ကလေးကို ငယ်ငယ်ထဲက ငွေရေးကြေးရေးထိန်းသိမ်းတတ်အောင် ဘယ်လိုပျိုးထောင်မလဲ
လူကြီးဘဝမှာ ငွေကို ရေလိုသုံးတာတို့၊ လက်ဖွာတာတို့၊ မသုံးတတ်တာတို့ဆိုတာ ကလေးဘဝက စည်းကမ်းမလုပ်ပေးခဲ့လို့ပါ။ ငွေကြေးဆိုင်ရာ အကျင့်ကောင်းတွေကို ကလေးဘဝထဲက သင်ပေးထားသင့်ပါတယ်။ သင့်ကလေးကို ငွေကြေးဆိုင်ရာအကျင့်ကောင်းလေးတွေဖြစ်အောင် ဘယ်လိုပျိုးထောင်ပေးမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ၁) ပုံမှန်စုငွေသတ်မှတ်ပေးပါ။ သင့်ကလေးကို သင်က ကျောင်းမုန့်ဖိုးသတ်သတ်ပေးသလား။ ဒါမှမဟုတ် မုန့်ထည့်ပေးလိုက်ပြီး ငွေကို မထည့်ပေးတတ်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် သင့်ကလေးအတွက် တစ်ရက်ဘယ်လောက်ဆိုပြီး မုန့်ဖိုးသတ်မှတ်ပေးလိုက်ပါ။ ဆိုလိုတာက သင့်ကလေးကို မုန့်ဖိုး ၅၀၀ပေးတယ်ဆိုပါတော့။ ၂၀၀က စုဖို့သတ်မှတ်ပြီး ၃၀၀ဖိုးကို မုန့်ဝယ်ပေးလိုက်ပါ။ ဒါမှမဟုတ် မုန့်ထည့်ပေးတယ်ဆိုရင် ငွေ ၂၀၀ တန်တစ်ရွက်ကို ပြပြီး “သားအတွက်မုန့်ဖိုးကို သားစုဖို့နော်” ဆိုပြီး သူ့ရှေ့မှာတင် စုဘူးထဲထည့်ပေးပါ။ ၂) စုဘူးထားပေးပါ။ ကလေးအတွက် စုဘူးသပ်သပ်ထားပါ။ အထက်ကပြောသလို မုန့်ဖိုးပေးရင်မုန့်ဖိုးထဲက ဖယ်ပြီး စုဘူးထဲထည့်ခိုင်းပါ။ မုန့်ဝယ်ပေးရင် မုန့်ဖိုးကို ပြပြီး စုဘူးထဲထည့်ပေးပါ။ ကလေးစုဘူးကို ကလေးကိုယ်တိုင်သိမ်းဆည်းတဲ့အကျင့်လုပ်ပေးပါ။ ကလေးစုဘူးပြည့်ခါနီးလေ ကလေးက ပျော်လေလေဖြစ်တာကို သင်မြင်ရပါလိမ့်မယ်။ ၃) ရည်မှန်းချက်ထားခိုင်းပါ။ စုဘူးထဲ “သားမုန့်ဖိုး တစ်နေ့ဘယ်လောက်ထည့်စုမယ်နော်။ စုဘူးမပြည့်မချင်း မဖောက်ရဘူး၊ ကတိတည်မှ စုဘူးပြည့်တဲ့နေ့ သားလိုချင်တာ သွားဝယ်ပေးမယ်” အဲလိုမျိုး အပြန်အလှန်ကတိလုပ်ထားပါ။ စုဘူးမပြည့်မချင်း ကလေးက ပူဆာသမျှ ဘာမှမဝယ်ပေးမိပါစေနဲ့။ ဥပမာ။ အရုပ်ဆိုင်ကို ဝင်ပြီး အရုပ်ဝယ်ခိုင်းတာမျိုးပေါ့။ ငြင်းလဲမငြင်းပါနဲ့……အရုပ်ဆိုင်ထဲလိုက်သွားပါ၊ ကလေးလိုချင်တာကြည့်ပါစေ။ “သားလိုချင်တာကြည့်ထား….