အသက်၃၀မတိုင်မီ ပြုပြင်သင့်သော ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကျင့်ဆိုး ၁၀ ခု

သင်က အသက်၂၀ကျော် ၃၀ကြားဆိုရင် ကိုယ့်ဘဝအတွက် ကိုယ့်ဟာကိုယ်စီမံပြီး လျှောက်လှမ်းဖို့ ကြိုးစားရတော့မှာပါ။ ထိုကဲ့သို့ တစ်ယောက်ထဲအရာရာအကောင်းဆုံးဖြစ်အောင် စီမံပြီး ဆုံးဖြတ်ရတဲ့အခါ နေ့ရက်တိုင်းက စိတ်လှုပ်ရှားစရာဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့နေ့စဉ်ဘဝမှာ ကြိုတင်စီစဉ်ထားမှုမရှိဘဲ၊ အကြံပေးချက်တွေမပါဘဲ ကိုယ့်ဟာကိုယ်ရှင်သန်ရတော့မှာမို့ပါ။ ထိုအခြေအနေနဲ့အသားမကျခင်မှာလည်း ပြဿနာလေးတွေရှိနိုင်သလို၊ ကျန်းမာရေးအတွက်လည်း အဆင်မပြေနိုင်တဲ့အလေ့အကျင့်လေးတွေရှိနေမှာမို့ သင့်ကိုသင်ပြန်လည်ပြုပြင်သင့်တဲ့အချက်တွေရှိပါတယ်။ အဲဒါကြောင့် သင့်ရဲ့နေ့စဉ်ဘဝမှာ ကျန်းမာပြီး ပိုစိတ်ချမ်းသာစရာကောင်းတဲ့ဘဝဖြစ်စေဖို့ အသက်၃၀မတိုင်မီမှာ အောက်ပါအကျင့်ဆိုးတွေကို ပြုပြင်လိုက်ပါတော့နော်။


၁) အသင့်စားအစားအစာတွေစားခြင်း
အာလူးကြော်တွေက အပျော်တမ်းစားရတာ အရမ်းအရသာရှိပါတယ်။ ဒါပေမယ့် အသင့်စားအစားအစာတွေက အာဟာရနဲ့မပြည့်ဝပါဘူး။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေနဲ့ နှလုံးရောဂါကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အသင့်စားအစားအစာတွေက အရသာရှိတာမှန်ပေမယ့် ကျန်းမာရေးနဲ့အဆင်မပြေနိုင်တဲ့အတွက် အသင့်စားအစားအစာတွေစားတတ်တဲ့အကျင့်ကိုဖျောက်ပစ်ပါ။
၂) မိတ်ကပ်မဖျက်ဘဲ အိပ်ရာဝင်ခြင်း
သင့်အလုပ်ကနေ အိမ်ပြန်ရောက်လို့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားပြီး သင့်မျက်နှာကို ဆေးကြောဖို့က မေ့လွယ်ပါတယ်။ ဒါပေမယ့် သင့်အရေပြားကို ဂရုစိုက်ဖို့အရေးကြီးပါတယ်။ အထူးသဖြင့် မိတ်ကပ်တွေလိမ်းထားတယ်ဆိုရင်ပေါ့။ သင့်ရဲ့အရေပြားကိုဂရုမစိုက်ခြင်းက အမဲစက်တွေထွက်လာစေနိုင်ပြီး အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကိုဖြစ်လွယ်စေပါတယ်။ ဝက်ခြံတွေနဲ့ မဲ့ခြောက်တွေဖုံးကွယ်ဖို့ မိတ်ကပ်ကိုတခါတရံအသုံးပြုတတ်ပါတယ်။ ဒါပေမယ့် အဲဒါက ခဏတဖြုတ်ဖုံးကွယ်နိုင်ရုံသာရှိတာပါ။ မိတ်ကပ်ကိုမဖျက်ဘဲ အိပ်ရာဝင်ခြင်းက သင့်အရေပြားကို ပိုတောင်ဆိုးရွားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါသေးတယ်။ အဲဒါကြောင့် အိပ်ရာဝင်ခါနီး မိတ်ကပ်ဖျက်တဲ့ ရိုးရှင်းတဲ့အကျင့်လေးကို လုပ်ပေးခြင်းက ရေရှည်မှာအကျိုးများစေပါတယ်။ဓာတုပစ္စည်းကိုရှောင်ရှားပြီး ရှားစောင်းလတ်ပတ်လိုမျိုး သဘာဝပစ္စည်းကို သုံးပြီး သင့်မျက်နှာကို ဆေးကြောခြင်းက ပိုကောင်းပါတယ်။
၃) မနက်စာမစားခြင်း
