ဘဝမှာ သင် အာရုံစိုက်စရာမလိုသောအရာများ

ဘဝမှာ အခြားသူတွေရဲ့အမြင်တိုင်းကို လိုက်ခံစားနေလို့ မဖြစ်နိုင်ပါဘူး။ အရာရာတိုင်းကိုသာ လိုက်ခံစားနေရင် အခြားသူရဲ့အမြင်တွေ၊ အပြုအမူတွေ၊ အပြောအဆိုတွေနဲ့တင် အခြားလူတွေရဲ့သတ်မှတ်ချက်အောက်မှာတင်နေထိုင်ရသလိုဖြစ်နေမှပါ။ ဘယ်လိုမှ ကိုယ့်အတွေးအမြင်နဲ့ရှင်သန်ရမှာမဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားမှာဖြစ်သလို၊ ကိုယ့်ရဲ့လုပ်စရာရှိတဲ့ကိစ္စတွေကိုမလုပ်နိုင်ဘဲ အချိန်အလကားကုန်ဆုံးသွားရပါလိမ့်မယ်။ အဲဒါကြောင့် သင့်ဘဝမှာ အာရုံစိုက်စရာမလိုသောအရာတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုဂရုမစိုက်တတ်တဲ့သူတွေ
ကိုယ့်ကို လုံးဝဂရုမစိုက်သလို နေတတ်တဲ့လူတွေကို လိုက်ကြည့်ပြီး “သူတို့က ငါ့ကိုဘာကြောင့်ဂရုမစိုက်တာလဲ” လို့တွေးနေမယ့် အစား အဲဒီ့အချိန်မှာ လုပ်စရာရှိတာကို ထိထိရောက်ရောက်လုပ်လိုက်တာက သင့်အတွက် ပိုအကျိုးရှိပါတယ်။ သူတို့ကတောင် သင့်ကိုဂရုမစိုက်တာကို သင်က ဂရုစိုက်နေခြင်းက အချိန်ကုန်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ကို ဂရုမစိုက်တဲ့လူတွေကို သင်ကလည်း သတိတရ ဂရုစိုက်မနေပါနဲ့တော့။

၂) အခြားလူတွေရဲ့အမြင်တွေ
နောက်တစ်ခုကတော့ သင်နဲ့ပတ်သက်ပြီး အခြားလူတွေရဲ့အမြင်တွေကို ဂရုမစိုက်သင့်ပါဘူး။ သင်ကိုယ်တိုင်ကမှန်နေတာသေချာရင်ပေါ့။ လူရဲ့သဘောကိုက ကိုယ်တိုင်မှန်တာလုပ်နေရင် ရဲဝင့်ပါတယ်။ ယုံကြည်မှုလည်းတိုးနေတာကြောင့် သိပ်ဂရုမစိုက်တတ်ပါဘူး။ မှားနေတယ်ဆိုရင်လည်း ယ့်ကိုယ်ကိုယ်လိပ်ပြာမလုံဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ်ကတကယ်မှန်နေတယ်၊ ကိုယ့်ကိုယ်ကိုယ်တကယ်ယုံကြည်မှုလည်းရှိနေတယ်ဆိုရင် အခြားလူတွေရဲ့အမြင်ပေါင်းစုံကို ဂရုမစိုက်သင့်ပါဘူး။ လူချင်းမတူတဲ့အတွက် အမြင်ချင်းလည်းမတူနိုင်ပါဘူး၊ အတွေးချင်းလည်းမတူနိုင်လို့ သင့်အပေါ်မြင်တဲ့အမြင်ကလည်း လူတစ်ယောက်အမြင်တစ်မျိုးဖြစ်နေမှာပါပဲ။ အဲဒီ့အမြင်ပေါင်းစုံကိုသာ လိုက်ခံစားနေမယ်ဆိုရင် သင့်ကိုယ်သင်တောင် ဘာလုပ်ရမယ်မှန်းသိမှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် သင့်အကြောင်းကို သေချာမသိတဲ့ အခြားသူရဲ့အမြင်တွေ¬ကို အာရုံမထားပါနဲ့။

၃) အဆိုးမြင်စိတ်နဲ့ဝေဖန်တတ်သူတွေ
နောက်တစ်ခုက အပျက်သဘောနဲ့ဝေဖန်သူတွေရဲ့စကားပါ။ အပြုသဘောနဲ့ဝေဖန်ခြင်းကို လက်ခံပြီး ပြုပြင်မယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေလည်း ပြုပြင်ဖြစ်သလို ကိုယ့်ဘဝလည်း တိုးတက်လာပါလိမ့်မယ်။ ဒါပေမယ့် အပျက်သဘောနဲ့ဝေဖန်သူတွေရဲ့စကားကို နားယောင်ခြင်းကတော့ သင့်ရဲ့စိတ်ဓာတ်တက်ကြွမှုတွေကို အောက်ဆုံးရောက်အောင် ဆွဲချမှာသေချာပါတယ်။ သင်စိတ်ဓာတ်ကျလာမယ်၊ အားငယ်လာမယ်၊ သိမ်ငယ်လာမယ်၊ ဝမ်းနည်းလာမယ်ဆိုတဲ့ခံစားချက်ပေါင်းစုံဖြစ်လာအောင် သင့်ကိုတိုက်ခိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် အဆိုးမြင်စိတ်နဲ့ဝေဖန်တတ်သူတွေကို လုံးဝဂရုမစိုက်လိုက်ပါနဲ့။

၄) အတိတ်ကဖြစ်ရပ်တွေ
အတိတ်က ဘာဖြစ်ခဲ့တယ်ဆိုတာတွေကလည်း အမြဲတမ်း ဂရုစိုက်နေလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသစ်ပြန်ပြီး ပြုပြင်လို့လည်းမရ၊ အသစ်ပြန်ပြီး ဖန်တီးလို့လည်းမရတော့တာကြောင့်ပါ။ အဲဒါကြောင့် ကိုယ်လိုချင်သလို ပြန်လည်ပြုပြင်နိုင်တဲ့၊ ပြန်လည်ဖန်တီးနိုင်တဲ့အရာကိုသာ အာရုံစိုက်သင့်တာပါ။ အတိတ်က ဖြစ်ရပ်ကို ဂရုမစိုက်တော့ဘဲ အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးမဖြစ်စေရဘူးလို့ ကိုယ့်ကိုယ်ကိုယ်ဆုံးမပြီး အကောင်းဆုံးနေထိုင်ဖို့ အာရုံစိုက်သင့်တာပါ။

၅) ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ ထပ်တူမကျတဲ့သူတွေ
လူအမျိုးမျိုး စိတ်အထွေထွေမို့ စိတ်ဓာတ်ချင်းမတူနိုင်တာက အမှန်တရားပါ။ ဒါပေမယ့် လူရယ်လို့ဖြစ်လာရင် ပတ်ဝန်းကျင်အသိုင်းအဝန်းနဲ့မို့ စိတ်ဓာတ်ချင်းညှိနိုင်မှ၊ တန်ဖိုးထားမှုချင်း တူဖို့လည်း လိုပါသေးတယ်။ ကိုယ်နဲ့တန်ဖိုးထားမှုခြင်းမတူတဲ့လူတွေရဲ့ အတွေးတွေ၊ အမြင်တွေက ကိုယ်နဲ့လုံးဝမတူနိုင်သလို ညှိလို့လည်းရနိုင်မှာမဟုတ်ပါဘူး။ တကယ်လို့များ အဲဒီလိုလူတွေက သင့်ကို သူတို့အမြင်တွေနဲ့ သတ်မှတ်လာခဲ့ရင် လုံးဝဂရုစိုက်ဖို့မလိုပါဘူး။

၆) ငွေကိုဘုရားသခင်လိုကိုးကွယ်တဲ့သူတွေ
ငွေမှ ငွေ ၊ ငွေကိုသာ တန်ဖိုးထားပြီး အခြားလူတွေရဲ့လူသားဆန်မှုကို လုံးဝမငဲ့ညှာတတ်တဲ့လူတွေက သင့်ရဲ့အခြားသောတန်ဖိုးရှိတဲ့ ရိုးသားခြင်း၊ မှန်ကန်ခြင်း၊ ကြိုးစားခြင်း၊ ကိုယ်ကျင့်တရားစတာတွေကို လုံး၀ တန်ဖိုးထားမယ့်သူတွေမဟုတ်ပါဘူး။ အဲဒါကြောင့် ငွေကို ဘုရားသခင်လို ကိုးကွယ်တတ်သူတွေဟာ သင့်ကိုသာ ပြန်ပြီး အသုံးချသွားမယ့်လူတွေပဲဖြစ်ပါတယ်။ အဲဒီ့လိုလူတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ဘောင်ခတ်ထားတဲ့အမြင်တွေကို ဂရုမစိုက်သင့်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။