ဗိုက်တစ်ချိန်လုံးဆာနေလ ျှင်ဘာလုပ်မလဲ

ဖြစ်ဖူးကြမယ်ထင်ပါတယ်….အခုလေးတင် စားစရာတစ်ခုခုစားထားပြီး မကြာခင် နောက်ထပ် ဘာစားရမလဲ…တွေးနေတာမျိုး၊ ဘာစားချင်လို့ စားချင်နေမှန်းမသိတာမျိုး….၊ တစ်ချို့တွေအတွက်တော့ ဝိတ်ချမယ်…ဝိတ်ချမယ်….ပြောတတ်ပေမယ့် တကယ်တမ်း ဘာစားရမလဲ…..တွေးမှန်းတောင်မသိ၊ တွေးမိနေတာမျိုးတွေပေါ့။ ဘာပဲစားစား….ဗိုက်ပြည့်သွားတယ်လို့ မခံစားရဘဲ ဘာထပ်စားရမလဲ…ထပ်တွေးနေမိတာမျိုးက သင့်ရဲ့ခံစားချက်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာ သင်သိပါရဲ့လား။ ဟုတ်ပါတယ်…..ဗိုက်မကြာခဏဆာနေခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာဗေဒအရ ဗိုက်ဆာတာမျိုးမဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်သာဖြစ်ပါတယ်


။ သင့်မှာ ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာတစ်ခုခုကြောင့် အစာအစားဖြစ်ချင်စိတ်မကြာခဏဖြစ်ပေါ်နေသလားဆိုတာကို အောက်ပါမေးခွန်းလေးတွေနဲ့ ပြန်ဆန်းစစ်ကြည့်လိုက်ပါအုံးနော်။စိတ်ဖိစီးနေစဉ်မှာ အစားတွေပိုစားနေမိသလား
• မဆာဘဲနဲ့ ဒါမှမဟုတ် ဗိုက်ပြည့်နေချိန်မှာတောင် စားနေမိသလား
• သင့်ရဲ့စိတ်ခံစားမှုတွေပိုကောင်းဖို့အတွက် စားနေမိသလား။ အထူးသဖြင့်
• သင်ပျော်နေချိန်၊ သင်ဝမ်းနည်းနေချိန်၊ ပျင်းနေချိန်၊ စိုးရိမ်သောကများနေချိန်မျိုးပါ။
• သင့်ကိုယ်သင်အစာစားခြင်းကို ဆုလာဘ်တစ်ခုလို သဘောထားမိနေသလား။
• အစားအစာတွေကိုမြင်တာနဲ့ သင့်ကိုသင် မထိန်းချုပ်နိုင်သလို ခံစားနေမိသလား။
ထိုမေးခွန်းတွေအတွက် အဖြေက ဟုတ်ပါတယ်ဆိုရင်တော့ သင့်ကိုသင်ထိန်းချုပ်ဖို့လိုနေပါပြီနော်။ မကြာခဏဗိုက်ဆာခြင်းဟာ သင့်ရဲ့စိတ်ဖိစီးမှုတွေကိုလည်း ထိန်းချုပ်သင့်နေကြောင်း
ပြသတဲ့လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် မကြာခဏဗိုက်ဆာတတ်နေပြီဆိုရင်တော့ သင့်ကိုယ်သင်ပြန်လည်ဆန်းစစ်သင့်ပါတယ်။
- သင်တစ်ယောက်တည်း အထီးကျန်နေသလို၊ ဘာလုပ်ရမှန်းမသိသလို ခံစားနေရတဲ့အချိန်မျိုးမှာ ဘာစားရမလဲလို့ သင်တွေးနေမိပြီဆိုရင်
သင့်သူငယ်ချင်းတစ်ယောက်ယောက်ကို ခေါ်လိုက်တာမျိုး၊ ဒါမှမဟုတ် ဖုန်းခေါ်လိုက်တာမျိုးလုပ်လိုက်ပါ။ သင့်ကိုပိုပြီးနားလည်ပေးနိုင်မယ့်သူငယ်ချင်းမျိုးပေါ့။ သင်ခံစားနေရသမျှကို သူ့ကိုပြောပြရင်ဖွင့်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ဆော့ကစားတာမျိုးလုပ်ပါ။ ဒါမှမဟုတ် သင့်ရဲ့ပျော်ရွှင်ခဲ့တဲ့အတိတ်ကို ပြန်ပြီး အမှတ်ရစေမယ့် ဓာတ်ပုံတွေ၊ သင့်ကိုချစ်ခင်ပြီး သင်ကချစ်ခင်တဲ့သူတွေနဲ့အတူရိုက်ခဲ့တဲ့ ပျော်ရွှင်စရာဗီဒီယိုလေးတွေဖြစ်ဖြစ် ပြန်လည်ကြည့်ရှုရင်း သင့်ရဲ့ပျော်ရွှင်စရာခံစားချက်တွေကို ပြန်လည်ခံစားလိုက်ပါ။ အဲဒါဆို သင်အထီးကျန်နေသလိုခံစားနေရတာတွေ၊ ပျင်းနေတာတွေ၊ စိတ်ဓာတ်ကျနေသလို ခံစားနေရတာတွေ ပြေပျောက်သွားပါလိမ့်မယ်။