မနက်စာ၊ နေ့လည်စာမစားတာမျိုး၊ ညစာမစားတာမျိုး လုပ်ပြီး အလွယ်ရှိတာစားလိုက်တာမျိုးက လုပ်ရတာလွယ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ဆာလောင်မှုကြောင့် အာရုံစိုက်ရတာပိုခက်ခဲနိုင်ပြီး သင့်စွမ်းအင်တွေလည်း ကုန်လွယ်စေပါတယ်။ များသောအားဖြင့် အသက်၂၀နဲ့ ၃၀ကြားအရွယ်တွေက မနက်စာကို မစားဘဲ နေဖြစ်ကြတာများပါတယ်။
မနက်စာကိုမစားဘဲ နေခြင်းက တစ်နေ့လုံး ခွန်အားတွေဆုတ်ယုတ်စေနိုင်ပါတယ်။
၄) ညစာကို နောက်ကျမှစားခြင်း
ခန္ဓာကိုယ်က အစာခြေဖို့ အချိန်လိုပါတယ်။ ညစာကိုသင်ကနောက်ကျမှ စားလိုက်တဲ့အခါ အိပ်ရာဝင်ချိန်နဲ့နီးသွားပါတယ်။ သင့်အစာအိမ်က အစာခြေဖို့အချိန်လုံလောက်စွာမရနိုင်ပါဘူး။ သင့်ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ဖျက်စီးပစ်လိုက်တာနဲ့တူပါတယ်။ ညစာကိုနောက်ကျမှစားခြင်းက သင့်ရဲ့သွေးထဲမှာ အဆီတွေစုပုံလာစေပါတယ်။ အဲဒါက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၅) သင့်ရဲ့သွားတွေကို လျစ်လျူရှုထားမိနေခြင်း
တစ်နေ့မှာ အစာသုံးကြိမ်စားတဲ့အတွက် အစာစားပြီးတိုင်း ကျွန်တော်တို့သွားတိုက်သင့်ပါတယ်။ သင့်ရဲ့သွားကျန်းမာရေးကို ဂရုမစိုက်ခြင်းက အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်နိုင်ပြီး သွားတွေဝါကြင်စေနိုင်ပါတယ်။ ရေရှည်ဆိုရင် သွားနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်ပေါ်စေနိုင်ပါတယ်။
၆) တစ်ညမှ အိပ်ချိန်အနည်းငယ်သာအိပ်ခြင်း
လုပ်စရာအလုပ်တွေအများကြီးရှိနေတဲ့အခါ အိပ်စက်ခြင်းက အချိန်ဖြုန်းခြင်းကဲ့သို့ ခံစားရတတ်ပါတယ်။ ညဘက်အိပ်စက်ချိန်နည်းနည်းပဲယူပြီး မနက်ခင်းကျမှ ကော်ဖီသောက်ရင် လန်းဆန်းတယ်လို့ထင်တတ်ကြပါတယ်။ အမှန်ကတော့ အိပ်စက်ချိန်နည်းပါးခြင်းက သင့်ရဲ့ဦးနှောက်၊ ခန္ဓာကိုယ်ခုခံစနစ်၊ ဟော်မုန်းပမာဏ၊ စိတ်ခံစားမှုကို ထိခိုက်စေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။တစ်နေ့မှာ ငါးနာရီအိပ်စက်ခြင်းက လုံလောက်ပြီလို့ထင်နေကြပေမယ့် တကယ်တော့ အိပ်စက်ချိန် အနည်းဆုံး ၇နာရီခန့်အိပ်စက်သင့်ပါတယ်။
၇) စိတ်ဖိစီးမှုကို လျစ်လျူခြင်း
စိတ်ဖိစီးမှုကြောင့် သင့်ကိုပိုပြီး အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အဲဒါက ငယ်ရွယ်ချိန်မှာကတည်းက စိတ်ဖိစီးမှုကို လျော့ကျဖို့နေထိုင်ခြင်းနဲ့လည်း ဆက်စပ်ပါတယ်။ သင်အရွယ်ရောက်ချိန်မှာ ဘဝရဲ့စိန်ခေါ်မှုတွေအတွက် ပိုပြီးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ဥပမာအနေနဲ့ စာမေးပွဲဖြေရမယ်ဆိုပါတော့ စိတ်ဖိစီးမှုများနေတဲ့အချိန်ပါပဲ။ သင့်ရဲ့စိတ်ဖိစီးမှုကို စီမံနိုင်မယ့်နည်းလမ်းကို တွေးသင့်ပါတယ်။ သင့်ကိုစိတ်ပြေလျော့စေမယ့် လုပ်ဆောင်ချက်တွေက သင့်စိတ်ဖိစီးမှုကို ပြေလျော့ဖို့ကူညီနိုင်ပါတယ်။ ယောဂကျင့်ခြင်း ဒါမှမဟုတ် သင့်ရဲ့စိတ်ကိုအေးချမ်းစေတဲ့ဘယ်လိုအရာမဆိုပေါ့။
၈) အစားမစားဘဲ အရက်သောက်ခြင်း
