ဘဝအတွက်သင်ခန်းစာရစေမယ့် အရိုးရှင်းဆုံးပုံပြင်တိုများ
ကလေးငယ်တွေရဲ့ဘဝမှာ အတွေးအခေါ်ရင့်ကျက်စေဖို့ စာဖတ်ကျင့်လုပ်ပေးဖို့လိုပါတယ်။ စာဖတ်ကျင့်ဖြစ်စေဖို့အခြေခံအကြောင်းအရာကတော့ ပုံပြင်နားထောင်ခြင်းကစတာပါ။ မိဘအုပ်ထိန်းသူတွေက ကလေးငယ်တွေကို နောင်တစ်ချိန်မှာ စာဖတ်နာပြီး အသိဉာဏ်ပညာပြည့်ဝတဲ့လူကောင်းတွေဖြစ်စေချင်တယ်ဆိုရင် စာဖတ်ကျင့်ဖြစ်စေဖို့ ပုံပြင်လေးတွေပြောပြပေးသင့်ပါတယ်။ ဘဝအတွက် သင်ခန်းစာရစေမယ့် အရိုးရှင်းဆုံးပုံပြင်တိုလေးတွေကို ဖော်ပြပေးလိုက်ပါ။
မိုက်မဲတဲ့ယုန် တစ်နေ့မှာ ယုန်တစ်ကောင်က အပင်တစ်ပင်အောက်မှာ ထိုင်နေရင်းနဲ့ တခုခုကိုတွေးနေပါတယ်။ သူက ဆုံးဖြတ်ချက်တစ်ခုခုချဖို့ကို အမြဲတွေဝေနေတတ်ပါတယ်။ ထိုနေ့မှာတော့ “ခုနေများ ကမ္ဘာကြီး ပျက်သွားမယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲ” လို့ ထိုင်တွေးနေပါတယ်။ အဲဒီ့အချိန်မှာပဲ အပင်ပေါ်က အသီးတစ်လုံးက ယုန်ရဲ့ခေါင်းပေါ် ကြွေကျပါတော့တယ်။ မိုက်မဲတဲ့ယုန်က ဘာကိုမှဆက်မတွေးနိုင်တော့ဘဲ ကမ္ဘာကြီးပျက်ပြီ….လို့ အထင်ရောက်ကာ အသည်းအသန်ထပြေးပါတော့တယ်။ ယုန်ရဲ့စိတ်ထဲမှာ အသီးကြွေကျခြင်းက သူ့အတွေးထဲက ကမ္ဘာကြီး တကယ်ပျက်ပြီဆိုတဲ့အထင်နဲ့တွေးပြီး ကြောက်လန့်တကြားပြေးတာဖြစ်ပါတယ်။ မျက်လုံးစုံမှိတ်ပြီး နောက်ကိုလုံးဝလှည့်မကြည့်ဘဲ အားကုန်ပြေးပါတယ်။ ထိုယုန်ပြေးတာကိုမြင်တဲ့အခါ နောက်ထပ်ယုန်တစ်ကောင်ကနေ သူ့နောက်ကိုပြေးလိုက်ရင်းမေးပါတယ်။ “သူငယ်ချင်း…..ဘာဖြစ်တာလဲ၊ ငါ့ကိုလည်း ပြောပါအုံး” ဒါပေမယ့်ပထမယုန်က အဖြေမပေးနိုင်ခင်မှာပဲ ဒုတိယယုန်က ပထမယုန်နောက် ကြောက်လန့်တကြားပြေးလိုက်ပါတော့တယ်။ နောက်ထပ်နောက်ထပ်သော ယုန်တွေကလည်း ရှေ့က ယုန်နှစ်ကောင်ကို “ဘာဖြစ်တာလဲ….ဘာဖြစ်တာလဲ ပြောပါအုံး….” လို့ ကြောက်လန့်တကြားမေးရင်း ပြေးလိုက်ကြပြန်ပါတယ်။ နောက်ဆုံးမှာတော့ ပထမယုန်က “ကမ္ဘာကြီးပျက်နေပြီ…….” လို့ပြောတဲ့စကားကို ကြားတဲ့ယုန်တွေက အသည်းအသန်ပြေးကြပါတော့တယ်။ ယုန်တွေအုပ်စုလိုက် အသည်းအသန်ပြေးလွှားနေတာကိုမြင်တဲ့အခါ တောထဲက သမင်တွေ၊ သိုးတွေ၊ ဆိတ်တွေ၊ နွားတွေ၊ ကျားတွေနဲ့ ခြင်္သေ့တွေကလည်း အသည်းအသန်လိုက်ပြေးကြပါတယ်။ အဲဒီ့အခါမှာ ဉာဏ်ရှိတဲ့ခြင်္သေ့တစ်ကောင်က စဉ်းစားပါတယ်။ “ဘာလို့ပြေးနေကြတာလဲ….” လို့ ပြေးနေတဲ့တိရိစ္ဆာန်အုပ်ကိုမေးလိုက်ပါတယ်။ အားလုံးကပြန်ဖြေပါတယ်။ “ကမ္ဘာပျက်နေပြီ…” “ဟုတ်ပြီ….