ဘဝမှာ ကိုယ်တိုင်ရွေးချယ်ခွင့်မရှိသောအရာများ

ကျွန်တော်တို့တွေ လူသားအဖြစ်မွေးဖွားလာတဲ့အခါမှာ ကိုယ်တိုင်မရွေးချယ်နိုင်ဘဲ ဖြစ်လာရတဲ့အခြေအနေတချို့ရှိပါတယ်။ အဲဒီ့အခြေအနေတွေက ကျွန်တော်တို့မှမဟုတ်ဘဲ အခြားဘယ်သူကမှလည်း တရားသေမှတ်ထားလို့ မရဘဲ ၊ ကိုယ်အတွက်ကောင်းခြင်းအဖြာဖြာဖြစ်လာအောင်ဆိုပြီး မရွေးချယ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒီ့လို မရွေးချယ်နိုင်တဲ့အခြေအနေတွေကို သိရှိပြီး ကိုယ်ပြုပြင်နိုင်တာ၊ ကိုယ်ရွေးချယ်နိုင်တာကို ပြန်ပြီးအားစိုက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အကောင်းဆုံးကိုမရွေးချယ်နိုင်ခဲ့ဘူးဆိုရင်တောင် အကောင်းဆုံးဖြစ်လာအောင် အားထုတ်ကြိုးစားလို့တော့ရနိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်။


၁) မိဘ
ဘယ်လိုမိဘမျိုးထံမှာမှ သားသမီးအဖြစ်မွေးဖွားမယ်လို့ ရွေးချယ်ခွင့် ဘယ်သူ့မှာမှမရှိပါဘူး။ ကျွန်တော်တို့မရွေးချယ်နိုင်တဲ့အခြေအနေမျိုးပါပဲ။ မိဘက ဆိုးလို့၊ မိဘက အသိဉာဏ်ပညာနဲ့မပြည့်ဝခဲ့လို့ ၊ မိဘက ငွေကြေးချို့တဲ့လို့၊ မိဘမဲ့ဖြစ်နေတာမို့ စတဲ့အကြောင်းတရားတွေက ကျွန်တော်တို့ပယောဂကြောင့်ဖြစ်လာတာမဟုတ်ပါဘူး။ အဲဒါအပြင် အဲဒီ့အကြောင်းတရားတွေကြောင့်ပဲ ကျွန်တော်တို့ရဲ့ဖြတ်တည်မှုကို အဆိုးဝါးဆုံးဖြစ်အောင် မဖြစ်ဖို့လည်း ကျွန်တော်တို့ကိုယ်တိုင်ပဲအဖတ်ဆယ်ရမှာဖြစ်ပါတယ်။
၂) ကံကြမ္ပာဆိုးတွေ
ဘယ်သူမှ ကံကြမ္ပာဆိုးတွေကို မလိုချင်ပါဘူး။ ဘယ်သူကမှလည်း မရွေးချယ်ချင်ပါဘူး။ ဒါပေမယ့် လူတိုင်းလိုလို ကြုံရတတ်ပါတယ်။ အဲဒါကြောင့် ကံကြမ္ပာဆိုးတွေကြုံရတဲ့အခါမှာလည်း ကိုယ့်မှကံဆိုးတယ်လို့တွေးပြီးစိတ်ဓာတ်မကျပါနဲ့။ ကံကြမ္ပာဆိုးကနေသာ ဘယ်လိုလွတ်အောင်ရုန်းမလဲ၊ ကြိုးစားမလဲဆိုတာကို တွေးပြီး ရုန်းထွက်နိုင်အောင်ကြိုးစားပါ။ ကံကြမ္ပာဆိုးတွေကိုမရှောင်နိုင်ပေမယ့် ကံကြမ္ပာကောင်းဖြစ်လာအောင်တော့ ကျွန်တော်တို့ကြိုးစားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၃) ဘဝအနိမ့်အမြင့်
