ဘဝကိုသင်ခန်းစာပေးသော ပုံပြင်တိုလေးများ(၂)
တခါတလေ ကျွန်တော်တို့နေ့စဉ်ဘဝမှာ သိပြီးဖြစ်ပေမယ့် သတိမပြု၊ မလိုက်နာမိတဲ့အချက်လေးတွေရှိနေတတ်ပါတယ်။ ထိုအချက်လေးတွေကို သတိထားမိစေဖို့ ပုံပြင်တိုလေးတွေနဲ့ဖော်ပြပေးထားပါတယ်။ တစ်ပုံချင်းဖတ်ကြည့်သွားလိုက်ပါအုံး။ https://www.moralstories.org/life/page/2/ လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။
လူတစ်ယောက် သူ့ရဲ့မြို့ကို ပြန်လာလာချင်းမှာပဲ သူ့ရဲ့အိမ် မီးလောင်နေတာကို တွေ့လိုက်ရပါတယ်။ သူ့ရဲ့အိမ်က တစ်မြို့လုံးမှာရှိသမျှအိမ်တွေထဲမှာ အလှဆုံးအိမ်တစ်လုံးပါ။ သူ့အိမ်ကို သူသိပ်ချစ်တာပေါ့။ ဈေးနှစ်ဆပေးပြီး ဝယ်ကြတာတောင် မရောင်းခဲ့ဘူး။ ဒီလောက်တန်ဖိုးထားရတဲ့အိမ် အခုတော့ သူ့မျက်စိရှေ့တည့်တည့်မှာ မီးလောင်နေပြီ။ လူတွေထောင်ချီ ရှိနေလည်း ဘာမှလုပ်ပေးလို့မရဘူး။ မီးကပြန့်သွားခဲ့ပြီဆိုတော့ ကြိုးစားပြီး ငြိမ်းရင်တောင်မှ ဘာမှကျန်တော့မှာ မဟုတ်ပါဘူး။ သူအရမ်းဝမ်းနည်းသွားပါတယ်။ အဲ့အချိန်မှာ သူ့ရဲ့သားဖြစ်သူက ပြေးလာပြီး တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။ “စိတ်မညစ်နေပါနဲ့ အဖေရာ၊ သားမနေ့ကပဲ ဒီအိမ်ကို အရမ်းတန်တဲ့ဈေးနဲ့ ရောင်းလိုက်ပြီ။ အဖေ့ကိုမစောင့်ပဲ ရောင်းလိုက်တဲ့အတွက်တော့ သားကိုခွင့်လွှတ်ပါ။” အဖေက အံ့သြတကြီးနဲ့ “အမလေး … ကျေးဇူးတင်လိုက်တာသားရာ၊ ဒါဆို ဒီအိမ်က ငါတို့အိမ်မဟုတ်တော့ဘူးပေါ့” လို့ပြန်ပြောလိုက်ပါတယ်။ စိတ်သက်သာရာ ရသွားပြီးနောက်မှာ အခြားရပ်ကြည့်နေကြတဲ့ လူထောင်ချီလိုပဲ မီးလောင်တာကို အေးအေးဆေးဆေးရပ်ကြည့်နေတော့တယ်။ အဲဒီ့နောက်မှာတော့ ဒုတိယသားက ပြေးလာပြန်တယ်။ “အဖေဘာလုပ်နေတာလဲ၊ အိမ်က မီးထဲပါနေတာကို အဖေမို့ရပ်ကြည့်နေသေးတယ်နော်” လို့ပြောလိုက်တော့ အဖေကပြန်ပြောလိုက်ပြန်တယ်။ “မင်းမသိဘူးလား၊ မင်းအကိုက ဒီအိမ်ကိုရောင်းလိုက်ပြီလေ။” အဲဒီ့အခါ ဒုတိယသားက ထပ်ပြောပြန်ရော “ကျွန်တော်တို့ စရံငွေပဲ ရသေးတာလေ၊ အပြည့်မရသေးဘူး၊ အဖေရ။ အခုမီးလောင်သွားတော့ ဘယ်လိုလုပ် ဝယ်တော့မှာလဲ။” ထိုအခါမှာတော့ ခုနက ရပ်သွားခဲ့တဲ့ မျက်ရည်တွေဟာ ဖခင်ဖြစ်သူရဲ့ မျက်ဝန်းကနေ ပြန်စီးကျလာပါတော့တယ်။ စိတ်ထဲမှာလည်း အရမ်း ပူလောင်သောကများနေတာပေါ့။ ထိုအချိန်မှာ သုံးယောက်မြောက်သားက ရောက်လာပြန်တယ်။ “အဲဒီ့အိမ်ဝယ်မယ့်လူကြီးဆီက အခုတင် ပြန်လာတာအဖေ၊ သူကပြောတယ် အိမ်မီးလောင်တာဖြစ်စေ၊ မီးမလောင်တာဖြစ်စေ၊ စရံငွေပေးပြီးသွားတဲ့အတွက် သူပိုင်သွားပါပြီ။ ဒါကြောင့် ကျန်တဲ့ငွေကိုလည်း ဆက်ဆက်ပေးပါမယ်။ အိမ်မီးလောင်မယ်ဆိုတာ ခင်ဗျားရော၊ ကျွန်တော်ရော သိခဲ့ကြတာမှ မဟုတ်တာပဲ။” အဲဒီ့နောက်မှာတော့ သူတို့ အားလုံးဟာ အိမ်ကြီးမီးလောင်တာကို မစိုးရိမ်တော့ဘဲ မတ်တပ်ရပ်လျက်ကြည့်နေကြပါတော့တယ်။ လူတွေရဲ့သဘာဝက ရှင်းပြဖို့အရမ်းကို ရှုပ်ထွေးလွန်းပါတယ်။ အခုဒီပုံပြင်မှာဆိုရင် အိမ်ပိုင်ရှင်ဟာ သူ့အိမ်ကို သိပ်ချစ်ပေမယ့် သူမပိုင်ဆိုင်တော့ဘူးဆိုတာ သိလိုက်ရချိန်မှာ မီးလောင်နေတာကို မပူပန်တော့ပါဘူး။ လှပနေတုန်းက အဆုံးရှုံးမခံချင်ပေမယ့်၊ မလှပတော့တဲ့အချိန်မှာ အမြတ်ငွေရဖို့က ပိုအရေးကြီးလာပါတော့တယ်။ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဟာ သူ့သားတွေ သယ်ဆောင်လာတဲ့ စကားတွေအပေါ်လိုက်ပြီး ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ အရေးကြီးဆုံးကတော့ အိမ်ပိုင်ရှင်ရဲ့ ခံစားချက်ပြောင်းလဲသွားတာကို နားလည်ဖို့ပါပဲ။ အရှုံးနဲ့ အမြတ်ပေါ်မူတည်ပြီး အိမ်အပေါ်ထားတဲ့ သူ့ရဲ့ စိတ်ပြောင်းလဲသွားပုံကိုပေါ့။ ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း ဒီလိုမျိုး အရှုံးနဲ့အမြတ်ကို ဦးစားပေး ဆက်ဆံတာမျိုး ဖြစ်နေမလား။ စဉ်းစားကြည့်ပါ။
နောက်တစ်ပုံနွေနေပူတဲ့နေ့တစ်နေ့မှာ လူနှစ်ယောက်လမ်းလျှောက်လာကြပါတယ်။ လမ်းလျှောက်လာရင်းနဲ့ နေကပူသထက်ပူလာတော့ ဆက်မသွားနိုင်ကြတော့ဘူး။ ဒါနဲ့ မလှမ်းမကမ်းက အရိပ်ကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ နှစ်ယောက်သား ခြေပစ်လက်ပစ်လှဲချလို့ ဝင်နားကြတယ်။ သစ်ပင်ရဲ့အကိုင်းအခက်တွေကို ငေးကြည့်ရင်း တစ်ယောက်က အခြားတစ်ယောက်ကိုပြောလိုက်ပါတယ်။ “အသုံးမဝင်တဲ့အပင်ပဲ၊ ငါတို့စားလို့ရတဲ့ အသီးလည်းမသီးဘူး၊ ထင်းအဖြစ်တောင် ဘယ်နေရာမှာမှ သုံးလို့မရဘူး။” “တော်တော်ကျေးဇူးမသိတတ်တာပဲ” လို့ သစ်ပင်ကြီးဆီက စကားသံထွက်လာပါတယ်။ “အခုလိုအချိန်မျိုးမှာ ငါက အရမ်းကိုအသုံးဝင်နေတယ်မဟုတ်ဘူးလား၊ သင့်ကို နွေနေပူကနေ ကာကွယ်ပေးထားတယ်လေ၊ ဒါတောင်မှ ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလို့ ပြောချင်သေးတာလား” ဆိုပြီး