အရက်သောက်ခြင်းက ကယ်လိုရီကိုမြင့်များစေနိုင်ပါတယ်။ ဘီယာတစ်ခွက်မှာ ၁၅၃ကယ်လိုရီနီးပါး ရှိပါတယ်။ အလွန်အကျွံ့သောက်မယ်ဆိုရင်တော့ ၄၉၀ကယ်လိုရီခန့်ဖြစ်နိုင်ပါတယ်။ အစာစားဖို့လည်း မေ့လျော့စေနိုင်ပါတယ်။ အရက်သောက်ပြီး ပြည့်အင့်နေသလိုခံစားခြင်းက သင့်ကိုအာဟာမဖြစ်စေနိုင်ပါဘူး။
၉) သင့်အတွက်မကောင်းတဲ့သူများကို သင့်ဘဝထဲက မထုတ်ပစ်ခြင်း
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကို တနည်းမဟုတ်တနည်းနဲ့အားပေးတတ်တဲ့သူတွေနဲ့ဝန်းရံထားတာက ကျွန်တော်တို့အတွက်အကောင်းဆုံးပါပဲ။ ဒါပေမယ့် အမြဲတမ်းတော့ အဲလိုဘယ်ဖြစ်နိုင်ပါ့မလဲနော်။ ဆက်ဆံရေးတစ်ခုကိုဖြတ်တောက်ပစ်ဖို့က မလွယ်ပါဘူး။ ရေရှည်လက်တွဲလာတာမျိုး ဒါမှမဟုတ် သူငယ်ချင်းဖြစ်လာတာမျိုးဆိုရင်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဘဝအတွက် ကောင်းမွန်တဲ့သူမျိုးကိုရွေးချယ်ဖို့က ကျွန်တော်တို့ဘဝအတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့အတွက် အဆိပ်အတောက်ဖြစ်စေတဲ့သူမျိုးဆိုရင်တော့ ကျွန်တော့်တို့ဘဝထဲက ထုတ်ပစ်သင့်ပါတယ်။ အဆိပ်အတောက်လိုလူမျိုးတွေက သင့်ဘဝရှေ့ဆက်မရအောင် အောက်ကိုဆွဲချသွားနိုင်တာမို့ပါ။ နာကျင်စရာမှန်သမျှကို ထားခဲ့လိုက်ပြီး သင့်ဘဝရှေ့ဆက်ပို လှပအောင်၊ ပိုကျန်းမာပြည့်စုံအောင် ဖန်တီးနိုင်ဖို့လိုပါတယ်။
၁၀) ထောက်ခံချက်ရှာဖွေခြင်း
ကျွန်တော်တို့ကို တန်ဖိုးရှိတယ်လို့သတ်မှတ်တာကို လိုချင်တယ်၊ ဒါပေမယ့် တခါတရံမှာ ထိုကဲ့သို့ ထောက်ခံမှုကိုလိုချင်နေခြင်းက မှားယွင်းတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်လာနိုင်ပါတယ်။ တခါတလေမှာ ကိုယ်ဘာလုပ်ချင်တာလဲ၊ကိုယ်ဘာဖြစ်ချင်တာလဲသိပြီး ကိုယ်တိုင်ကြိုးစားဖို့လိုပါတယ်။ သင့်ပတ်ဝန်းကျင်ကလူတွေရဲ့ထောက်ခံမှုအားပေးမှုကိုစောင့်နေစရာမလိုပါဘူး။ ပြောချင်တာက အခြားသူတွေထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းကိုသွားဖို့ပါ။ လူများများအားပေး၊ ထောက်ခံတဲ့လမ်းကြောင်းထက် ကိုယ်ချစ်တဲ့၊ ကိုယ်တကယ်ဖြစ်ချင်တဲ့လမ်းကြောင်းကို လျှောက်တဲ့အကျင့်ကိုလုပ်ပါ။ သူများထောက်ခံချက်ကို မျှော်လင့်တဲ့အကျင့်ကိုဖျောက်ပစ်လိုက်ပါလို့။
သင်ကငယ်ရွယ်ပြီး သန်မာသေးတယ်လို့ခံစားရတဲ့အတွက် အထက်ပါအချက်တွေကို ပြုပြင်ဖို့ စောပါသေးတယ်လို့ ထင်နေပါလိမ့်မယ်။ ဒါပေမယ့် သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် စောတယ်၊ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ သင့်အသက် ၂၀ကျော်၊ ၃၀မတိုင်မီ ကြားကာလတွေကတည်းက သင့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးဝါးတဲ့အကျင့်တွေကို ပြုပြင်ထားမှသာ သင့်ရဲ့အသက် ၃၀ကာလကျန်းမာရေးကို စိတ်ချနိုင်မှာပါနော်။
https://blysee.com/2018/03/10-habits-to-break-in-your-20s/ လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။