ပျော်ရွှင်ဖို့အတွက် မိသားစုလိုက်ပြုလုပ်နိုင်တဲ့အရာတွေ

မိသားစုဆိုတာက ဘဝရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းပါပဲ။ မိသားစုဘ၀ သာယာပျော်ရွှင်ခြင်းက သင့်ရဲ့ဘဝပြည့်စုံခြင်းတစ်မျိုးပါ။ ကိုယ်စီတာဝန်တွေနဲ့ နေ့ဒဓူ၀ ဖိစီးမှုတွေကြားမှာ မိသားစုဘဝပျော်ရွှင်ခြင်းက အိုအေစစ်လေးပါပဲ။ အားလပ်ရက်မှာ မိသားစုလိုက် လွတ်လပ်ပျော်ရွှင်စွာ ပြုလုပ်နိုင်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ လိုက်လုပ်ကြည့်ပြီး တစ်ဦးကို တစ်ဦးချစ်ခင်မှုတွေတိုးပွားလာဖို့ အထောက်အကူပြုမယ်ထင်ပါတယ်။


၁) ပျော်ပွဲစားထွက်ခြင်း
ဝေးလံတဲ့နေရာတွေခရီးထွက်မှ လန်းဆန်းတာမဟုတ်ပါဘူး။ မြို့တွင်းကိုလည်း ကိုယ့်မိသားစုလိုက် ပျော်ပျော်ပါးပါးကြီး ပျော်ပွဲစားထွက်လို့ရပါတယ်။ ကလေးတွေလည်း ကျယ်ကျယ်ဝန်းဝန်းဆော့ကစားလို့ရပြီး လူကြီးတွေလည်း အနားယူလို့ရမယ့်နေရာမျိုးပေါ့။ ကလေးတွေလည်း စိတ်ကြိုက်အော်ဟစ်ခုန်ပေါက်နိင်လို့ ပျော်စရာကြီးဖြစ်နေမှာပါ။
၂) game ကစားခြင်း
ဘယ်နေရာမှ မသွားချင်ဘူးဆိုလည်း ကိုယ့်ခြံဝန်းထဲမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်အားလပ်ရက်မှာ ကလေးတွေရဲ့သူငယ်ချင်းတွေကိုပါ အဖော်ခေါ်ပြီး ပန်းခြံထဲမှာဖြစ်ဖြစ် parcel game ကစားတာမျိုး ၊ မိုနိုပိုလီ ဆော့တာမျိုး၊ ဆော့လို့ရပါတယ်။ လူကြီးတွေပါ ပါဝင်ကစားခြင်းက ပိုပြီး ပျော်စရာကောင်းမှာပါ။
၃) ဝါသနာပါရာ လုပ်ခိုင်းခြင်း
အားလပ်ရက်မှာ ကလေးက ငါးဖမ်းချင်တာမျိုး၊ ရေကူးချင်တာမျိုး၊ ပန်းချီဆွဲခြင်းတာမျိုး စသည်ဖြင့် တခုခု လုပ်ဖို့ ခွင့်ပြုပေးလို့ရပါတယ်။ လူကြီးတွေအတွက်လည်း အပန်းဖြေပြီးသားဖြစ် ကလေးတွေလည်း သူတို့နှစ်သက်ရာ သူတို့လုပ်ခွင့်ရလို့ ပျော်စရာကောင်းနေပါလိမ့်မယ်။
၄) ကိုယ်ပိုင်အပင်စိုက်ခြင်း
တစ်ယောက်ကို ကိုယ်နှစ်သက်ရာအပင်တစ်မျိုး ဝယ်ပေးထားပြီး အားလပ်ရက်တိုင်း အပင်လေးတွေရှင်သန်ဖို့၊ ရေလောင်းပေါင်းသင်တာမျိုး၊ မြေဖွတာမျိုး၊ အပင်အသစ်တွေထပ်တိုးစိုက်တာမျိုးလုပ်ခြင်းက ကျန်းမာစေသလို၊ စိတ်လည်း လန်းဆန်းစေနိုင်ပါတယ်။ ကိုယ်စိုက်ထားတဲ့အပင်လေးတွေ ရှင်သန်လေလေ ပိုပြီးပျော်လေလေပါပဲ။ ကလေးတွေကိုလည်း အပင်ရဲ့ကောင်းကျိုးကိုပြောပြပြီး အပင်လေးတွေကို ဂရုစိုက်တတ်အောင်သင်ပေးသင့်ပါတယ်။ မြေနေရာရှိတဲ့သူတွေအတွက် ကိုယ်ပိုင်ပန်းခြံအသေးလေးတစ်ခုဖန်တီးခြင်းက ကြည်နူးစရာကောင်းပါတယ်။ ကိုယ်ပိုင်မြေနေရာမရှိတဲ့သူတွေလည်း ပန်းအိုးငယ်လေးတွေနဲ့ အပင်ငယ်လေးတွေ စိုက်လို့ရပါသေးတယ်။
၅) စားပွဲကျင်းပခြင်း
မိသားစုလိုက် ဈေးဝယ်ပြီး တပျော်တပါး ကိုယ်စားချင်တဲ့အမယ်တစ်မျိုးစီပါဝင်အောင်ချက်ပြုတ်ကြပြီး စားပွဲသောက်ပွဲကျင်းပခြင်းက ပျော်စရာကောင်းပါတယ်။ အတူဝိုင်းကူကြပြီး အတူစားကြသောက်ကြနဲ့ပျော်စရာကောင်းအောင် ဖန်တီးလို့ရပါတယ်။ သိမ်းတော့လည်း အတူသိမ်းဆည်းရင်း စကားတွေတဝကြီးပြောမဆုံးတာနဲ့ ဘယ်လိုသိမ်းဆည်းလိုက်မှန်းတောင်မသိလိုက်ဘဲ နေမှာပါ။
၆) အပျော်ပြိုင်ပွဲလေးတွေ လုပ်ခြင်း
ကိုယ့်ကလေးရဲ့ အိမ်နီးချင်းသူငယ်ချင်းတွေကိုပါ အဖော်ခေါ်ပြီး အတုံးလေးတွေနဲ့အိမ်ဆောက်ပြိုင်တာမျိုး၊ ဘားတန်းခိုပြိုင်တာမျိုး၊ ဉာဏ်စမ်းမေးခွန်းတွေမေးရင်း ကစားကြတာမျိုးပေါ့။ အနိုင်ရတဲ့အခါ သူတို့ကြိုက်တာလေးတွေ ဆုချတာမျိုးလေးတွေနဲ့ ဆော့ကစားလို့ရပါတယ်။
အထက်ပါအချက်လေးတွေ လုပ်ကြည့်ခြင်းက မိသားစုအတွက် ချစ်ခင်မှုပိုမိုတိုးပွားလာစေပြီး ပျော်စရာလည်း ကောင်းမှာပါ။ သင့်မိသားစုရဲ့ချစ်စရာကောင်းတဲ့ဓာတ်ပုံလေးတွေကိုလည်း မှတ်တမ်းအဖြစ်သိမ်းထားလိုက်ဖို့ မမေ့ပါနဲ့နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။