သစ်ပင်ကြီးက ပြောလိုက်ပါတယ်။ လောကမှာ အရာရာတိုင်းက သူ့တန်ဖိုးနဲ့သူရှိပါတယ်။ တန်ဖိုးကို သိနားလည်ဖို့သာ လိုပါတယ်။ ကိုယ်မသိနိုင်တဲ့သူများမှာရှိတဲ့တန်ဖိုးကို မရှုံ့ချမိဖို့လည်း လိုပါတယ်။ ကိုယ့်မှာရှိတဲ့တန်ဖိုးကိုသာ ပိုပြီးအဖိုးတန်လာအောင် ကြိုးစားခြင်းက ပိုပြီးအကျိုးရှိစေပါတယ်။
နောက်တစ်ပုံတစ်ခါတုန်းက ချမ်းသာတဲ့စုံတွဲ တစ်တွဲဟာ သူတို့ရဲ့အိမ်မှာ နှစ်သစ်ကူး ပါတီပွဲကို ကျင်းပဖို့ စီစဉ်ကြပါတယ်။ အဲဒီ့အတွက် သူတို့ ဈေးဝယ်ထွက်ကြတယ်။ ပစ္စည်းအားလုံးက ဈေးကြီးပြီး ဈေးဆစ်လို့မရတဲ့ နေရာမှာပေါ့။ သူတို့ရဲ့ အဆင့်အတန်းကို ထိန်းချင်တယ်ဆိုတော့ ဈေးများလည်း မမှုဘဲ ဝယ်လိုက်တာပဲ။ လိုအပ်တာတွေအားလုံး ဝယ်သွားပြီးတဲ့နောက်မှာ အထမ်းသမားတစ်ယောက်ကို ခေါ်လိုက်တယ်၊ သူတို့ဝယ်ခြမ်းလာတာတွေကို အိမ်ကို သယ်သွားဖို့ပေ့ါ။ ရောက်လာတဲ့ အထမ်းသမားက အသက်ကြီးနေပါပြီ၊ အင်္ကျီကလည်း စုတ်ပြဲနေတယ်၊ ကျန်းမာတဲ့ ပုံလည်းမပေါ်ဘူး၊ နေ့စဉ် ထမင်းတောင် နပ်မှန်အောင် စားရဟန် မပေါ်ပါဘူး။ သူတို့ရဲ့ပစ္စည်းတွေကို အိမ်ကိုလိုက်ပို့ပေးဖို့အတွက် ဘယ်လောက်ကျမလဲလို့ မေးလိုက်ပါတယ်။ အထမ်းသမားအိုက ဒေါ်လာ ၂၀ လို့ပြောလိုက်တယ်။ တကယ်တော့ ဒေါ်လာ ၂၀ဆိုတဲ့ ပမဏဟာ သူတို့အိမ်အရောက်ပို့ပေးဖို့အတွက် အတော်သက်သာတဲ့ ဈေးနှုန်းပါ။ ဒါပေမယ့်လည်း လူချမ်းသာစုံတွဲက မပေးချင်ဘူး၊ ၁၅ ဒေါ်လာနဲ့ရအောင် ဈေးဆစ်တယ်။ အထမ်းသမားအိုဟာ ထမင်းတစ်နပ်တောင် စားဖို့အနိုင်အနိုင်ဆိုတော့ ပေးသမျှနဲ့ ကျေနပ်ရတာပဲပေါ့။ စုံတွဲကတော့ ပျော်ရွှင်နေတာပေ့ါလေ၊ သူတို့ ဈေးဆစ်လိုက်နိုင်တယ်ဆိုပြီးတော့။ ဒါနဲ့ သူတို့ရဲ့ အိမ်လိပ်စာကိုပြောပြပြီးတော့ ၁၅ ဒေါ်လာပေးလိုက်တယ်။ ပြီးတော့ အိမ်ပြန်သွားခဲ့တယ်။ ဒါပေမယ့် သူတို့အိမ်ရောက်ပြီး ၂ နာရီကြာတဲ့အထိ အထမ်းသမားဟာ ပစ္စည်းတွေ လာမပို့ပေးဘူး။ ဇနီးဖြစ်သူက စတင်စိတ်ဆိုးလာပါတော့တယ်။ “ဒါကြောင့် ရှင့်ကိုကျွန်မအမြဲမပြောဘူးလား၊ ဒီလိုလူမျိုးတွေကို မယုံပါနဲ့ဆို ရှင်က ဘယ်တော့မှ နားမထောင်ဘူးလေ။ တစ်နေ့လုံးနေလို့ ထမင်းတစ်နပ်တောင် စားဖို့အနိုင်နိုင်လူမျိုးကို ပါတီအတွက် ပစ္စည်းတွေအကုန် ပေးထားခဲ့တယ်။ သေချာတယ်၊ သူ ကျွန်မတို့အိမ်ကို လာပို့တော့မှာ မဟုတ်ဘူး၊ ပစ္စည်းတွေယူပြီး ပျောက်သွားတော့မှာ။ ဈေးကို ချက်ချင်းပြန်သွားပြီး စုံစမ်းရမယ်၊ ပြီးရင် ရဲစခန်းမှာ အမှုဖွင့်မယ်။ ” အဲ့လိုနဲ့ စုံတွဲဟာ ဈေးကိုထွက်လာကြတယ်။ ဈေးနားရောက်တဲ့အခါ အခြားအထမ်းသမားတစ်ဦးကို တွေ့တယ်။ သူတို့ပစ္စည်းတွေ ပေးထားခဲ့တဲ့ အထမ်းသမားအိုကြီးအကြောင်း မေးမလို့လုပ်တုန်းမှာပဲ အဲ့ဒီ့ပစ္စည်းတွေကို တွန်းလှည်းထဲမှာ တွေ့လိုက်ရတယ်။ ဇနီးဖြစ်သူဟာ ဒေါသတကြီးနဲ့ပြောတယ်၊ “ဘယ်မလဲ … အထမ်းသမားအဖိုးကြီး၊ ငါတို့ ပစ္စည်းတွေကို သူ့ကို လာပို့ဖို့ ပေးခဲ့တာ၊ ကြည့်ရတာ နင်တို့တွေဟာ သူခိုးတွေပဲ၊ ငါတို့ ပစ္စည်းတွေကို ယူသွားပြီးရောင်းစားကြမလို့မလား။” ဒုတိယအထမ်းသမားက ပြန်ဖြေလိုက်ပါတယ်။ “အစ်မ … စိတ်ကိုအေးအေးထားပါ၊ အထမ်းသမားအဖိုးကြီးက လွန်ခဲ့တဲ့ လကတည်းက ဖျားနေတာပါ။ သူ့မှာ အစားတစ်နပ်လောက်ဝယ်စားဖို့တောင် မတတ်နိုင်ပါဘူး။ အစ်မရဲ့ ပစ္စည်းတွေကိုလာပို့တဲ့လမ်းမှာ သူ့ခမြာ အရမ်းဗိုက်ဆာ၊ ဖျားကလည်းဖျားနဲ့ နေ့လည်နေအပူရှိန်အောက်မှာ သူလဲကျသွားရှာတယ်။ ပြီးတော့ ကျွန်တော့်လက်ထဲကို ၁၅ ဒေါ်လာကမ်းပေးရင်း မှာခဲ့တယ်။ “ငါပို့ပေးမယ်ပြောပြီး ပိုက်ဆံယူထားပြီးပြီ၊ မင်းငါ့အစား ရောက်အောင်ပို့ပေးပါလို့ ကျွန်တော့်ကိုမှာခဲ့ရှာတာပါ” “အစ်မရယ်၊ သူက ဆင်းရဲတယ်၊ ဆာလာင်နေတယ်၊ ဒါပေမယ့် ရိုးသားတဲ့သူပါ။ သူရဲ့ နောက်ဆုံးပို့ပေးရမယ့် တာဝန်ကို ကျွန်တော် အခုတင် လာပို့ဖို့ ထွက်လာတာပါ။” ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ယောကျ်ားဖြစ်သူရဲ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့ပြီ ဖြစ်ပါတယ်။ ဇနီးလုပ်သူကတော့ အကြောင်းမသိဘဲ ပြောခဲ့မိတဲ့စကားတွေအတွက် ရှက်ရွံ့နေခဲ့ပြီး သူ့ယောကျာ်းရဲ့မျက်နှာကိုတောင် စေ့စေ့မကြည့်ရဲတော့ပါဘူး။ တကယ်တော့ ရိုးသားခြင်းမှာ အဆင့်အတန်းရယ် မရှိပါဘူး။ ဒါကြောင့် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လေးစားစွာ ဆက်ဆံသင့်ပါတယ်။ အပြင်ပိုင်းသွင်ပြင်မှာ ဘယ်လောက်ပဲ ဆင်းရဲစုတ်ပြတ်နေပါစေ…..လူဆိုးသူခိုးတစ်ယောက်ဖြစ်နေနိုင်တယ်လို့ ဆုံးဖြတ်လို့မရသလို၊ လူကြီးလူကောင်းပုံစံဖမ်းထားပေမယ့်လည်း လူဆိုးသူခိုးတစ်ယောက်မဖြစ်နိုင်ဘူးလို့ ယူဆလို့မရပါဘူး။ အဲဒါကြောင့် လူတိုင်းကို အဆင့်အတန်းမခွဲခြားဘဲ ကောင်းမွန်စွာ ပြောဆိုဆက်ဆံခြင်းဟာ မင်္ဂလာတစ်ပါးပါပဲ။