- သင်တစ်ခုခုကို စိုးရိမ်ပူပန်နေမိတယ်၊ သောကရောက်နေမိတယ်ဆိုရင် အဲဒီ့အချိန်မျိုးမှာ အစားတစ်ခုခုစားဖို့ စဉ်းစားနေမိသလား။ သင့်ရဲ့အကြိုက်ဆုံး မြူးကြွတဲ့သီချင်းကို ခပ်ကျယ်ကျယ်ဖွင့်လိုက်တာမျိုး၊ သံစဉ်နဲ့အတူလိုက်ကလိုက်တာမျိုး၊ လုပ်ကြည့်လိုက်ပါ။
- သင်အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုရင် ရေနွေးကြမ်းတစ်ခွက်သောက်လိုက်တာမျိုး၊
- ရေချိုးပစ်လိုက်တာမျိုး၊ အမွှေးနံ့ခပ်သင်းသင်းပါတဲ့ ဖယောင်းတိုင်ကို ထွန်းညှိုလိုက်တာမျိုး လုပ်ကြည့်ပါ။
- သင်ပျင်းနေတယ်လို့ ခံစားရတယ်ဆိုရင် သင်ကြိုက်တဲ့စာအုပ်တစ်အုပ်ကိုဖတ်ပါ၊ ဒါမှမဟုတ် ရုပ်ရှင်ကားကောင်းကောင်းတစ်ကားလောက် ကြည့်ပါ၊ အပြင်ထွက်လေညင်းခံတာမျိုးလုပ်ပါ၊ သင်နှစ်သက်တဲ့လှုပ်ရှားမှုတစ်ခုခုလုပ်ပါ (ဥပမာ။ ဂစ်တာတီးတာမျိုး၊ အားကစားလုပ်တာမျိုး)
အထက်ပါအချက်လေးတွေက အကြမ်းဖျင်း ဖြစ်နိုင်တဲ့အချက်လေးတွေပါ။ များသောအားဖြင့်က တစ်ယောက်တည်းဖြစ်နေချိန်တွေနဲ့ စိတ်ဖိစီးနေချိန်တွေမျိုးမှာ ထိုခံစားချက်တွေသက်သာဖို့ အစာစားဖို့တွေးမိတာမျိုးမဟုတ်လား။ အဲဒါကြောင့် တစ်ယောက်တည်းရှိနေချိန်တွေမှာ အစာစားဖို့ပဲ တွေးတောမိတယ်ဆိုရင် ကိုယ့်ကိုကိုယ်သတိပေးပါ။ ဒါမှမဟုတ်ရင်တော့ သင့်ရဲ့ခန္ဓာကိုယ်လေးက ပိန်မှလှတယ်ထင်တဲ့ ဆလင်းဘော်ဒီခေတ်မှာ တစ်နေ့တစ်ခြား အဆီတိုးပြီး ဝသထက်ဝလာပါလိမ့်မယ်နော်။ ဝလာတာနဲ့အတူ သင့်အတွက် အခြားသောရောဂါတွေလည်း တိုးလာလို့ သင့်အတွက် လုံးဝမကောင်းနိုင်ပါဘူး။
တစ်ချို့တွေကျပြန်တော့ လုံးဝဝိတ်မတက်ဘဲ စိတ်ဖိစီးမှုတွေကြောင့် အခြားသော ရောဂါတွေတိုးလာတတ်ပြန်ပါသေးတယ်။ ဗိုက်မကြာခဏဆာတယ်….စားတယ်…..ဝိတ်တော့မတက်ပေမယ့် အခြားရောဂါတွေ တသီတန်းကြီး ဖြစ်တတ်ပြန်ပါတယ်။ ဥပမာ။ ခေါင်းကိုက်တာမျိုး။ ဝသောသူကော၊ ပိန်သောသူကောကို ကြင်နာစွာဖြင့် ဒီဆောင်းပါးလေးနဲ့ သတိပေးပါရစေ။
အဲဒီတော့ ဗိုက်မကြာခဏ ဆာနေတတ်တဲ့သူဆိုရင် တစ်ခုခုကို စားဖို့အမြဲတွေးနေမိတဲ့အတွေးကို သတိထားပါ။ ဘာစားရမလဲ…..လို့ တွေးမိပြီဆိုရင် ရေတစ်ခွက် အဝသောက်လိုက်တာမျိုး၊ အသက်ကို ဝအောင်ရှုသွင်း၊ ရှုထုတ်လုပ်လိုက်တာမျိုး လုပ်ကြည့်ပါ။ အာရုံပြောင်းမယ့်အရာတစ်ခုခုပေါ့….။ ရေသောက်….ဗိုက်မှောက်.. ဆိုတဲ့စကားကို ဒီနေရာမှ ကောင်းကောင်းအသုံးချလိုက်ပါနော်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။