ဘဝက အမြဲတမ်းအနိမ့်အမြင့်နဲ့ပါ၊ ခုနေ ရှင်ဘုရင်နေရာရောက်နေပေမယ့် နောင်တစ်ချိန် သူဆင်းရဲနေရာရောက်နိုင်ပါသေးတယ်။ အမြဲတမ်းတည်မြဲတဲ့အခြေအနေဆိုတာမရှိနိုင်ပါဘူး။ အဲဒါကြောင့် အရင်က ဘယ်လိုရွှေထီးဆောင်းခဲ့ပါစေ၊ ပြန်မတမ်းတနေပါနဲ့။ အရင်က ဘယ်လောက်စုတ်ပြတ်သတ်ခဲ့ပါစေ၊ ပြန်ပြီးနာကျင်မနေပါနဲ့။ အချိန်အလကားကုန်ပါတယ်။ နိမ့်နေရင် မြင့်လာအောင်ကြိုးစားပါ။ မြင့်နေရင်လည်း နိမ့်ကျသွားတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ကြိုတင်ပြင်ဆင်ထားပါ။
၄) မျိုးရိုးအဆင့်အတန်း
အချို့တွေက ဘယ်မိဘကဆင်းသက်လာတယ်တို့၊ ကိုယ်တွေမျိုးရိုးကဘယ်လို၊ အဆင့်အတန်းကဘယ်လိုဆိုပြီး ခွဲခြားတတ်ကြပါသေးတယ်။ တကယ်တော့ လောကမှာ ဘယ်အဆင့်အတန်းထဲကဖြစ်ဖြစ် သေမျိုးကြီးပါပဲ။ အဲဒီ့အခြေအနေကို မေ့ထားပြီး အချင်းချင်းခွဲခြားဆက်ဆံနေတတ်ကြတာဖြစ်ပါတယ်။ အဲဒီ့တော့ ကိုယ့်ကိုခွဲခြားလာတဲ့သူတွေတွေ့ရင်လည်း သေမျိုးချည်းပါပဲလို့တွေးပြီး ပြုံးပြလိုက်ပါ။ ကိုယ်က နိမ့်ကျတယ်လို့ အများကသတ်မှတ်တဲ့မျိုးရိုးကဖြစ်နေခဲ့ရင်လည်း ဝမ်းနည်းအားငယ်စရာမလိုပါဘူး။ လူတွေရဲ့နိမ့်ကျတယ်၊ မြင့်မားတယ်ဆိုတာ လူတွေရဲ့သတ်မှတ်ချက်တစ်ခုသာဖြစ်ပြီး သင့်ကိုသင်စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်ဖြစ်ဖို့သာ အားထုတ်ပါ။ စိတ်ဓာတ်ကောင်းတဲ့သူ၊ မှန်ကန်တဲ့သူ၊ ရိုးသားတဲ့သူဆိုတာ အဆင့်အတန်းမြင့်တဲ့လူပါပဲ။
Bill Gates ပြောခဲ့တဲ့စကားကိုမမေ့ပါနဲ့နော်။ “If You Are Born Poor It’s Not Your Mistake, But If You Die Poor It’s Your Mistake”ဆိုတဲ့စကားလိုပါပဲ။ ဆင်းရဲတဲ့မိဘဆီမှာမွေးဖွားလာတာ သင့်အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဆင်းရဲတဲ့ဘဝနဲ့ပဲသေဆုံးသွားရမယ်ဆိုရင်တော့ သင့်အပြစ်ပါပဲတဲ့။ အဲဒီလိုပါပဲ၊ သင့်ဘဝက ဆိုးဝါးတယ်ဆိုရင် အဲဒီ့ဆိုးဝါးတဲ့ဘဝကို မကျော်ဖြတ်နိုင်ဘဲ ပိုကောင်းတဲ့ဘဝဖြစ်လာအောင် မစွမ်းဆောင်ရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။