အခြားသူများကို စိတ်ထင်တိုင်းဖွင့်မပြောသင့်တဲ့အရာများ

ပွင့်လင်းတယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ပွင့်လင်းသင့်တဲ့အရာရှိသလို၊ မပွင့်လင်းသင့်တဲ့အရာဆိုတာ ရှိပါတယ်။ တခါတလေမှာ ကိုယ်က စိတ်ထဲရှင်းစွာနဲ့ အားလုံးဖွင့်ပြောပြလိုက်တဲ့သူက ကိုယ့်လိုစိတ်ထဲခပ်ရှင်းရှင်းထားတတ်တဲ့မဟုတ်ဘဲ အခြားသူများကို အထင်သေးရှုံှု့ချတတ်တဲ့သူမျိုးဖြစ်နေတတ်ပါတယ်။ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ဗီဇကို ကျွန်တော်တို့ ကကြီးကနေအအထိမသိနိုင်ဘူးမဟုတ်လား။ အဲဒီလိုပါပဲ….လူတိုင်းကို ကျွန်တော်တို့စိတ်လိုမျိုး တစ်ထပ်တည်းတူနေနိုင်ပါတယ်လို့ ဘယ်လိုမှတရားသေတွက်ထားလို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် တဖက်လူကို ကိုယ့်စိတ်ထဲကရှိတိုင်းဖွင့်မပြောသင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။


၁) သင့်ရဲ့လစာ (သို့) ဝင်ငွေ
ကျွန်တော်တို့ရဲ့ တစ်လစာ ဝင်ငွေဟာ ကျွန်တော်တို့အတွက် အဆပေါင်းများစွာ ပိုလျှံချင်ပိုလျှံမယ် ဒါမှမဟုတ် အခြားသူများအတွက် ပမာဏအများကြီးဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် ကျွန်တော်တို့အတွက်ကျပြန်တော့ မလုံလောက်တဲ့ပမာဏဖြစ်ချင်လည်းဖြစ်နေနိုင်ပါတယ်။ အားလုံးဟာ သူ့ဟာနဲ့သူတော့ ခက်ခဲနေတတ်ကြတာချည်းပါပဲ။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ကိုယ့်ရဲ့လစာဝင်ငွေကို အမှန်အတိုင်းမပြောပြသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်ကတော့ သင့်စိတ်ရင်းအမှန်နဲ့လစာအမှန်အတိုင်းကို ပြောပြလိုက်ပေမယ့် သင့်အိမ်ရဲ့အသုံးစရိတ်အသေးစိတ်ကို သင့်ပတ်ဝန်းကျင်ကလူတွေက သေချာသိတာမဟုတ်ပါဘူး။ သင်ပြောလိုက်တဲ့သင့်ဝင်ငွေကိုသာ သူတို့က မှတ်ထားကြမှာဖြစ်ပါတယ်။ အကယ်၍များ သင့်ဝင်ငွေက သူတို့ထက်များနေတယ်လို့ထင်တဲ့အခါ သင့်ဝင်ငွေနဲ့သင်ပိုလျှံနေတယ်လို့ပဲသတ်မှတ်ကြပြီး သင်အဆင်ပြေပြေမပြေပြေနားမလည်ဘဲ သင့်ကိုသာ အပူကပ်ပြီးအကူအညီတောင်းကြမှာဖြစ်ပါတယ်။ သင်ကအဆင်ပြေနေရက်နဲ့ သူတို့ကို မကူညီဘူးရယ်လို့ အပြစ်တင်တာမျိုးလည်း ခံရနိုင်ပါသေးတယ်။ တကယ်လို့များ သင့်ဝင်ငွေက သူတို့ဝင်ငွေထက်နိမ့်ကျနေတယ်လို့ထင်ပြန်ရင်လည်း သင့်ကိုနှိမ်သလို၊ အထင်သေးသလိုအပြုအမူမျိုးကိုလည်းသင်ခံနိုင်ပါသေးတယ်။ သင့်ပတ်ဝန်းကျင်ကလူတိုင်းက ထိုကဲ့သို့စိတ်ထားမျိုးရှိတယ်လို့မယူဆနိုင်ပေမယ့် များသောအားဖြင့်ကတော့ မကောင်းသောအကျိုးဆက်သာဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင့်ဝင်ငွေသင့်လက်ထဲဘယ်လောက်ပိုလျှံသည်ဖြစ်စေ၊ ဘယ်လောက်နည်းပါးသည်ဖြစ်စေ အတိအကျမပြောပြတာအကောင်းဆုံးပါပဲ။