အဲဒါဆို ကမ္ဘာပျက်တာကို ဘယ်သူက စမြင်သလဲ” လို့ ခြင်္သေ့ကမေးလိုက်တဲ့အခါ ဆင်တွေစမြင်တာကို ဖြေကြပါတယ်။ ဆင်တွေကိုမေးတဲ့အခါ ဆင်တွေက “ငါတို့စမြင်တာမဟုတ်ဘူး….ခြင်္သေ့တွေစမြင်တာ” လို့ဖြေပြန်တယ်။ ခြင်္သေ့တွေကိုမေးပြန်တဲ့အခါ “ကျားတွေစမြင်တာ….” လို့ဖြေပြန်တယ်။ ကျားတွေကိုမေးတဲ့အခါ ကျားတွေကနေ ကြံ့တွေကိုပြောပြန်တယ်။ ကြံ့တွေကနေ ဆတ်တွေမြင်တယ်၊ ဆတ်တွေကနေ ဝက်ဝံတွေကို ပြောပြန်တယ် အဲဒီလိုကနေ နောက်ဆုံးမှာတော့ ပထမဆုံးပြေးတဲ့ယုန်ဆီကိုရောက်သွားပါတော့တယ်။ ထိုအခါ မိုက်မဲတဲ့ယုန်ကဖြေပါတယ်။ “ ဟုတ်တယ်…ငါအပင်အောက်မှာထိုင်နေတုန်း ဝုန်းခနဲအသံကြီးကြားရပြီး ကမ္ဘာကြီးပြိုပြီဆိုတဲ့အထင်နဲ့ ထပြေးခဲ့တာ” အဲဒီ့မှာ ကျားတစ်ကောင်ကမေးလိုက်ပြန်တယ်။ “မင်းထိုင်နေတုန်း အသီးက ကြွေကျလာတယ်ပေါ့အဲဒါဆို…” “ဟုတ်တယ် အသီးတစ်လုံးကြွေကျလာတာ၊ ငါ့ကျောပေါ်ကိုပေါ့…” လို့ ယုန်ကပြန်ဖြေလိုက်ပါတယ်။ “ကဲ….အဲဒါဆို အဲဒီ့နေရာ ငါတို့ကို လိုက်ပြ” လို့ ကျားကော ကျန်တဲ့တိရိစ္ဆာန်တွေက ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ ပထမဆုံးယုန်ထိုင်နေခဲ့တဲ့ အပင်အောက်ကို ရောက်သွားကြပါတယ်။ အဲဒီ့နေရာမှာ ကြွေကျနေတဲ့အသီးကိုသာ တွေ့ရပြီး ဘာမှမတွေ့ရပါဘူး။ အဲဒီ့အခါကျမှ အကြောင်းရင်းကိုသေချာမသိဘဲ သေချာမစဉ်းစားဘဲ ကြောက်လန့်နေမိတာဖြစ်ကြောင်း သိရပါတော့တယ်။ သင်ခန်းစာ။ ဒီပုံပြင်လေးက အားလုံးလည်း ကြားဖူးပြီးသားဖြစ်မှာပါ။ ဒီပုံပြင်လေးထဲမှာ ကိစ္စတစ်ခုခုကို အကြောင်းရင်းသေချာမသိဘဲ ၊ သေချာမစဉ်းစားဘဲ ကြောက်လန့်တတ်ခြင်းက ကိုယ့်ကိုကိုယ်သာမက အခြားသူများကိုလည်း ထိခိုက်စေတတ်ကြောင်း သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ ဘယ်အရာမှာမဆို အကြောင်းရင်းဇစ်မြစ်သေချာသိအောင် ကြိုးစားပြီးမှ ဘာဆက်လုပ်သင့်သလဲဆိုတာ တွေးတောရမှာဖြစ်ပါတယ်။
