ဆူးခင်းလမ်းကိုလျှောက်နေတာ သင်တစ်ယောက်တည်းလား။

ဘဝဆိုတာ တိုက်ပွဲပါပဲဆိုတဲ့စာသားကို အမြဲလိုကြားဖူးနေကျဖြစ်ပေမယ့် တကယ်တမ်း ဘဝမှာ မပြည့်စုံခြင်းတွေ၊ အခက်အခဲတွေ၊ အကြပ်အတည်းတွေ ရင်ဆိုင်လာရတဲ့အခါ ဘဝဆိုတာတိုက်ပွဲပါပဲလို့ လက်မခံနိုင်လောက်အောင် ဖြစ်ဖူးကြမှာပါ။ ဘာလို့များ ဒီလောက်ခက်ခဲရတာလဲ။ ဘာလို့များ ကိုယ့်ကျမှ ကြုံရတာလဲ။ ဘာလို့များ ကိုယ့်အလှည့်ကျမှ အဆင်ပြေချောမွေ့ခြင်းတွေနဲ့ ပက်ပင်းမတိုးနိုင်ဘဲ အကြပ်အတည်းတွေဖြစ်နေရတာလဲ စတဲ့အတွေးတွေက သင့်ခံစားချက်တွေကို ပိုဆိုးစေနိုင်ပါတယ်။ တကယ်တော့ လူတိုင်းက ခက်ခဲကြမ်းတမ်းတဲ့ဘဝခရီးလမ်းကို လျှောက်လှမ်းနေကြတဲ့သူတွေချည်းပါပဲ။


သူနည်းသူဟန်နဲ့တော့ ခက်ခဲကြတာချည်းပါပဲ။ လူတိုင်းက အနည်းနဲ့အများဆိုသလို သူတို့ရဲ့ဘဝတိုက်ပွဲကိုတော့ ဆင်နွှဲနေကြရပါတယ်။ ဒါပေမယ့် လူတိုင်းကလည်း သူတို့တိုက်နေရတဲ့တိုက်ပွဲမှသာ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်လို့လည်း ထင်မြင်နေတတ်ကြတာချည်းပါပဲ။ စီးစရာဖိနပ်မရှိတဲ့အခါ ကိုယ့်ဘဝက အင်မတန်ဆိုးဝါးလှပါတယ်လို့ခံစားနေရတဲ့လူတစ်ယောက်က လမ်းလျှောက်စရာ ခြေထောက်နှစ်ဖက်လုံးမရှိရှာတဲ့သူကိုတွေ့မှပဲ “အော်…ငါ့ထက်ဆိုးတဲ့ဘဝတွေရှိပါသေးလား” လို့တွေးမိတတ်ကြတာချည်းပါ။ အဲဒါကြောင့် ခုနေများ သင့်ဘဝက ဆိုးဝါးလှတယ်လို့ခံစားနေရရင် သင့်ထက်ဆိုးတဲ့ဘဝကို သင်မြင်ယောင်ကြည့်လိုက်ပါ။

ဒီလောကမှ ရှင်သန်နေရတာ သင်ဘယ်လောက်ကံကောင်းနေသေးသလဲဆိုတာ သင်သိရှိခံစားလာမိပါလိမ့်မယ်။ တကယ်တော့ ဘဝဆိုတာ လူတိုင်းနီးပါး ငိုခြင်းနဲ့အစပြုလို့ သေခြင်းနဲ့ချည်း အဆုံးသတ်ကြရတာမို့ စိတ်ဆင်းရဲစရာ၊ ငိုစရာတွေ၊ ဝမ်းနည်းစရာတွေဖြစ်လာရတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ထိုစိတ်ဆင်းစရာတွေထဲကနေမှ ဘယ်လိုများ ဘဝကို ရှင်သန်မလဲဆိုတာကသာ စိတ်ဝင်စားစရာကောင်းတာပါ။ အဲဒါအပြင် ထိုရလိုက်တဲ့ခဏ ဘဝရဲ့အချိန်ခဏတဖြုတ်လေးမှာ ဘယ်လိုမျိုး တန်ဖိုးရှိစွာ အသုံးချပြီး ရှင်သန်မလဲဆိုတာက ပိုပြီး စိတ်ဝင်စားစရာကောင်းလှပါတယ်။
အဲဒါကြောင့် သင့်ဘဝမှာ စိတ်ဆင်းရဲစရာတွေနဲ့ အဆင်မပြေခြင်းတွေကြုံလာရတဲ့အခါ “ကိုယ်ဒီလိုစိတ်ညစ်နေချိန်မှာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ အခြားသူတွေလည်း စိတ်ညစ်ခဲ့ဖူးမှာပဲ၊ အခြားသူတွေလည်း စိတ်ညစ်နေမှာပဲ။ ဒါပေမယ့် သူတို့ဘယ်လိုများဖြေရှင်းလိုက်ကြသလဲ၊ ဘယ်လိုများကျော်ဖြတ်လိုက်ကြသလဲ၊ ဘယ်လိုများ စိတ်ဆင်းရဲစရာတွေကို ကျော်လွှားလိုက်ကြသလဲ၊ ဘယ်လိုများ စိတ်ညစ်စရာတွေကို အနိုင်ယူလိုက်သလဲ” လို့တွေးကြည့်လိုက်ပါ။ သင့်ဘဝမှာ အမှောင်ဖုံးနေတယ်လို့ ခံစားနေရရင် ထိုအမှောင်ထဲမှာ လင်းလက်လာအောင် ဘာလုပ်သင့်သလဲလို့တွေးလိုက်တာက သင့်စိတ်ညစ်နေတဲ့အရာတွေအပေါ်အာရုံစိုက်မိနေတာကို သက်သာစေပါတယ်။ အဲဒါအပြင် ဘယ်လိုစိတ်ညစ်စရာတွေထဲက ရုန်းထွက်မလဲလို့တွေးပြီး ကြိုးစားမိခြင်းက သင့်ကို စိတ်ဆင်းရဲစရာ၊ အကြပ်အတည်းတွေထဲက ရုန်းထွက်ဖို့လမ်းစလည်းဖြစ်ပါတယ်။ တဖြေးဖြေးသင့်ဘဝရဲ့ အလင်းရောင်ကိုသင်ရှာတွေ့လာပါလိမ့်မယ်။