အိုကေ……ဈေးပါမှတ်ထားနော်။ ကြည့်လို့အကြိုက်တွေ့ပြီဆို မေမေတို့ ပြန်မယ်၊ စုဘူးပြည့်အောင်စုမယ်၊ စုဘူးပြည့်တဲ့နေ့ကျလာဝယ်ကြမယ်။ ဟုတ်ပြီနော်…..” အဲလိုမျိုးမလျော့မတင်းနည်းနဲ့ဆို ကလေးက သင့်ကိုကလန်ကဆန်လုပ်ပြီး ငိုယိုဂျီကျဝယ်ခိုင်းမှာမဟုတ်တော့ပါဘူး။ အမှန်တကယ် စုဘူးဖောက်တဲ့နေ့ကျရင်လည်း သူပြောခဲ့တဲ့အရုပ်ဆိုင်ကို သွားဝယ်ပေးလိုက်ပါ။ ၄) ငွေကို အကုန်လုံး သူ့လက်ထဲမထည့်ပေးလိုက်ပါနဲ့။ စုဘူးတော့ ပြည့်ပြီ။ စုဘူးဖောက်ကြမယ်။ ကလေးက သူ့နဲ့သူစုထားတဲ့ငွေတွေကို ကြည့်ပြီး ငွေစုရတာ သဘောကျလာပါလိမ့်မယ်။ တခုရှိတာက စုဘူးဖောက်ပြီးရင် စုဘူးထဲကငွေတွေအကုန်လုံးကို ကလေးကိုပေးကိုင်ပြီး သုံးခိုင်းတာမျိုးကို သတိထားပါ။ အဲဒါက ကလေးကို ငွေသုံးကြမ်းစေနိုင်ပါတယ်။ ငွေကို သူ့ဟာသူရေတွက်ပြီး သူလိုချင်တဲ့အရုပ်ကို ဝယ်ပေးမယ်။ ပိုတဲ့ငွေကို အိမ်က အကြီးအကဲကို ကန်တော့ဖို့ သင်ပေးပါ။ အဲဒါက ငွေကို သူလိုချင်တာဝယ်တတ်ပြီး လူကြီးကို သူ့မုန့်ဖိုးနဲ့ကန်တော့ခြင်းကို သူတန်ဖိုးထားတတ်လာပါလိမ့်မယ်။ ဥပမာ။ “သားမုန့်ဖိုးတွေကို ဘယ်သူကပေးတာလဲ” ဒါမျိုးမေးပါ။ “ဖေဖေမေမေက ပေးတယ်ဆိုရင် ဖေဖေမေမေက သားကိုချစ်လို့ပေးတာ။ ဖေဖေမေမေနဲ့လည်း ဆိုင်တယ်။ သားကပြန်စုထားတော့ တော်တာပေါ့။ ဒါပေမယ့် သားလိုချင်တာရရင် လူကြီးကို သားစုထားတဲ့ငွေထဲက ပြန်ကန်တော့တော့ သားကုသိုလ်ရတာပေါ့” ဆိုပြီး သိမ်းသွင်းပါ။ အိမ်မှာ အဖိုးအဖွားရှိရင် စုဘူးဖောက်တာနဲ့ အရုပ်အတွက် ငွေကိုဖယ်ထားပြီး ပိုတဲ့ငွေကို အဖိုးအဖွားကို ကန်တော့ခိုင်းလိုက်ပါ။ အဲဒါဆို ကြီးလာတဲ့အခါ ကလေးက အဖိုးအဖွားကို ကန်တော့ရကောင်းမှန်းသိသွားသလို၊ လိုချင်တာရအောင် စိတ်ရှည်ရှည်နဲ့ ငွေစုတတ်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ပိုငွေကို နောက်ထပ်စုဘူးတစ်ဘူးအသစ်ထပ်ဝယ်ပြီး ပြန်စုခိုင်းထားလိုက်ပါ။ ၅) စဉ်းစားတတ်ပါစေ။ ကလေးက တစ်ခုခုကို လိုချင်လို့ ပူဆာတဲ့အခါ လိုအပ်လားမလိုအပ်လား ။ လိုအပ်တာဆိုရင် ဝယ်သင့်ကြောင်း၊ ကိုယ့်မှာလဲတကယ်မရှိသေးလို့ လိုအပ်နေတာမျိုးဆို ဝယ်ပေးမည့်အကြောင်း သေချာနားလည်အောင်ရှင်းပြပေးပါ။ လိုအပ်လို့ ဝယ်တာက သုံးတာဖြစ်ကြောင်း၊ မလိုအပ်ပဲ လျှောက်ဝယ်ပစ်တာက ဖြုန်းတာဖြစ်ကြောင်း၊ လျှောက်ဝယ်ပစ်ခြင်းက ငွေတွေအကုန်မြန်ကြောင်း၊ ဒုက္ခရောက်တတ်ကြောင်း၊ သုံးတာနဲ့ ဖြုန်းတာကို သေချာသိသွာေးအာင် သေချာစိတ်ရှည်ထားပြီးရှင်းပြပေးဖို့ လိုအပ်ပါတယ်။ ဥပမာ။ ကလေးကို မကြာသေးခင်က သူ့ဖိနပ်ပြတ်လို့အသစ်တစ်ရံ ဝယ်ပေးပြီးပြီဆိုပါတော့။ နောက်နေ့မှာ ဖိနပ်အသစ်တွေတွေ့လို့ထပ်ဝယ်ခိုင်းတာမျိုးဆိုရင် “သားဖိနပ်က ဘယ်နေ့ကဝယ်ထားတာလဲ။ ဒီဖိနပ်လည်း သားလိုချင်တာဝယ်ပေးတာပဲလေ။ အဲဒီ့တုန်းက ဖိနပ်ပြတ်သွားလို့ ဝယ်ပေးတာ၊ ဖိနပ်ပြတ်သွားတော့ စီးစရာရှိလား၊ ဖိနပ်မစီးဘဲ နေလို့ရလား၊ မရဘူးနော်။ အဲဒီ့တော့ ဖိနပ်ဝယ်မှဖြစ်မယ်၊ လိုအပ်တယ်နော်။ ဟုတ်ပြီ။ လိုအပ်လို့ သားကြိုက်တာကိုလည်း ရွေးပြီး ဝယ်ပေးလိုက်ပြီလေ။ ခုက ဝယ်ပြီးသားကြီးကို သားဆီမှာလည်း စီးစရာရှိပြီးကို ထပ်ဝယ်ဖို့ လိုအပ်လားသား….၊ စဉ်းစားကြည့်နော်……။ ခုတော့မလိုအပ်သေးဘူးမဟုတ်လား။ ခုဖိနပ်ပြတ်သွားတဲ့အခါ မေမေအသစ်ထပ်ဝယ်ပေးမှာပေါ့။ ဟုတ်ပြီလား” ဆိုပြီး ကလေးနားလည်မယ့် ဥပမာပေးပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ။ တစ်ခုရှိတာက ကလေးကို သူလိုချင်တာ၊ တကယ်လည်း လိုအပ်နေတာကို သူ့အတွက် ဝယ်ပေးတော့မယ်ဆိုရင် ကလေးကြိုက်တာကို ရွေးချယ်ခွင့်ပေးပါ။ ကလေးကြိုက်တာက အဆင်မပြေရင်တော့ ဘာကြောင့်အဆင်မပြေလဲဆိုတာပါ တစ်ခါတည်းရှင်းပြပေးပါ။ တစ်ချို့မိဘတွေက ကလေးဆန္ဒကို အလေးမထားဘဲ သူတို့ကြိုက်တာ၊ အဆင်ပြေမယ်ထင်တာ ဝယ်တတ်တဲ့အခါ ကလေးက မလိုချင်ဘဲ ၊ သူလိုချင်တဲ့အရာမျိုးထပ်တွေ့တဲ့အခါ ထပ်ပြီးဝယ်ပေးဖို့ ပူဆာတတ်လို့ပါ။ ၆) ပိုက်ဆံကို ခွဲခြားထားတာမျိုးမလုပ်ပါနဲ့။ တစ်ချို့တွေက ကလေးမုန့်ဖိုးရတဲ့အခါမျိုးမှာ ကလေးလက်ထဲပေးကိုင်ပြီး သားပိုက်ဆံဆိုပြီးလုပ်တတ်တာတွေ့ဖူးပါတယ်။ “သားပိုက်ဆံနဲ့သားလိုချင်တာဝယ်….ဖေဖေမေမေမယူဘူး” ဆိုပြီးလုပ်တတ်တာမျိုးပါ။ အဲလိုလုပ်တတ်ပြီး ကလေးပိုက်ဆံကို အဖေအမေကလုံးဝမယူပါဘူး။ ကလေးက ထိုငွေကိုကိုင်ပြီး ဆိုင်တကာလျှောက်ဝယ်ပစ်လိုက်တာမျိုးက ကလေးရဲ့ငွေကိုအသုံးချမှုကို ဆိုးရွားစေပါတယ်။ အဲလိုမျိုးအကျင့်လုပ်စရှိသွားရင် ကလေးက ငွေကို ကိုင်ပြီး သူ့စိတ်ထဲရှိရာဝယ်ရတာကို စွဲလမ်းသွားတတ်ပါတယ်။ ဖေဖေမေမေများ ကလေးပိုက်ဆံကို ကိုယ်လုံးဝမယူဘဲ ကလေးကိုပေးကိုင်တာက လုံးဝမမှန်ပါဘူး။ကလေးကို အကျင့်ပါပျက်သွားစေနိုင်ပါတယ်။ ကလေးဆိုတာက ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်သေးပါဘူး။ ထိုအကျင့်ကိုစွဲလမ်းသွားတဲ့နောက်မှာ ကလေးကလိုချင်တာတွေရှိလာမှာပါပဲ။ အဲဒီ့အခါ ငွေရဖို့ သူစဉ်းစားလာမှာပါ။ ဘယ်သူမုန့်ဖိုးပေးမလဲ၊ ဘယ်သူ့ဆီက ပိုက်ဆံရမလဲ၊ ကျန်တာကိုတွေးမိမှာမဟုတ်ပါဘူး။ တစ်ယောက်ယောက်ဆီက ငွေရရင် သူလိုချင်တာတွေ ဝယ်နိုင်မယ်…..