ဘယ်သူ့ကိုမှ မမုန်းပါနဲ့။ ဒါပေမယ့် ကိုယ့်ကို အထင်သေးခဲ့တဲ့လူတွေကိုလည်း မေ့မပစ်လိုက်ပါနဲ့။

အမုန်းတရားဟာ အင်မတန်ပူလောင်ပါတယ်။ ဒီလိုပြောလို့ မမုန်းဖူးလို့လား….လို့ မထင်လိုက်ပါနဲ့နော်။ ကိုယ်တိုင်ရင်ထဲအမုန်းတရားထည့်ဖူးလို့ ပိုသိတာပါ။ ဘယ်လိုကိစ္စမျိုးတွေမှာ လူတစ်ယောက်ကိုမုန်းသွားတတ်သလဲဆိုရင် ကိုယ့်ကိုရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ အခါခါ ထိခိုက်နာကျင်စေတဲ့အခါမျိုးမှာ မုန်းသွားတတ်ကြမယ်ထင်ပါတယ်နော်။


မရင့်ကျက်သေးတဲ့အရွယ်မှာတော့ မုန်းတီးစိတ်နဲ့ အငြိုးထားတဲ့အထိ ဖြစ်တတ်ကြမယ်ထင်ပါတယ်။ တစ်နေ့တော့ ဘယ်လိုပြန်လုပ်လိုက်မယ်ဆိုတဲ့စိတ်လည်း ရှိနိုင်တာမို့ အဲဒီ့စိတ်ကြီးကို သယ်ဆောင်ပြီး ကြီးပြင်းလာရတဲ့အခါ ကိုယ့်ရဲ့မျက်နှာမှာ အရယ်အပြုံးနည်းလာပါတယ်။ အရယ်အပြုံးနည်းလာတဲ့အခါ လွယ်လွယ်မပျော်ရွှင်နိုင်တော့ပါဘူး။
စိတ်ထဲမှာ အမုန်းတရားကို သယ်ဆောင်ထားရခြင်းဟာ ကိုယ်မုန်းနေတဲ့လူတွေကတော့ မသိပါဘဲ ကိုယ့်စိတ်ထဲမှာ ကိုယ်ကအရင်ပူလောင်နေရတာပါ။ အဲဒီ့ပူလောင်ခြင်းကို သယ်ဆောင်နေရတော့ အမြဲတမ်း ကိုယ့်စိတ်က လေးလံနေပါတယ်။ အဲဒီ့အမုန်းတရားရဲ့စက်ကွင်းကနေလည်း မလွတ်မြောက်သလိုခံစားလာရတတ်ပါတယ်။ ဘာလို့ဆို ကိုယ်မုန်းတဲ့လူကို မြင်နေရလေလေ မရှောင်နိုင်လေလေ ကိုယ့်ရင်ထဲက ဒဏ်ရာကအစကနေပြန်စလာလေလေ ကိုယ့်မှာ နေ့ရှိသရွေ့ ဒေါသပွား၊ အမုန်းဒဏ်ကိုခံနေရတာပါပဲ။

ကိုယ်မုန်းနေတယ်ဆိုတဲ့လူက သိတောင်မသိတော့သလို၊ ကိုယ့်ကို သူပြုမူခဲ့မိသမျှလည်း မှတ်လည်းမမှတ်မိ သတိလည်း မထားမိတော့ပါဘူး။ ကိုယ့်မှာသာ ပူလောင်မဆုံးဖြစ်နေတာပါ။
အဲဒါကြောင့် ကိုယ့်ရင်ထဲ အမုန်းဆိုတဲ့ မီးစကိုထည့်ပြီး ဘယ်သူ့ကိုမှ မမုန်းလိုက်ပါနဲ့နော်။ အမုန်းတရားဟာပူလောင်ပါတယ်။ ဒါပေမယ့် အမှတ်မရှိတဲ့လူအဖြစ်နဲ့လည်း ကိုယ့်ကို နာကျင်စေတဲ့လူတွေကို ထပ်မပတ်သက်လိုက်ပါနဲ့။ အဲဒီ့ထဲကမှ ကိုယ့်ကို အထင်သေးခြင်းနဲ့ နာကျင်စေခဲ့သူတွေကိုတော့ မမေ့သင့်ပါဘူး။

