အရှိအတိုင်းလက်ခံတတ်အောင်ကြိုးစားပါ၊ ဒါမှမဟုတ် လွှတ်ချလိုက်ပါ။ အဲဒါသည်လည်း သင့်ကိုသင်ငဲ့ညှာခြင်းတစ်မျိုးပါပဲ။

အရှိအတိုင်းလက်ခံတတ်ခြင်းဟာ ပြောတော့သာလွယ်တာပါ၊ တချို့အခြေအနေတွေကျတော့ ကိုယ့်ရဲ့ပင်ကိုယ်စိတ်ထဲမှာအစ လက်ခံတတ်ဖို့ အတော်ကြိုးစားယူရပါတယ်။ ဒါပေမယ့်လည်း အရှိအတိုင်းလက်မခံနိုင်ပြန်ရင် မရနိုင်တာကြီးကိုမျှော်လင့်ရင်း နာကျင်ရသူက ကိုယ်ဖြစ်နေတတ်ပြန်ပါတယ်။


ကိုယ့်မှာ ဘဝကပေးသလောက်ရထားတဲ့အခြေအနေကို အရှိအတိုင်းလက်မခံခြင်းကနေ စလို့ အခြားလူတစ်ယောက်ယောက်ကိုလည်း သူ့ရဲ့အကျင့်စရိုက်ပင်ကိုယ်ဗီဇကအစ အရှိအတိုင်းလက်မခံနိုင်ခြင်းအဆုံး တစ်ခုမှ စိတ်မချမ်းသာစေပါဘူး။
ဥပမာ။ သင်က အသားမည်းတယ်၊ အရမ်းဝတယ်ဆိုပါတော့။ အဲဒါကို သင်က လက်မခံနိုင်ဘူး၊ ဒါပေမယ့် အဲဒီ့အရာတွေက သင့်မှာတကယ်ဖြစ်ပျက်နေတာပါပဲ။ အဲဒီ့အခါ သင့်ရဲ့အသားအရည်ကို ဒီထက်ပိုလှချင်မယ်၊ ပိုဖြုချင်မယ်၊ သင့်ကိုယ်သင်မလှဘူးလို့ထင်မယ်၊ စသဖြင့် စိတ်ခံစားချက်တွေနဲ့အတူ သင့်ကိုယ်သင် လက်မခံနိုင်တဲ့အတွက် အလိုမကျခြင်းတွေနဲ့အတူ စိတ်ဖိစီးမှု၊ စိတ်မချမ်းသာခြင်းကို သင်အချိန်ပြည့်ခံစားနေရပြီး စိတ်ဆင်းရဲရပါတော့မယ်။ ဒါက သင့်ကိုယ်သင်လက်မခံနိုင်ခြင်းကနေ စတင်တာဖြစ်ပါတယ်။
အလားတူပါပဲ။ သင်က အခြား လူတစ်ယောက်ကို အရှိအတိုင်းလက်မခံနိုင်တဲ့အခါမှာလည်း အလားတူခံစားချက်မျိုးခံစားရနိုင်ပါတယ်။ ဥပမာ၊ သင်က သင့်ချစ်သူကို ဒီထက်ပိုတော်စေချင်တယ်၊ ဒီထက်စိတ်ဓာတ်ပြတ်သားစေချင်တယ်၊ ဒီထက် မအားနာတတ်စေချင်ဘူးဆိုပေမယ့် သင့်ချစ်သူက သင်ဖြစ်စေချင်သလို မဖြစ်ဘူးဆိုရင်လည်း သူ့အပေါ် အားမလိုအားမရဖြစ်လာရမှာပါပဲ။ အဲဒီ့ကနေ သင်ပြုပြင်စေချင်သလို သူကမပြုပြင်ဘူးဆိုတဲ့အခါ သင့်စိတ်ထဲ အလိုမကျမှုကို ခံစားရမှာပါပဲ။
အဲဒါကလည်း သင့်ချစ်သူကို အရှိအတိုင်းလက်မခံနိုင်ခြင်းကြောင့် ဖြစ်လာတာပါပဲ။
အဲဒါကြောင့် အချို့သော နေရာတွေမှာ အရှိအတိုင်းလက်ခံတတ်ဖို့လိုပါတယ်။ အရှိအတိုင်းလက်မခံနိုင်တဲ့အခါ ကိုယ့်စိတ်ထဲမှာ အလိုမကျခြင်းတွေကြီးစိုးလာပြီး ကိုယ်ပဲစိတ်မချမ်းမသာဖြစ်ရတတ်ပါတယ်။ တခါတလေကျတော့ အချို့နေရာတွေမှာ အရှိအတိုင်းလက်ခံဖို့ရာမဖြစ်နိုင်တဲ့အခြေအနေမျိုးတွေရှိပါတယ်။ ဥပမာ၊ ကိုယ့်က အချိန်ဆွဲတတ်တဲ့အကျင့်ရှိတာကို ကိုယ့်ကိုယ်ကိုယ်သိတယ်၊ အဲဒါကို ပြုပြင်ရမှာကိုသိရက်နဲ့ အရှိအတိုင်းလက်ခံလိုက်မယ်ဆိုရင် ကိုယ့်ဘဝတိုးတက်မှုမှာ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ အဲဒီ့အရာမျိုးကတော့ ကိုယ့်ဟာကိုယ်မဖြဖစ်မနေပြုပြင်ဖို့ကြိုးစားသင့်တာပါ။ သင့်ချစ်သူက ဆေးသမားတစ်ယောက်ဖြစ်နေတယ်ဆိုပါတော့ သင်တို့လက်မထပ်ရသေးဘူးဆိုရင် သူ့ကိုချစ်လွန်းလို့ အရှိအတိုင်းလက်ခံလိုက်မယ်လို့ တွေးလို့မဖြစ်နိုင်ပါဘူး။ သင့်ဘဝပါ အများကြီးထိခိုက်နိုင်ပါတယ်။ အဲဒီ့အတွက် အဲဒီလိုချစ်သူမျိုးကို သင်စွန့်ခွာလိုက်မှဖြစ်မှာပါ။
အလားတူ ကိစ္စမျိုးတွေ အထူးသဖြင့် ကိုယ့်ဘဝကို ကြီးမားစွာထိခိုက်စေမယ့်ကိစ္စမျိုးတွေကတော့ အရှိအတိုင်းလက်ခံလို့မရတဲ့အခါ စွန့်လွှတ်လိုက်သင့်ပါတယ်။ အရှိအတိုင်းလက်ခံသင့်တာကိုလက်ခံပြီး ရှေ့ဆက်ပါ၊ အရှိအတိုင်းလက်ခံလို့မရနိုင်တာမျိုးဆိုရင်တော့ လက်လွှတ်လိုက်တာအကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ အရှိအတိုင်းလည်း လက်မခံနိုင်၊ အချိန်ကာလတစ်ခုရောက်လာလေလေ စွန့်လွှတ်ဖို့လည်း ခက်ခဲလာပြီး သင်ပဲ စိတ်ထိခိုက်ရလေလေဖြစ်လာနိုင်ပါတယ်။
အဲဒါကြောင့် ဘဝရဲ့အချို့သောအရာတွေကို အရှိအတိုင်းလက်ခံတတ်ဖို့လိုပြီး အချို့သောအရာတွေကိုတော့ အရှိအတိုင်းလက်ခံမရတဲ့အခါ စွန့်လွှတ်လိုက်ခြင်းကသာ သင့်ကိုယ်သင်ငဲ့ညှာခြင်းဖြစ်ပါတယ်လို့ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။