဖြင့် သေဆုံးချိန်မတိုင်ခင်မှာ အကောင်းဆုံးအဓိပ္ပါယ်ရှိတဲ့ဘဝဖြစ်အောင် ကြိုးစားရှင်သန်ဖို့ပြောချင်တာပါ။ အသက်အသေဆုံးခင်ကတော့ လူတိုင်းရှင်သန်နေတာချည်းပါပဲ။ ဒါပေမယ့် တကယ်အဓိပါ္ပယ်ရှိရှိ ရှင်သန်ခြင်းဆိုတာက ကိုယ့်ရည်မှန်းချက်အတွက်ကြိုးစားရှင်သန်နေတာမျိုုး၊ ကိုယ့်ပန်းတိုင်ကိုရောက်အောင် လျှောက်လှမ်းနေတာမျိုး၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အကောင်းဆုံးအကျိုးပြုနေတာမျိုး စသဖြင့် လူဖြစ်ရကျိုးနပ်အောင် ရှင်သန်တာကိုပြောချင်တာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။