တကယ်တော့ ကိုယ့်ကို “ဘယ်နေရာမှာမှ အသုံးမကျဘူး၊ ဘယ်နေရာမှာမှ အောင်မြင်မှာမဟုတ်ပါဘူး….” လို့အထင်သေးဖူးတဲ့လူတွေကြုံခဲ့မှာပါ။ တချို့ဆို အထင်သေးရုံမက၊ အနိုင်ကျင့်ပြီး bully လုပ်တဲ့အဆင့်ထိတောင် ခံခဲ့ဖူးမှာပါ။ အဲဒီ့အခါမျိုးမှာ ကိုယ်ကဘာမှမတုံ့ပြန်ဘဲနေလိုက်ပါ။ အချိန်တန် ကိုယ့်ရဲ့အရည်အချင်းနဲ့သာ သက်သေပြနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဘယ်သူ့ကိုမှမမုန်းလိုက်ပါနဲ့။ အမုန်းတရားဟာ ကိုယ့်ကိုအရင်ဆုံးဒုက္ခပေးနိုင်တာမို့ ကိုယ့်ကိုယ်ကိုယ်ဒုက္ခအရောက်မခံပါနဲ့။ ဒါပေမယ့် အထင်သေးဖူးတဲ့လူတွေကိုလည်း မေ့မပစ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ဘဝခရီးလမ်းမှာ ကြိုးစားလျှောက်လှမ်းနေရင်းနဲ့ မောပန်းလာလို့၊ ခွန်အားမရှိတော့သလိုအခြေအနေမျိုး၊ လက်လျှော့ချင်လာတဲ့အခြေအနေတိုင်းမှာ ကိုယ့်ကိုအထင်သေးခဲ့တဲ့လူတွေရဲ့မျက်နှာကို မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီ့အခါမှာ ဘဝမှာ ကြိုးစားရတာ ပင်ပန်းလွန်းလို့ လဲကျအရှုံးပေးလိုက်ချင်တယ်ဆိုရင်တောင် ခွန်အားပြန်ဖြစ်လာပါလိမ့်မယ်။ ကိုယ်ဟာ သူတို့အထင်သေးထားသလို ဟုတ်ရဲ့လား။

တကယ်တော့….မဟုတ်ပါဘူး။ လူတိုင်းဟာ တန်ဖိုးတစ်ခုစီရှိပြီးသားပါ။ သင့်ကိုအထင်သေးတဲ့လူတွေထင်နေသလို သင်ဟာ အသုံးမကျတဲ့လူမဟုတ်ကြောင်းသာ တိတ်တဆိတ်ကြိုးစားရင်း ကြီးမားတဲ့အောင်မြင်မှုနဲ့ သက်သေပြလိုက်ပါနော်။
“နာကျင်မှုတွေကို ဉာဏ်ပညာအဖြစ်ပြောင်းလဲပစ်လိုက်ပါ” ဆိုတာက သင့်ကိုအထင်သေးပြီး နာကျင်စေခဲ့တဲ့လူတွေရဲ့ အထင်သေးမှုတွေကို သင်အောင်မြင်မှုဆီသွားမယ့်ခွန်အားအဖြစ်ယူပြီး ပိုကြိုးစားမယ်ဆိုတဲ့ဉာဏ်ပညာအဖြစ်ပြောင်းလဲခိုင်းတာဖြစ်ပါတယ်။
အဲဒါကြောင့် ဘယ်သူ့ကိုမှမမုန်းလိုက်ပါနဲ့။ သင်ပူလောင်ပါတယ်။ ဒါပေမယ့် သင်အားလျှော့ချင်လာတိုင်း သင့်ကို အထင်သေးခဲ့တဲ့လူတွေအကြောင်းကို ပြန်တွေးပြီး ခွန်အားအဖြစ်ယူလိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။