နောက်တစ်ပုံမိုက်မဲတဲ့ဆိတ်နှစ်ကောင် တခါတုန်းက ရွာတစ်ရွာမှာ မိုက်မဲတဲ့ဆိတ်နှစ်ကောင်ရှိပါတယ်။ တခါတော့ ရွာထဲက တံတားပေါ်ကို ထိုဆိတ်နှစ်ကောင်က ဖြတ်သန်းလာသတဲ့။ တစ်ကောင်က ဘေးတစ်ဖက်မှာဖြစ်ပြီး နောက်တစ်ကောင်ကတော့ အခြားတစ်ဘက်ကနေရင်း လမ်းလျှောက်လာကြတာပေါ့။ အဲဒီ့အချိန်မှာ ပထမဆိတ်က ဒုတိယဆိတ်ကိုပြောလိုက်ပါတယ်။ “ ငါအရင်တံတားပေါ်ကဖြတ်သွားမယ်…..မင်းနောက်မှာနေခဲ့…” ဒုတိယဆိတ်က လက်မခံပါဘူး။ “ဟင့်အင်း…..ငါပဲအရင်ဖြတ်မယ်။ မင်းသာ နောက်မှာနေခဲ့ပါ” ပထမဆိတ်ကလည်း ဒေါသထွက်ပြီးပြန်ပြောပါတယ်။ “အို….ငါသာအရင်သွားသင့်တာ မင်းနောက်ချန်ခဲ့” ဒုတိယဆိတ်ကလည်း လက်မခံပြန်ပါဘူး။ “အဓိပါ္ပယ်မရှိတာ…..ဘာလို့မင်းကအရင်သွားရမှာလဲ။ ငါသာအရင်သွားမယ်….” အဲဒီလို အပြန်အလှန်ငြင်းခုံရင်း လမ်းလျှောက်လာကြတာ တံတားရဲ့ တစ်ဝက်လောက်ကို ရောက်လာကြပါတယ်။ ထိုအချိန်မှာ ငြင်းခုံရင်း ဆိတ်နှစ်ကောင်က ရန်ဖြစ်ကြပါတော့တယ်။ သူအရင် ငါအရင်နဲ့ ငြင်းရင်း တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက်ကြပါတော့တယ်။ နောက်ဆုံးမှာတော့ ဆိတ်နှစ်ကောင်လုံး တံတားပေါ်ကနေ ရေထဲပြုတ်ကျသွားပါတော့တယ်။ သင်ခန်းစာ။ ဒီပုံပြင်လေးကို အမြဲရန်ဖြစ် ၊ စကားနိုင်လုတတ်တဲ့ သားသမီးတွေကို ပြောပြပေးလို့ရပါတယ်။ အမြဲလို မစည်းလုံး၊ မချစ်ခင်ဘဲ ရန်ဖြစ်စကားနိုင်လုနေမယ်ဆိုရင် နှစ်ဖက်လုံး အကျိုးမရှိဘဲ ဒုက္ခရောက်တတ်ကြောင်းကို သင်ခန်းစာပေးထားတာဖြစ်ပါတယ်။
နောက်တစ်ပုံအနာခံမှ အသာစံရမယ် တစ်ခါတုန်းက ကြက်မတစ်ကောင်ရှိပါတယ်။ ကြက်မက အနီရောင်အဆင်းရှိတဲ့ကြက်မဖြစ်ပြီး ကြက်ကလေးငါးကောင်လည်း မွေးထားပါတယ်။ သူမမှာ ဘဲ ၊ ကြောင်နဲ့ ခွေးတစ်ကောင် စတဲ့ သူငယ်ချင်းတွေရှိပါတယ်။ တစ်နေ့မှာတော့ ကြက်မက ဂျုံစေ့တစ်စေ့ကို ရှာတွေ့ပါတယ်။ ကြက်မက သူ့သူငယ်ချင်းတွေကိုမေးလိုက်ပါတယ်။ “ဟေး….ဘယ်သူက ဒီဂျုံစေ့ကို စိုက်ပျိုးချင်သလဲ” “ဘယ်သူမှ မစိုက်ပျိုးချင်ဘူး….” လို့ ဘဲက ဖြေလိုက်ပါတယ်။ “ငါကောပဲ….” လို့ ကြောင်က ငြင်းလိုက်ပြန်ပါတယ်။ “ငါ့ကိုလည်း ထည့်မတွက်နဲ့….” လို့ ခွေးက လှည့်ပြောပြန်ပါတယ်။ “ကောင်းပြီလေ….