ဘဝမှာ သင်လက်မလွှတ်သင့်တဲ့လူများ

သင့်ဘဝမှာ သင်ဘယ်တော့မှ လက်မလွှတ်သင့်တဲ့လူတွေရှိပါတယ်။ တကယ်လို့များ ဒီဆောင်းပါးမှာဖော်ပြထားတဲ့လူတွေကို သင့်ဘဝမှာ ကြုံတွေ့ခဲ့ရမယ်ဆိုရင် သူတို့လက်ကို သင်တင်းတင်းသာဆုပ်ကိုင်ထားပါ။ သူတို့က သင့်ဘဝတစ်လျှောက်လုံးမှာ သင့်အတွက်ဘေးနားကနေ သင့်ကောင်းကျိုးကိုသာ လိုလားမယ့်သူတွေပဲဖြစ်ပါတယ်။


၁) သင်ဒုက္ခရောက်ချိန် ကူညီဖေးမသူ
သင်ဒုက္ခရောက်ချိန်၊ တကယ်ကြပ်တည်းနေချိန်မှာ သင့်ကို ကူညီပေးတတ်တဲ့လူက သင်တကယ်လက်မလွှတ်သင့်တဲ့လူပါ။ သင့်ရဲ့အခက်အခဲကို ကိုယ်ချင်းစာပြီး ကူညီဖေးမသူဖြစ်တာမို့ တချိန်ချိန်မှာလည်း သူ့ကိုတဖန်သင်ပြန်ကူညီဖို့အခွင့်အရေးရခဲ့ရင် ပြန်ကူညီနိုင်သလို၊ သင့်အတွက် မိတ်ဆွေကောင်းအဖြစ်နဲ့သင့်ပတ်ဝန်းကျင်မှာ ရှိနေသင့်တဲ့လူမျိုးဖြစ်ပါတယ်။

၂) သင့်ကိုအစွမ်းကုန်ယုံကြည်ပေးတဲ့သူ
သင့်ကိုအမြဲတမ်း လုပ်နိုင်တယ်၊ စွမ်းအင်အပြည့်နဲ့ ရည်မှန်းချက်ကိုပုံဖော်နိုင်တယ်၊ ဖြစ်လာအောင်ကြိုးစားနိုင်တယ်လို့ အမြဲတမ်းယုံကြည်ပေးတဲ့လူဟာ သင့်ကို စိတ်ဓာတ်ခွန်အားပေးတတ်တဲ့လူမျိုးပါပဲ။ အဲဒီလိုလူမျိုးဟာ သင့်ကို အမြဲ အားဖြစ်စေပြီး သင့်ကိုယုံကြည်ပေးတဲ့လူဖြစ်တာကြောင့် သူ့ရဲ့ယုံကြည်မှုကိုလည်း အလွဲသုံးစားမလုပ်သင့်ပါဘူး။ အဲဒီလို သင်ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်ယုံကြည်ပေးတဲ့သူက သင့်အနားမှာရှိနေရင် သင်အမြဲ ကျရှုံးမှုတွေကနေ ပြန်ထနိုင်ဖို့ ခွန်အားဖြစ်ရမယ့်သူမို့ လက်မလွှတ်သင့်ပါဘူး။

၃) သင့်အပေါ်ကတိတည်သူ
သင့်အပေါ် ပေးရင်ပေးထားတဲ့ကတိတည်တတ်သူဟာ သင့်ဘဝအတွက် စိတ်ချယုံကြည်ရတဲ့သူမျိုးပါ။ သင့်ကိုစိတ်ထဲကနေ လေးနက်စွာအသိအမှတ်ပြုသူ။ သူပြောသမျှ စကားကိုလည်း တာဝန်ယူနိုင်သူဖြစ်တာကြောင့် သူ့ကြောင့်တော့ သင်ဒုက္ခမရောက်နိုင်သလို ပြဿနာလည်း မကြုံနိုင်ပါဘူး။ အဲဒါကြောင့်အဲဒီလိုလူမျိုးကိုလည်း သင်လက်မလွှတ်သင့်ပါဘူး။