၂) အခြားသူတစ်ယောက်ရဲ့လျှို့ဝှက်ချက်တစ်ခုခု
နောက်တစ်ခုကတော့ ကိုယ်သိထားတဲ့အခြားသူတစ်ယောက်ရဲ့လျှို့ဝှက်တစ်ခုခုကို နောက်ထပ်အခြားသူတွေကို ဖွင့်မပြောသင့်ပါဘူး။ သင့်ကိုယုံကြည်လို့ ရင်ဖွင့်ထားတဲ့ကိစ္စတစ်ခုကို သင်ကအခြားသူတစ်ယောက်ကို နှုတ်လွယ်စွာဖွင့်မပြောသင့်ပါဘူး။ သင်ကနှုတ်လုံပြီးစိတ်ချရတယ်လို့ယုံကြည်လို့သာ သင့်ကို ရင်ဖွင့်ခဲ့တာဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ကိုယုံကြည်စွာရင်ဖွင့်ထားတဲ့လူရဲ့အကြောင်းကို အခြားလူတစ်ယောက်ကို ထပ်ပြီး နှုတ်မဖွာသင့်ပါဘူး။ အဲဒါက စောင့်ထိန်းသင့်တဲ့အရာတစ်ခုသာဖြစ်ပါတယ်။

၃) သင့်ရဲ့မိသားစုကိစ္စပြဿနာများ
ကိုယ့်ရဲ့နာကျင်မှုတွေ၊ ခံစားရမှုတွေကို ကိုယ်တကယ်ယုံကြည်ရသူတစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် သင်ခံစားရသက်သာသွားမှာအမှန်ပါပဲ။ ဒါပေမယ့် ပြဿနာဖြစ်တိုင်း လူတိုင်းကိုရင်ဖွင့်နေမယ်ဆိုရင်တော့ လူတိုင်းက သင့်ကို ဖြစ်နေကျပြဿနာတစ်ခုလိုသတ်မှတ်ပြီး ဘယ်သူကမှ အလေးအနက်ထားတော့မှာမဟုတ်ပါဘူး။ အထူးသဖြင့် ရန်ဖြစ်နေတုန်းတော့ သူမကောင်းကိုယ်မကောင်းဒေါသတကြီးပြောဆိုရင်ဖွင့်ပြီး တကယ်တမ်းသွေးအေးလို့ ပြန်အဆင်ပြေချိန်မှာတော့ ထိုစကားတွေသာအဖတ်တင်တတ်ပါတယ်။ အမှန်တော့ မိသားစုအိမ်တွင်းရေးပြဿနာဆိုတာက မိသားစုချင်းပြေလည်အောင်အဖြေရှာဆွေးနွေးရမှာဖြစ်ပါတယ်။ အခြားသူများကို ရင်ဖွင့်ရုံနဲ့ပြဿနာက ပြေလည်မှာမဟုတ်သလို၊ တခုခုဆို social media ပေါ်မှာ ရေးသားခြင်းကလည်း ကိုယ့်ကိုကိုယ်အရှက်ခွဲနေသလိုသာဖြစ်စေပါတယ်။ ကိုယ့်ရဲ့မိသားစုအိမ်တွင်းရေးပြဿနာကိုလည်း အင်မတန်ကိုဆုံးဖြတ်ရခက်နေတဲ့အခြေအနေမျိုးနဲ့ကြုံမှသာ ယုံကြည်ရတဲ့သူမျိုးကို ရင်ဖွင့်အကူအညီတောင်းသင့်ပါတယ်။

၄) သင့်ပိုင်ဆိုင်မှု
သင့်မှာဘယ်လောက်ပဲပိုင်ဆိုင်မှုနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သင့်ပိုင်ဆိုင်မှုကို အခြားသူများကိုမပြောပြသင့်ပါဘူး။ သင်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူက သင့်ကိုလိုတဲ့သူဖြစ်နိုင်သလို၊ မလိုတဲ့သူလည်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ပိုင်ဆိုင်မှုဒါမှမဟုတ် သင့်ရဲ့ဘဏ်အကောင့်ထဲကရှိတဲ့ငွေကိုဖြစ်စေ ဘာကိုမှမပြောပြသင့်ပါဘူး။ အထူးသဖြင့် ငွေပမာဏဘယ်လောက် သင့်ဘဏ်အကောင့်ထဲရှိနေတယ်ဆိုတာကို သင်ကလွဲရင်ဘယ်သူမှမသိသင့်ပါဘူး။ ကိုယ့်အတွက် ရှေ့ရေး၊ နောင်ရေး အနာဂတ်မှာ ခုလက်ရှိအခြေအနေအတိုင်းတည်မြဲနေမှာလို့ တရားသေမပြောနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့ပိုင်ဆိုင်မှုတစ်စုံတစ်ရာရှိအောင်စုဆောင်းထားသင့်ပြီးထိုပိုင်ဆိုင်မှုကို သက်ဆိုင်တဲ့သူကလွဲပြီး ဘယ်သူ့ကိုမှ နှုတ်ဖွာစွာမပြောပြသင့်ပါဘူး။