ကလေးက ဒီလောက်ပဲသိမှာပါ။ အဲဒီ့အခါမှာ အဖေအမေပိုက်ဆံတွေ့ရင် ယူထားလိုက်တာမျိုး၊ တစ်ယောက်ယောက်ရဲ့ပိုက်ဆံကို ယူထားလိုက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကလေးလက်ထဲ မုန့်ဖိုးအဖြစ်ရောက်လာတဲ့ငွေကိုလည်း အဖေအမေက ထိန်းချုပ်ပါ။ ကလေးကိုမုန့်ဖိုးအဖြစ် ကလေးလက်ထဲငွေထည့်ပေးခြင်းကိုလည်း တားမြစ်ပါ။ ကိုယ်တိုင်လည်း မလုပ်ပါနဲ့။ ကလေးလက်ထဲရောက်လာရင်လည်း “ကလေးဆိုတာ ငွေကိုမသုံးတတ်သေးဘူး။ သားမုန့်ဖိုးကို မေမေကိုပေးထားနော်၊ သားလိုချင်တာရှိရင် မေမေကိုပြော၊ သားမုန့်ဖိုးနဲ့ ပြန်ဝယ်ပေးမယ်” ဆိုပြီး ကလေးကို ငွေပေးကိုင်ခြင်းမှ တားဆီးသင့်ပါတယ်။ ၇) ရင်းနှီးမြုပ်နှံတတ်အောင် သင်ပေးပါ။ ငွေဆိုတာက စုဆောင်းထားရုံနဲ့မပြီးတော့ပါဘူး။ ငယ်ရွယ်စဉ်အချိန်ကတည်းက ငွေကိုဘယ်လိုအသုံးပြုရတယ် ဘယ်လိုနေရာတွေမှာမြှုပ်နှံရတယ် ဘာကြောင့်မြှုပ်နှံရတယ် ဘာတွေသတိထားဖို့လိုတယ် ဆိုတာတွေကအစ တဖြည်းဖြည်းနားထဲဝင်အောင်သင်ပေးရမှာပဲဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုတာလူကြီးတွေကအစ မရင်းနှီးတဲ့ခေါင်းစဉ်တခုပါပဲ။ လူကြီးကိုယ်တိုင်က သေချာလေ့လာ သားသမီးတွေကို လက်ဆင့်ကမ်းရမည့် ပညာတစ်ခုပဲဖြစ်ပါတယ်။ ပညာရှင်တွေပြောကြားလေ့ရှိတဲ့စကားတစ်ခွန်းကတော့ လူတော်တော်များဟာငွေအတွက်အလုပ်လုပ်ကြပြီး တကယ်ချမ်းသာနေတဲ့သူတွေကတော့ ငွေဟာသူတို့အတွက် ပြန်အလုပ်လုပ်ေနေအောင် ရင်းနှီးမြှုပ်နှံထားတတ်သူတွေလို့ ပြောကြားပါတယ်။ ငွေကိုကိုင်တွယ်ပုံကို ထိန်းချုပ်ဖို့ကတော့ ကလေးအသက်အရွယ်အလိုက် မတူညီတတ်ပါဘူး ။ အထက်မှာဖော်ပြထားတာလေးတွေကတော့ ၄နှစ်ကနေ ၇နှစ်လောက်ထိတော့ သေချာပုံစံသွင်းပြီး ပျိုးထောင်ပေးလို့ရပါတယ်။ အဲဒီ့အသက်မှာ ငွေကိုင်ပုံစနစ်ကျအောင် မပျိုးထောင်မိရင် ရေရှည်မှာ ငွေနဲ့ပတ်သက်တဲ့မလိုလားအပ်တာတွေဖြစ်လာနိုင်ပါတယ်။ အားလုံးပဲ ကလေးတွေကို စနစ်တကျပျိုးထောင်နိုင်အောင်အကူအညီဖြစ်စေဖို့ ဒီစာဆောင်လေးကိုရေးသားမ ျှဝေလိုက်ရခြင်းဖြစ်ပါတယ်။#BAWA101