၄) သင်ဒုက္ခတွေကို မျှဝေခံစားသူ
သင့်ရဲ့အခက်အခဲကို မျှဝေပြီး ခံစားတတ်တဲ့သူမျိုးက သင့်နာကျင်မှုတွေကို သက်သာစေတဲ့သူပါပဲ။ သင့်ကို အပြည့်အဝနားလည်တဲ့သူပေါ့။ အဲဒါကြောင့် ဘဝမှာဘယ်လိုနာကျင်စရာတွေကြုံပါစေ။ သင့်စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ထိုလူမျိုးကို သင်ရင်ဖွင့်နိုင်သလို သင့်ကိုလည်း နားလည်ပြီး နှစ်သိမ့်မယ့်သူပါ။

၅) သင့်တန်ဖိုးကို အသိအမှတ်ပြုတတ်သူ
ဒါက သင့်ကိုတန်ဖိုးထားတတ်တဲ့လူမျိုးကိုပြောချင်တာပါ။ သင့်ရဲ့တန်ဖိုးကို သိတတ်တဲ့သူဖြစ်တဲ့အတွက် သင့်ရဲ့တန်ဖိုးပိုပြီး တောက်ပလာဖို့ အစွမ်းကုန်ကူညီနိုင်တဲ့လူမျိုးလည်းဖြစ်လာနိုင်ပါတယ်။ သင့်ကိုတန်ဖိုးထားတဲ့လူအနားမှာ နေခြင်းက သင့်အတွက် ပိုပြီး ယုံကြည်မှုတိုးလာစေနိုင်သလို၊ သင့်ကိုလည်း သူက အသိအမှတ်ပြုတန်ဖိုးထားတာကြောင့် သင့်ဖြစ်တည်မှုဟာ ပိုလေးနက်တယ်လို့ ခံစားရစေပါတယ်။ သင့်ကိုတန်ဖိုးမထားသူနဲ့နေပါများလာရင်တော့ သင်ဟာ သင့်ကိုယ်သင်တောင်ပျောက်ဆုံးလာသလိုခံစားရမယ့်အပြင် နောက်ဆုံး ကိုယ့်တန်ဖိုးဟာဘာမှန်းတောင်မသိတော့လောက်အောင် လမ်းပျောက်လာတတ်ပါတယ်။ အဲဒါကြောင့် သင့်တန်ဖိုးကိုသိပြီး သင့်ကိုတန်ဖိုးထားအသိအမှတ်ပြုသူကို သင့်ဘဝတစ်လျှောက်လုံးမှာ လက်မလွှတ်မိပါစေနဲ့။

၆) သင့်အတွက် ပေးဆပ်မှုပြုသူ
သင့်အတွက်ဆိုရင် သူ့ရဲ့တစ်ခုခုကို ပေးဆပ်နိုင်တဲ့သူမျိုးပါ။ ဥပမာ။ သင်ကြိုက်တတ်တဲ့စားစရာတစ်ခုခုကိုတောင် သင့်အတွက်နဲ့ သူက အငတ်ခံပေးလိုက်တာမျိုးကအစ သင့်ဘဝတစ်ခုလုံးအတွက် သူ့ဘဝတစ်ခုလုံးကိုတောင် မေ့ထားပစ်တတ်တဲ့လူမျိုးက သင့်အတွက် အကောင်းဆုံးလူပါပဲ။ အဲဒီလိုလူမျိုးကို သင်ပိုင်ဆိုင်ထားတာပဲဖြစ်ဖြစ် သင့်အနားမှာရှိနေရင်ပဲဖြစ်ဖြစ် သင်တန်ဖိုးထားပါ။ ဘယ်တော့မှလက်မလွှတ်လိုက်ပါနဲ့။ သင့်ဘဝအတွက် တကယ့်အဖော်မွန်ကောင်းပဲဖြစ်ပါတယ်။
အထက်က ဖော်ပြထားတဲ့လူ ၆မျိုးဟာ ဘဝမှာတွေ့ဆုံရဖို့လည်း ခက်ခဲတတ်ပါတယ်။ တကယ်လို့များ ကြုံလာခဲ့ရင်လည်း သင့်ဘဝတစ်ခုအတွက် အကောင်းဆုံးမိတ်ဆွေစစ်၊ အကောင်းဆုံးအဖော်မွန်ဖြစ်မှာပါ။ အဲဒါကြောင့် အဲဒီလိုလူမျိုးနဲ့ကြုံလာခဲ့ရင် အစစ်အမှန်ဖြစ်တာမို့ တန်ဖိုးထားပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။