ငွေတွေအများကြီးရှာပေးတိုင်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်နိုင်ပါသလား။

ငွေက စားဝတ်နေရေးအတွက်အများကြီး အရေးပါပါတယ်။ အဲဒါနဲ့အလားတူပဲ မေတ္တာတရားဟာလည်း လူသားဖြစ်တည်မှုနဲ့ မတူတဲ့လူနှစ်ယောက် နှစ်‌ပေါင်းများစွာ အတူလက်တွဲရှင်သန်ဖို့ရာအတွက် အရေးကြီးပြန်တာပါပဲ။ အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါ ငွေနဲ့ မေတ္တာတရားဟာ ချိန်ခွင်လျှာလို ညီမျှနေမှဖြစ်ပါလိမ့်မယ်။


ဘာဖြစ်လို့လဲဆိုရင် အိမ်ထောင်တစ်ခုတည်ထောင်တဲ့အခါ နေစရာအိမ်လိုလာပါမယ်၊ စားစရာအတွက်ငွေလိုလာပါမယ်၊ ဝတ်စရာအဝတ်အထည်လိုလာပါမယ်၊ ဒါတွေအားလုံးကို ငွေရှိမှသာ ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် ငွေလိုကိုလိုပါတယ်။ အလားတူပါပဲ၊ ငွေတွေအပြည့်ရှိနေပြီး ချစ်ခြင်းမေတ္တာမပြည့်ဝတဲ့အခါကျပြန်တော့လည်း တစ်ယောက်အမှား၊ တစ်ယောက်အားနည်းချက်၊ တစ်ယောက်အပြစ်ကို နားလည်ခွင့်လွှတ်သည်းခံဖို့ ရေရှည်မဖြစ်နိုင်ပြန်ပါဘူး။ အဲဒါကြောင့် အိမ်ထောင်တစ်ခုမှာ ငွေနဲ့မေတ္တာတရားဟာ မျှတစွာ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။
များသောအားဖြင့် အိမ်ရှင်မဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာ ငွေကို ကိုင်ပြီး မိသားစုအတွက် စီမံရတဲ့အခါ ငွေမပြည့်စုံတဲ့အခါ အိမ်ရှင်မတွေက ပိုပြီး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကာ ခေါင်းကိုက်တတ်ကြပါတယ်။ အဲဒါကြောင့်ကိုပဲ ငွေပိုမက်သလိုထင်တတ်ကြတာပါ။ အလားတူပါပဲ၊ အိမ်ထောင်ဦးစီး ယောကျ်ားတစ်ယောက်ဘက်ကနေကြည့်ပြန်တော့လည်း အိမ်ရှင်မကို ငွေအလုံအလောက်မရှာဖွေပေးနိုင်ခြင်းဟာ ခေါင်းကိုက်စရာဖြစ်နေတတ်ပြန်ပါတယ်။ အဲဒီ့လိုပဲ အိမ်ထောင်ဦးစီး‌ယောကျ်ားတစ်ယောက်က ငွေတွေအလုံအလောက်ရှာဖွေပေးပြီး ချစ်ခြင်းမေတ္တာအပြည့်မပေးနိုင်ပြန်ရင်လည်း အိမ်ထောင်တစ်ခုဟာ နားလည်မှုနဲ့ချစ်ခြင်းမေတ္တာမရှိတော့တာကြောင့် အဆင်မပြေနိုင်ပြန်ပါဘူး။

အဲဒီ့အတွက် အိမ်ထောင်ဦးစီးတစ်ယောက်က အိမ်ရှင်မအတွက် ငွေတွေအများကြီးရှာပြီး သားသမီးနဲ့ဇနီးမယားကို ချစ်ခြင်းမေတ္တာမပေးတတ်ပြန်ရင် အိမ်ထောင်ဦးစီးကောင်းမပီသပြန်ပါဘူး။ အိမ်ရှင်မအနေနဲ့လည်း အိမ်ထောင်ဦးစီးရှာသမျှကို အဆင်ပြေအောင် စီမံတတ်ဖို့လိုသလို အိမ်ထောင်တစ်ခုလုံးက လူတွေကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုစုစောင့်ရှောက်ဖို့လိုအပ်ပြန်ပါတယ်။ ပတ်ဝန်းကျင်မှာ သာယာတဲ့အိမ်ထောင်ရေးအချို့ကို လေ့လာမိသလောက် အိမ်ထောင်တစ်ခုမှာ အမျိုးသားရော၊ အမျိုးသမီးပါ အလုပ်အတူလုပ်ကြပြီး ဝင်ငွေအတူရှာဖွေကြသလိုပဲ အမျိုးသားဖြစ်သူ အိမ်ထောင်ဦးစီးကလည်း အိမ်ရှင်မရဲ့ အိမ်မှုကိစ္စအဝဝကိုပါ ဝိုင်းကူညီပေးတတ်ကြတာကို တွေ့ရပါတယ်။ တချို့အမျိုးသားတွေဆိုရင် ရုံးပိတ်ရက်မှာ ပင်ပန်းကြီးစွာချက်ပြုတ်မယ့်အမျိုးသမီးအတွက် ဆွဲခြင်းတောင်းဆွဲ စျေးသွားပေးတတ်ကြပါသေးတယ်။