တကယ်တော့ ဆူးခင်းလမ်းကိုလျှောက်နေရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူးနော်။ ကိုယ့်လိုပဲ ဆူးခင်းလမ်းမှာ အတူလျှောက်နေတဲ့လူတွေချင်းအတူတူ တချို့ကတော့ ဆူးခင်းလမ်းကနေ ဇွဲမလျှော့ဘဲ ဆူးတွေမရှိတဲ့နေရာတစ်ခုထိ ရောက်အောင် ဆက်လျှောက်သွားကြပါလိမ့်မယ်။ တချို့ကတော့ ဆူးခင်းလမ်းဖြစ်နေတဲ့အတွက်ကြောင့် စိတ်ပျက်လက်ပျက်နဲ့ အရှုံးပေးလိုက်ကြပါလိမ့်မယ်။ တချို့ကတော့ ထိုဆူးခင်းလမ်းကို လျှောက်နိုင်မယ့် အသက်သာဆုံးနည်းလမ်းကိုတွေးပြီး ကျော်ဖြတ်နိုင်အောင်ကြိုးစားပါလိမ့်မယ်။ သင်ကကော ဘယ်လူမျိုးထဲမှာ ပါဝင်ပါသလဲ။ လက်လျှော့အရှုံးပေးမယ့်လူမျိုးလား၊ နာကျင်မှုပြီးဆုံးမယ့်အချိန်ထိ အားတင်းဆက်လျှောက်မယ့်လူမျိုးလား။ ဆက်လျှောက်ဖို့ အသက်သာဆုံးနည်းလမ်းကို ရှာပြီး ဆက်လျှောက်မယ့်လူမျိုးလား။

ဘဝဆိုတာ တိုက်ပွဲမို့ ဘယ်သူမဆို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ အခက်အခဲ၊ အကြပ်အတည်းကိုရင်ဆိုင်ရမှာပါပဲ။ ဘဝရဲ့အခက်အခဲကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး ဆက်လျှောက်မလဲဆိုတာကိုသာ စဉ်းစားပြီး ဘဝကို အသက်ဆက်ရမှာဖြစ်ပါတယ်။ စာရေးဆရာမ Toni Morrison ပြောတဲ့စကားလိုပေါ့ "လေဟုန်စီးချင်တယ်ဆိုရင်တော့ လေနဲ့အလိုက်သင့်မျောပါနိုင်ရမှာပေါ့” ထိုသဘောပါပဲ။ ဘဝဆိုတာ နာကျင်မှုနဲ့အသားကျနေဖို့လိုပါတယ်။ အဲဒါမှ နောက်ထပ်သော နာကျင်မှုတွေကိုခံနိုင်ရည်ရှိမှာပေါ့။ ဘဝကိုဆက်လက်ရှင်သန်ချင်တယ်ဆိုရင် ဘဝရဲ့နာကျင်မှုနဲ့အသားကျအောင် ကြိုးစားရမှာပါပဲ။ နာကျင်မှုနဲ့အသားကျသွားတဲ့အခါ ဘယ်လောက်ဆိုးဝါးတဲ့နာကျင်မှုမဆို ခံနိုင်ရည်ရှိလာမှာဖြစ်ပါတယ်။ အဲဒါမှ ဘဝကို အရှုံးမပေးဘဲ ဆက်လျှောက်နိုင်မှာဖြစ်ပါတယ်။ “ဘာတွေဖြစ်ပျက်လာမလဲ…ဆိုတာကို ကျွန်တော်တို့မရွေးချယ်နိုင်ပေမယ့် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ရွေးချယ်နိုင်ပါတယ်” Stephen Covey ပြောတဲ့စကားလိုပေါ့။ ဘဝမှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာ ကျွန်တော်တို့မရွေးချယ်နိုင်ပါဘူး။ အဲဒါကို အာရုံစိုက်နေရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို အာရုံမရတော့ဘဲဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့်ဘဝမှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာထက် ဖြစ်ပျက်လာသမျှကို ဘယ်လိုတုံ့ပြန်မလဲဆိုတာက ပိုပြီးအရေးကြီးပါတယ်။

ခက်ခဲတဲ့ဘဝကို ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ဆုံးဖြတ်ရွေးချယ်ပြီး ဘဝခရီးလမ်းကိုဆက်လျှောက်နေရမှာပဲဖြစ်ပါတယ်။ အဲဒီ့အတွက် ဆူးခင်းလမ်းကိုလျှောက်နေတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင်နဲ့အတူဆူးခင်းလမ်းကိုလျှောက်နေသူတွေအများကြီးပါ။ အသက်ခန္ဓာတည်မြဲနေခြင်းကပဲ သင့်အတွက် အကောင်းဆုံးဆုလဒ်ပါပဲ။ အသက်ရှင်နေသရွှေ့ အခက်အခဲတွေကို ပြေလည်အောင်ကြိုးစားနိုင်ပါသေးတယ်၊ ဆူးခင်းလမ်းကနေ လွန်မြောက်ပြီး ဖြောင့်ဖြူးတဲ့လမ်းကို ထပ်ရောက်အောင် ကြိုးစားနိုင်ပါသေးတယ်လို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။