၅) အနာဂတ်အတွက်ရည်မှန်းချက်များ
အနာဂတ်အတွက် ဘာလုပ်မယ်ဆိုတာကို သင့်စိတ်ထဲမှာသာ ရည်မှန်းပြီး ကြိုးစားလုပ်ဆောင်တာပိုကောင်းပါတယ်။ အနာဂတ်ဆိုတာက မဖြစ်လာသေးတဲ့အရာမို့ သင်ကဖြစ်ချင်စိတ်ရှိပေမယ့် ကြိုးစားနေပေမယ့် အပြည့်အဝဖြစ်လာချင်မှလည်း ဖြစ်လာနိုင်မှာပါ။ သင်ကကြိုတင်ရည်မှန်းထားတာကို အခြားသူတစ်ယောက်ကိုပြောလိုက်တဲ့အခါ အကယ်၍ သင့်ပတ်ဝန်းကျင်မှာ အခွင့်အရေးယူတတ်တဲ့သူမျိုးရှိနေမယ်ဆိုရင် ထိုလူမျိုးက သူ့အခွင့်အရေးအတွက် သင့်ရဲ့အနာဂတ် အစီအစဉ်ကို ခဏလောက်ဆိုင်းထားပြီး သူတို့အတွက် အကူအညီတောင်းတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဥပမာ။ သင်က အနာဂတ်မှာ ကားတစ်စီလောက်ဝယ်ဖို့ ငွေစုနေတယ်လို့ သင့်သူငယ်ချင်းကိုပြောမိတယ်ဆိုပါစို့။ သင်က ငွေကိုကြိုးစားရှာပြီးစုနေတုန်းအချိန်မှာ သင့်သူငယ်ချင်းက ငွေလိုတဲ့အခြေအနေမျိုးနဲ့ကြုံလာခဲ့ရင် သင့်ထံမှာငွေစုထားကြောင်းသိနေတာမို့ သင့်ငွေကို လာရောက်ချေးငှားယူနိုင်ပါတယ်။ သင်နိုင်သလောက်ပဲကူညီလိုက်မယ်ဆိုရင်တောင် အခွင့်အရေးယူတတ်တဲ့လူမျိုးက သင့်လက်ထဲငွေတွေအများကြီးရှိနေရက်နဲ့ မကူညီရကောင်းလားဆိုပြီး သင့်ကိုတောင်ပြန်စိတ်ခုသွားနိုင်ပါတယ်။

အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ သင်ပေါင်းသင်းဆက်ဆံနေတဲ့လူတွေရဲ့ အတွင်းစိတ်ကိုသင်အကုန်မသိနိုင်တာကြောင့် သင့်ရဲ့အနာဂတ်အတွက်ရည်မှန်းချက်ကို သင်ကတော့ပွင့်လင်းစွာရင်ဖွင့်လိုက်တာဖြစ်ပေမယ့် သင့်အနားမှာရှိနေသူက စိတ်ထားမမှန်ကန်သူဖြစ်နေခဲ့ရင် သင့်ရည်မှန်းချက်တွေပါ ပျက်စီးနိုင်ပါတယ်။
အထက်ကဖော်ပြထားတဲ့အချက်တွေက သင့်စိတ်ထဲမှာသာ ထားပြီး သင်ကိုယ်တိုင်ဖြေရှင်းသင့်တဲ့ပြဿနာတွေနဲ့ သင့်ဟာသင်အကောင်းဆုံးရည်မှန်းပြီးတော့သာ ကြိုးစားသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။ မဖြစ်လာသေးတဲ့ရည်မှန်းချက်တွေကိုလည်း ဖွင့်မပြောသင့်သလို ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ကိုယ့်ရဲ့ပုံမှန်ဝင်ငွေစတာတွေကိုလည်း မပြောသင့်ပါဘူး။ အဲဒါအပြင် အခြားတစ်ယောက်က ကိုယ့်ကိုယုံကြည်လို့ရင်ဖွင့်လာတဲ့ကိစ္စမျိုးကိုလည်း အခြားသူတစ်ယောက်ကို နှုတ်ဖွာစွာမပြောသင့်ပါဘူးလို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။