အိမ်ရှင်မ မီးဖိုချောင်ဝင်ချက်ပြုတ်နေချိန်မျိုးမှာလည်း ကလေးကူထိန်းပေးနေတတ်ကြပါသေးတယ်။ ပြောင်းလဲလာတဲ့လူနေမှုအဆင့်အတန်းကို အမီလိုက်ဖို့အတွက် ဝင်ငွေပိုတိုးဖို့ရာ အိမ်ထောင်တစ်ခုမှာ နှစ်ယောက်စလုံး ဝင်ငွေအတူရှာဖွေကြတယ်ဆိုရင် အိမ်မှုကိစ္စတွေနဲ့ သားသမီးအရေးကိစ္စတွေကိုလည်း နှစ်ယောက်အတူ မျှတစွာ တာဝန်ယူကြရတာပါပဲ။ ဒါမှသာ သာယာပြီးပျော်စရာကောင်းတဲ့အိမ်ထောင်ရေးဖြစ်နိုင်မှာပါ။ အောင်မြင်နေကြတဲ့မိသားစုတွေကို ကြည့်လိုက်ရင်လည်း အဲဒီလို တာဝန်မျှဝေယူကြတဲ့မိသားစုတွေချည်းဖြစ်နေတာကို အံ့အားသင့်စွာတွေ့ရပါလိမ့်မယ်။

မသာယာတဲ့အိမ်ထောင်ရေးတွေကို ကြည့်လိုက်ရင်လည်း ငွေကြေးချို့တဲ့ရင်ချို့တဲ့နေတတ်ပြီး ငွေကြေးအလုံအလောက်ရှိနေပြန်တော့ မေတ္တာတရားချို့တဲ့နေတာကို တွေ့ရပါလိမ့်မယ်။ နာမည်ကြီးဆယ်လီတစ်ယောက်ရဲ့မိဘတွေ မင်္ဂလာနှစ်ပတ်လည် ၃၀ပြည့် ဗီဒီယိုတစ်ခုကို မကြာသေးခင်က ကြည့်လိုက်မိပါတယ်။ (အတော်များများလည်း ကြည့်ဖြစ်ကြမယ်ထင်ပါတယ်) အဲဒီ့ဗီဒီယိုထဲမှာ ပြောသွားတဲ့စကားအရ လက်ထပ်ချိန်မှာ ဘာမှမပိုင်ဆိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အခုလိုပြီးပြည့်စုံအောင်နေနိုင်ဖို့တော့ အတူကြိုးစားခဲ့ကြတာ ကြည်နူးစရာပါပဲ။ အဓိကက ချစ်ခြင်းမေတ္တာနဲ့ရွေးချယ်လက်ထပ်ခဲ့ကြတယ်။ အဲဒီ့နောက်မှာတော့ ချစ်ခြင်းမေတ္တာကိုအခြေခံပြီး ငွေကြေးပြီးပြည့်စုံဖို့ အတူအားတင်းကြိုးစားကြတယ်။ ပြောချင်တာက ဒီသဘောတရားပါ။ ချစ်ခြင်းမေတ္တာနဲ့အစပြုခဲ့ပြီးပြီ ချစ်ခြင်းမေတ္တာအပြည့်အဝပေးထားပြီပြီမို့ ငွေမလိုအပ်ဘူးလို့ မဟုတ်သလို၊ ငွေတွေအများကြီး ရှာပေးထားတယ် ဒါပေမယ့် ချစ်ခြင်းမေတ္တာတော့မပါဘူးလို့လည်း သာယာတဲ့မိသားစုမဖြစ်နိုင်သေးပါဘူး။
အိမ်ထောင်တစ်ခုမှာ ချစ်ခြင်းနဲ့အစပြုပေမယ့် ငွေကြေးပြည့်စုံဖို့ကို အတူကြိုးစားရမှာပါပဲ၊ အလားတူပါပဲ။ အိမ်ထောင်တစ်ခုတည်မြဲဖို့ကိုလည်း ချစ်ခြင်းမေတ္တာနဲ့အတူ ထိန်းသိမ်းရမှာပါပဲ။ အဲဒီ့အတွက် အိမ်ထောင်တစ်ခုမှာ ငွေတွေအများကြီးရှာပေးရုံနဲ့လည်း မလုံလောက်သလို၊ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့လည်း မလုံလောက်ပြန်ပါဘူး။ ငွေကြေးနဲ့ချစ်ခြင်းမေတ္တာ မျှတပြီး ချိန်ခွင်လျှာလို ညီမျှနေပါမှ သာယာပျော်ရွှင်ပြီး တည်မြဲတဲ့အိမ်ထောင်ရေးဖြစ်နိုင်မှာပါလို့ ခံစားမိသလောက်ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။