အဲဒါဆိုရင် ငါပဲ ဒီဂျုံစေ့ကို စိုက်ထားလိုက်တော့မယ်” လို့ ကြက်မက ပြောလိုက်ပါတယ်။ ကြက်မက ထိုဂျုံစေ့ကို သေချာစိုက်ပျိုးပြီး သေချာရေလောင်းပေးပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ ဂျုံစေ့က အပင်လေးတွေပေါက်လာပါတယ်။ တဖြေးဖြေးနဲ့ ဂျုံပင်တွေက ဝါညိုရောင်သန်းတဲ့ဂျုံတွေ ပေါက်ရောက်ရှင်သန်လာတာပေါ့။ အဲဒီ့အခါ ကြက်မက မေးပြန်တယ်။ “ကဲ…ဒီဂျုံတွေကို ဘယ်သူက ရိတ်သိမ်းချင်သလဲ” “ငါတော့မပါ….” ဘဲက ပျင်းရိနေတဲ့အသံကြီးနဲ့ပြန်ဖြေပါတယ်။ “ငါလည်းမပါဘူး….” ကြောင်က ပခုံးတွန့်ရင်းဖြေလိုက်ပြန်တယ်။ “ငါ့ကိုထည့်မတွက်ကြနဲ့….” လို့ ခွေးက ငြင်းလိုက်ပြန်တယ်။ “ကောင်းပြီလေ….အဲလိုဆိုရင်တော့ ငါ့ဟာငါပဲ ရိတ်သိမ်းလိုက်တာပေါ့….” လို့ ကြက်မက ပြောလိုက်ပြီး တစ်နေ့လုံး ဂျုံတွေရိတ်သိမ်းရတာနဲ့ အလုပ်ရှုပ်နေခဲ့တာပေါ့။ ညနေစောင်းတဲ့အခါမှာတော့ ကြက်မမှာ ဂျုံတွေအိတ်ကြီးနဲ့ နှစ်အိတ်တောင် ရလေရဲ့။ “ဟယ်လို….အားလုံးပဲ၊ ဂျုံတွေကို ငါနဲ့အတူ ဘယ်သူက ကြိတ်ပေးမလဲ” လို့ ကြက်မက သူ့သူငယ်ချင်းတွေကို မေးပြန်တယ်။ အားလုံးက ငြင်းကြပြန်တယ်။ “အဲဒါဆိုလည်း ငါ့ဟာငါ့ပဲ ဂျုံတွေကြိတ်တာပေါ့ ။ ဂျုံမှုန့်တွေရလာတဲ့အခါ ငါ့ဟာငါပဲ ပေါင်မုန့်ဖုတ်တော့မယ်” လို့ ကြက်မက အသိပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ကြက်မက အနံ့အရသာနဲ့ပြည့်ဝတဲ့ပေါင်မုန့်တွေ ဖုတ်လေတော့တယ်။ “ ကဲ….ဘယ်လိုလဲ….ဒီပေါင်မုန့်တွေ ဘယ်သူများ စားချင်ကြမလဲ” လို့ သူ့သူငယ်ချင်းတွေကို မေးလိုက်ပြန်တယ်။ အဲဒီ့အခါမှာတော့ ဘဲက ထဖြေပါတယ်။ “ ငါ စားမယ်ဟေ့…..” “ငါလည်း စားမယ်…” လို့ ကြောင်က သွားရည်တွေသပ်ရင်းဖြေပြန်တယ်။ “အရသာရှိမယ့်ပုံပဲ…အနံလေးက မွှေးနေတာပဲ” လို့ ခွေးက ပြောပြန်တယ်။ “နင်တို့ ဘယ်သူမှ စားဖို့ မစဉ်းစားနဲ့….။ ငါပဲ ဂျုံတွေကို ရိတ်သိမ်းပြီး ကြိတ်လာရတယ်။ အိမ်မှာပေါင်မုန့်ဖုတ်လာရတာ။ ငါနဲ့ ငါ့ကလေးတွေပဲ ဒီပေါင်မုန့်ကို စားခွင့်ရှိတယ်” လို့ ကြက်မက ပြောလိုက်ပြီး သူမနဲ့ သူမရဲ့ကြက်ကလေးတွေက ပေါင်ုမန့်ကို မြိန်ရေရှက်ရေ စားလိုက်ပါသတဲ့။ သင်ခန်းစာ။ ဒီပုံပြင်လေးကတော့ အနာမခံ အသာမစံရ ဆိုတဲ့စာသားလိုပါပဲ။ ကိုယ်တိုင်ဘာမှ မကြိုးစားချင်ရင် ဘာကိုမှ ခံစားခွင့်ရမှာမဟုတ်ပါဘူးဆိုတဲ့ သင်ခန်းစာလေးပေးထားတာဖြစ်ပါတယ်။ ဒီပုံပြင်ထဲက ကြက်မလို ကိုယ်တိုင်ကြိုးစားရင် ကိုယ်တိုင်ခံစားခွင့်ရှိမယ်ဆိုတာ သားသားမီးမီးတို့ကို နားလည်အောင်ပြောပြပေးလိုက်ပါနော်။
နောက်တစ်ပုံကြက်ဖနဲ့မြေခွေး တစ်ခါတုန်းက ရွာတစ်ရွာမှာ ကြက်ဖတစ်ကောင်ရှိပါတယ်။ မနက်ခင်းမှာ စောစောထပြီး တွန်သံပေးရတဲ့ သူ့ရဲ့တာဝန်ကို သူက ကျေပွန်ပါတယ်။ တစ်နေ့မှာတော့ ကြက်ဖက သစ်ပင်ထိပ်ဖျားမှာ နားနေတုန်း မြေခွေးတစ်ကောင်က ထိုအနားကိုရောက်လာပါတယ်။ မြေခွေးက ကြက်ဖကိုမြင်လိုက်တဲ့အခါ ကြက်ဖကို စားဖို့ကြံပါတော့တယ်။ အဲဒါကြောင့် မြေခွေးက ချိုသာတဲ့အသံနဲ့ ကြက်ဖကို စကားပြောပါတော့တယ်။ “ အဆွေကြက်ဖ မင်းဆီကို ကောင်းကင်ဘုံက သတင်းတခု လာပြောပြတာ၊ ငှက်တွေအားလုံးနဲ့ တိရိစ္ဆာန်တွေဟာ မိတ်ဆွေဖြစ်ပြီး ငြိမ်းချမ်းစွာအတူနေထိုင်ကြရမယ်တဲ့” လို့ မြေခွေးက ပြောလိုက်ပါတယ်။ ထိုအခါ ကြက်ဖက ပြန်မေးပါတယ်။ “ အဲဒါတကယ်ပဲလား…..” “ဟုတ်တာပေါ့…..တကယ်ပြောတာပါ။ အဲဒါမှန်မမှန် သိချင်ရင် မင်းအောက်ကိုဆင်းလာခဲ့ပါလား” လို့ ထပ်ပြောပြန်တယ်။ အဲဒီ့မှာ ကြက်ဖက ဉာဏ်ရှိစွာနဲ့ “ကောင်းပြီလေ….ခဏတော့စောင့်နိုင်တယ်မလား။ အခြားသော သူငယ်ချင်းတွေလည်း ထပ်လာကြလိမ့်မယ်” လို့ ပြန်ဖြေလိုက်ပါတယ်။ အဲဒီ့အခါ မြေခွေးက အံ့အားသင့်သွားပါတယ် “ဟုတ်လား…..ဘယ်သူတွေလာကြအုံးမှာတုန်း” ကြက်ဖက ပြန်ဖြေလိုက်ပါတယ်။ “အမဲလိုက်ခွေးတွေလာနေတာ ငါမြင်နေရတာ။ သူတို့ကို ခဏလောက်စောင့်လိုက်ပါအုံး” အမဲလိုက်ခွေးလို့လည်း ကြားရော မြေခွေးက လန့်သွားပါတော့တယ်။ ကြက်ဖရှိတဲ့အပင်အောက်ကနေ ထွက်ပြေးသွားပါတော့တယ်။ ကြက်ဖက အော်မေးလိုက်ပါသေးတယ်။ “ဟ…ဘာလို့ထွက်ပြေးသွားတာတုန်း…. အမဲလိုက်ခွေးတွေနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူးလား….” လို့မေးလိုက်တဲ့အခါ မြေခွေးက ပြန်ဖြေပါတယ်။ “ အဲဒါကိုမေ့လိုက်တော့…..” လို့ဖြေပြီး ထိုနေရာကနေ အလျင်အမြန်ပြေးထွက်သွားပါတော့တယ်။ ဉာဏ်ရှိတဲ့ ကြက်ဖကတော့ မြေခွေးစားမယ့်ဘေးကနေ လွတ်မြောက်သွားပါတော့တယ်။ သင်ခန်းစာ။ ဒီပုံပြင်လေးကတော့ ဉာဏ်ရှိတဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားတဲ့ကြက်ဖကို နမူနာပြထားပြီး ဉာဏ်ပညာရှိခြင်းက မရိုးသား၊ ကောက်ကျစ်စဉ်းလဲသူတွေကိုတောင် ကျော်လွှားနိုင်ကြောင်းသင်ခန်းစာပေးထားပါတယ်။ လူတစ်ယောက်မှာလည်း ဉာဏ်ပညာရှိခြင်းက ဘဝတစ်ခုလုံးကို မကောင်းတဲ့သူတွေ၊ ကိုယ့်ကိုဖျက်ဆီးမယ့်သူတွေရဲ့ဘေးကနေ ကယ်ဆယ်ပေးနိုင်ကြောင်း ။ ဉာဏ်ပညာရှိခြင်းက ဘဝတစ်ခုလုံးမှာ အရေးကြီးကြောင်း သတိထားသင့်ပါတယ်။
နောက်တစ်ပုံအားမလျှော့လိုက်ပါနဲ့။ ဖားနှစ်ကောင်က မိုးရွာနေတဲ့တစ်နေ့မှာ မိုးရေထဲဆော့ကစားနေကြပါတယ်။ ခုန်ရင်းပေါက်ရင်း အိမ်တစ်အိမ်ထဲကို ဝင်မှန်းမသိ ဝင်လာမိကြတယ်။ အိမ်ထဲရောက်ပြီးမကြာဘူး နွားနို့ထည့်တဲ့အိုးနားရောက်သွားကြပြန်တယ်။ ခုန်ပေါက်ရင်းနဲ့ နွားနို့ထည့်ထားတဲ့အိုးထဲ ဖားနှစ်ကောင်လုံး ပြုတ်ကျသွားပြန်တယ်။ ဖားနှစ်ကောင်လုံးက ကြောက်လန့်တကြားနဲ့ အတင်းခုန်ပေါက်ပြီး ပြန်ထွက်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် အချည်းနှီးပါပဲ။ နှစ်ကောင်လုံး မောလာကြပါပြီ။ ပထမဖားကတော့ ဒုတိယဖားကို ပြောလိုက်ပါတယ်။ “ငါတော့ ထပ်မခုန်နိုင်တော့ဘူး။ အတော်မောနေပြီ…” လို့ပြောပြီး နောက်ထပ်မခုန်တော့ဘဲ နေပါတော့တယ်။ ဒုတိယဖားကတော့ အပြင်ရောက်ချင်တဲ့မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ ခုန်နိုင်သလောက် ဆက်ခုန်ပါတယ်။ ခုန်ဖို့ကြိုးစားလိုက် နွားနို့ထဲပြန်ပြုတ်ကျလိုက်နဲ့ နွားနို့အိုးထဲမှာ ရေကူးနေသလိုဖြစ်နေတာပေါ့။ နွားနို့အိုးထဲ ပတ်ချာလည်အောင် ကူးနေပါတော့တယ်။ သူရဲ့လှုပ်ရှားမှုကြောင့် နွားနို့ကို မွှေနေသလိုဖြစ်နေပြီး နွားနို့က အချိန်ကြာလာတဲ့အခါ ထောပတ်အဖြစ် တဖြေးဖြေးပြောင်းလဲလာပါတယ်။ နောက်ဆုံးမှာတော့ ဒုတိယဖားက ထောပတ်အိုးထဲကနေ အပြင်ကို ုခုန်ထွက်လို့ရသွားပါတော့တယ်။ သင်ခန်းစာ။ ဒီပုံပြင်လေးကတော့ ဖြစ်ချင်တာကို အားမလျှော့ဘဲ ဆက်လုပ်သွားရင် တခုခုတော့ဖြစ်လာမှာပဲလိ့ု သင်ခန်းစာပေးထားတာဖြစ်ပါတယ်။ ရှေ့အနာဂတ်မှာဘာဖြစ်မလဲလို့ ကိုယ်ကြိုမမြင်နိုင်ပေမယ့် ကိုယ်လက်ရှိလုပ်နေတာလေးတွေကို အကောင်းဆုံးကြိုးစားခြင်းက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းတစ်မျိုးပါပဲနော်။ http://english-for-students.com/Moral-Stories.html